တနင်္သာရီတိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော် ထပ်တိုးလာ

0
201

တနင်္သာရီတိုင်းဒေသကြီး၊ ပုလော၊ တနင်္သာရီနဲ့ထားဝယ်မြို့နယ်တို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

စစ်ကောင်စီဟာ တနင်္သာရီတိုင်ဒေသကြီး ပုလောနဲ့တနင်္သာရီမြို့နယ်တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အဲဒီမြို့နယ် ၂ မြို့နယ်အပါအဝင် ထားဝယ်မြို့နယ်တို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပုလော၊တနင်္သာရီနဲ့ ထားဝယ်မြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲ အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားထားသလို အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေနဲ့ နီးစပ်ရာတောတောင်ကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ စာရင်းတွေအရ နှစ်ဖက်တိုက်ပွဲကြောင့် ပုလောမြို့နယ်က စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၅၀၀၀ နီးပါး၊ ထားဝယ်မြို့နယ်မှာ စစ်ရှောင်ပြည်သူ ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ အရေအတွက် များလာတာကြောင့် နေရာထိုင်ခင်း၊ အမိုးအကာ၊ စောင်ခြင်ထောင်နဲ့ စားနှပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တဖက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီဘက်က ဆေးဝါးနဲ့ စားနှပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတာ၊ လမ်းတွေကို ပိတ်ဆို့ထားတာကြောင့် စစ်ရှောင်ပြည်သူတွေ အကူအညီရဖို့ အလှမ်းဝေးနေတာပါ။

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် ၇၀၀၀ ကျော်ရှိတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here