ပုလောမြို့နယ် ကဒဲရွာမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၆၀ ကျော်အထိ ရှိလာ

0
337

အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာမှာ မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၁၆၅ လုံးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း (၁) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကဒဲကျေးရွာထဲကို တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကဒဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ကဒဲရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ တပ်စွဲနေထိုင်ပြီး ဒေသခံနေအိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း တစ်ကျောင်းအပါအဝင် နေအိမ် ၁၆၅ လုံး မီးလောင်ပျက်စီးခဲ့တာပါ။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကဒဲကျေးရွာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ ကဒဲရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းတွေ လုပ်ဆောင်နေတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

ကဒဲရွာတိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစခန်းတစ်ခု လက်လွှတ်ခဲ့ရပြီး ကား ၃ စီးအပါအဝင် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းခံလိုက်ရတာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဇန်နဝါရီလကုန်အထိ နေအိမ် ၂၂၉ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here