အာဏာသိမ်းစစ်တပ်၊ BGF ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့အကြား တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့ဖက်မှ ၃၂ဦး ကျဆုံးပြီး ၈ဦးဒဏ်ရာရရှိသွားကြောင်း KNU ဒူပလာယာခရိုင်ထုတ်ပြန်

0
242

ဇွန်လ ၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ယနေ့ ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ခွဲထွက် (DKBA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်(BGF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃၂ ဦး ကျဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဒူပလာယာ ခရိုင်၏ လူမှုစာမျက်နှာတွင် ဖော်ပြ ထားသည်။

ယနေ့ည ၈ နာရီအချိန် ဆက်သွယ်ချက်အရ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင် မှ သေဆုံးသူ ၃၂ ဦးတွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ၂၉ ဦးပါဝင်ပြီး BGF မှ ၃ ဦးဖြစ်ကြောင်း ရှေ့တန်းစစ်မြေပြင်ရောက် သတင်းများအရ သိရသည်ဟု ဒူပလာခရိုင်မှ ဖော်ပြထားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ယနေ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီပူးပေါင်း တပ်နှင့် ခွဲထွက်(DKBA)တပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၎င်း တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ၄၀၀ ကျော် ဘေးလွှတ်ရာထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

ယနေ့ တိုက်ပွဲမဖြစ်ပွားခင် ယမနေ့က စစ်ကောင်စီဘက်မှ စစ်ကား ၁၁ စီးဖြင့် တက်သွားကြောင်း ဒေသခံ မျက်မြင် သက်သေများကဆိုပြီး ယနေ့တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီဘက်မှ သတ်မှတ်နယ်မြေကို ကျော်လာခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ခွဲထွက် DKBA ကို ဦးဆောင်သည့် ဗိုလ်ချုပ် ကျော်သက် က ဆိုသည်။

ယနေ့တိုက်ပွဲကို ခွဲထွက် (DKBA) ဘက်မှ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်ပြီး အခြား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်၍ စစ်ကောင်စီဘက်တွင်မူ မြဝတီမြို့နယ် နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူ နယ်ခြားစောင့်တပ်(BGF)မှ ၁၀၂၂ တပ်ရင်းမှ ပါဝင်အားဖြည့်၍ ဖြစ်ပွားနေခြင်းဖြစ်သည်။

အလားတူ နယ်ခြားစောင့်တပ်(BGF) ၁၀၂၂ တပ်ရင်းဘက်မှ တပ်ဖွဲ့ဝင်တချို့ ခွဲထွက်(DKBA)ဘက်သို့ သွားရောက်ပူးပေါင်းမှုများရှိနေသည်ဟု ဒူပလာယာခရိုင်က သတင်းထုတ်ပြန်ထားသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ် တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဘူးကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here