ကော့ကရိတ်တွင် စစ်ကောင်စီက နေရပ်ပြန်ရန်ဖိတ်ခေါ်သော်လည်း ဒေသခံအများစု မပြန်ရဲကြ

0
44
ပုံစာ - တိုက်ပွဲအပျက်အစီးကြားက ကော့ကရိတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့သို့ ပြန်လည်နေထိုင်ရန် ဒေသခံများအား စစ်ကောင်စီက ဖိတ်ခေါ်ထားသော်လည်း အများစုမှာ လုံခြုံရေးအခြေအနေကြောင့် ပြန်မနေရဲကြကြောင်း ကော့ကရိတ်မြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းက ကော့ကရိတ်မြို့ခံများကို နေရပ်ပြန်နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး အများစုသည် မိမိတို့နေအိမ်မှ ကျန်ရှိသည့်ပစ္စည်းများကို ထုပ်ပိုးသယ်ယူရန်သာ အသွားအလာလုပ်ကြပြီး မြို့တွင်းအခြေအနေ တည်ငြိမ်မှုမရှိသောကြောင့် အတည်တကျပြန်မနေရဲကြဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “အခြေနေက ဘယ်အရာမှ တည်ငြိမ်မှုမရှိသေးတော့ ပြန်နေလို့မရဲသေးဘူ။ ပြည်သူတွေတော့ အများကြီးပြန်ကြတယ်၊ ပစ္စည်းသယ်ထုတ်ပြီး ပြန်လာကြတာ။ တချို့ရပ်ကွက်ကတော့ တစ်ဦးတစ်လေ အိမ်စောင့်ပြန်တာပဲ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်တိုက်ပွဲများကြောင့် မြို့ခံများ စစ်ရှောင်နေရသည်မှာ ၅ လ ဝန်းကျင် ရှိပြီဖြစ်သလို ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များမှ အရပ်သားနေအိမ် အများအပြားလည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး အချို့မှာ ပြန်စရာနေအိမ် မရှိတော့သည့် အခြေအနေများ ကြုံနေရကြောင်း ကော့ကရိတ် စစ်ရှောင်များ၏ ပြောပြချက်အရ သိရသည်။

“စစ်ရှောင်ရတာလည်းကြာပြီ ကိုယ့်အိမ်ကိုယ့်မြို့တော့ ပြန်ချင်ကြတာပေါ့။ အခု ပြန်နေဖို့ နယ်မြေ တည်ငြိမ်မှုလည်း မရှိသေးဘူ။ အိမ်တော်တော်များများလည်း ထိခိုက်ပျက်စီးတယ်၊ မီးလောင်ပျက်စီးတယ်။ ပြန်နေထိုင်ဖို့ကတော့ တော်တော်ခက်ခဲတယ်” ဟု ကော့ကရိတ်မြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အထူးသဖြင့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် အိမ်ခြေ ၁,၀၀၀ ကျော် ရှိသော အမှတ် ၇ ရပ်ကွက်တွင် လူနေအိမ် ၃ ပုံ ပုံလျှင် ၂ ပုံနီးပါးက မီးလောင်ပျက်စီးနေပြီး ကျန်ရှိ ရပ်ကွက်အမှတ် ၂ နှင့် အမှတ် ၄ ရပ်ကွက် တို့တွင် ပျက်စီးမှု အနည်းနှင့်အများဖြစ်၍ လူနေထိုင်မှုမရှိဟု နေအိမ်ပြန်ကြည့်သည့် စစ်ရှောင်အချို့၏ ပြောဆိုချက်အရ သိရသည်။

ထိုအခြေအနေတွင် စစ်ကောင်စီဘက်က နေအိမ်မီးလောင်ပျက်စီးသွားသည့် ကော့ကရိတ်မြို့ခံ ပြည်သူများကို မြို့နယ်ခန်းမသို့ စာရင်းသွားရောက်ပေးသွင်းစေပြီး စားနပ်ရိက္ခာအနည်းငယ် ပေးဝေသည်ဟု ဒေသခံများက ဆိုသည်။

နေရပ်ပြန်ကြည့်သည့် ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “နေတဲ့သူ ရှိဖို့နေနေသာသာ ဈေးဆိုင်တောင်မရှိလို့ ကျနော်ခဏပြန်တဲ့အချိန် ရေတောင်ငတ်တဲ့ အဖြစ်ပါ။ ရေတွင်းတွေ ဆိုရင်လည်း ဓာတုအဆိပ်တွေ ရှိမှာဆိုးလို့ မသောက်ရဲဘူး။ အိမ်ပြန်နေတယ်ဆိုပြီး ထောက်ပံ့ကြေးယူတဲ့ သူတွေတော့ရှိမှာပေါ့။ အခုလည်း မီးအကုန် လောင်သွားတဲ့ နေအိမ်တွေကို စစ်တပ်က မားမားခေါက်ဆွဲခြောက်တို့ စောင်တို့ခြင်ထောင်တို့ ပေးတယ် သူတို့ဆီ စာရင်းသွားပေးမှရတာ” ဟု ပြောသည်။

စစ်ကောင်စီ၏ သတင်းမီဒီယာများတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လနှင့်ချီ စစ်ရှောင်နေရသည့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက် ၇ ခုနှင့် ကျေးရွာ ၂ ရွာရှိ လူဦးရေစုစုပေါင်း ၆၉,၂၃၈ သည် ဧပြီလ ၂၇ ရက်နေ့မှ စ၍ မြို့တွင်း ပြန်လည် နေထိုင်ကြပြီဟု ရေးသားဖော်ပြနေပြီး ၎င်းတို့’စာရင်းများအရ မေလ ၂ ရက်နေ့အထိ ပြန်နေထိုင်သူမှာ လူဦးရေ ၈၀၀ ကျော် ဖြစ်သည်ဟု ဆိုသည်။

သို့သော် လက်တွေ့မြေပြင်ရှိ ဒေသခံအများစုမှာ ၎င်းတို့နေအိမ်ရှိ ပစ္စည်းများကိုသာ ပြန်သယ်သူများဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းနှင့်နီးသည့် ကော့ကရိတ်မြို့အပြင် လှိုင်ဝကျေးရွာတွင်သာ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ၍ လူဦးရေ ၃၀၀ ခန့် ပြန်လည်နေထိုင် ရှိနေနိုင်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောဆိုသည်။

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်သည် ပြည်သူများအား လူသားဒိုင်းအသွင် အသုံးချလိုသော ဖိတ်ခေါ်မှုဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို စစ်ကောင်စီအနေဖြင့်လည်း စစ်ရေးအသွင်မှ နိုင်ငံရေးအသွင်ဖြင့် ပြန်လည် လွှမ်းမိုးသော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ၏ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ရေးနဲ့ နိုင်ငံရေးက အနိမ့်အမြင့်တော့ ရှိတယ်လေ။ စစ်ရေးအသွင် လုပ်တယ် နိုင်ငံရေးကို ပြန်ပြီးတော့ လွှမ်းမိုးအောင်လုပ်တာကလည်း စစ်တပ်ရဲ့နည်းဗျူဟာပဲ။ တချို့ကတော့ ပြေးမနိုင်တော့လို့ အသေခံတဲ့ လူတွေတော့ရှိတာပေါ့။ ဒါပေမဲ့ ပြည်သူလူထုက ဘယ်ယုံမှာလဲ နေဖို့နေနေသာသာ အိမ်တောင်မှမရှိဘဲ။ တချို့လည်း နောင်ခါဖြစ်လာမယ့် စစ်ပွဲကို မျှော်လင့်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဒါကြောင့် သူတို့ လုံးဝပြန်နေဖို့ အနေအထားရော နေဖို့ရော မရှိပါဘူး” ဟု အဆိုပါတာဝန်ခံက ဆိုသည်။

ထို့အတူ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ ၇ မိုင် ပတ်လည်တွင် ဗုံးကြဲပစ်ခတ်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် စစ်ကောင်စီက လေယာဉ်များနှင့် လက်နက်ကြီးများ နေ့စဉ်အမြဲ ပစ်ခတ်လုပ်ဆောင် နေသဖြင့် ဒေသခံများ ကော့ကရိတ်မြို့သို့ ပြန်မနေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here