သတင်းလွတ်လပ်ခွင့်နှင့် မြန်မာသတင်းသမားများ၏ စိန်ခေါ်မှု

0
66
ပုံစာ - မြန်မာသတင်းသမားတချို့။

သတင်းလွတ်လပ်ခွင့်နှင့် မြန်မာသတင်းသမားများ၏ စိန်ခေါ်မှု

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာများအား စစ်ကောင်စီက ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံရသည့် သတင်းသမားဦးရေ ၁၀၀ ကျော်ထိ ရှိခဲ့ပြီး ယင်းတို့အထဲတွင် သေဆုံးသူများ၊ ထောင်ချခံရသူများနှင့် တရားရင်ဆိုင်နေရသူများအပြင် ဖမ်းဝရမ်းထုတ်ခံရ သူများသည်လည်း ပြည်ပ (သို့မဟုတ်) မြန်မာနယ်စပ်နှင့် လုံခြုံရာနေရာများသို့ တိမ်းရှောင်နေကြရသည်။

ထိုအခြေအနေများကြောင့် မြန်မာသတင်းသမားများ ရင်ဆိုင်ကြုံနေကြရသည့် သတင်းလွတ်လပ်ခွင့်နှင့် စိန်ခေါ်မှုများအကြောင်းကို သတင်းလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြသူတချို့၏ စကားသံကို စုစည်းမေးမြန်းပြီး မေလ ၃ ရက်နေ့တွင် ကျရောက်သည့် “ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့” အမှတ်တရ ဖော်ပြလိုက်ပါသည်။

Photo – Social Media

နောင်နောင် (Planning Editor / မဇ္ဈိမသတင်းဌာန)

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆိုပေမယ့် စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံမှာတော့ သတင်းသမား တွေဟာ ဆိုးဆိုးဝါးဝါးဖိနှိပ်ခံနေရတယ်။ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ သတင်းထောက်တွေ များစွာရှိနေသေးပြီး လွတ်လပ်တဲ့သတင်းဌာနတွေ၊ သတင်းထောက်အများပြားဟာလည်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် ပြည်ပနိုင်ငံတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်ပြီး သတင်းအလုပ်တွေကို လုပ်နေကြရတယ်။ ကျနော်ကိုယ်တိုင်လည်း နယ်စပ်ကိုလာပြီး အခက်အခဲတွေကြားထဲက သတင်းအလုပ်တွေကို ဆက်လုပ်နေပါတယ်။ ပြည်တွင်းမှာနေပြီး လုပ်နေတဲ့ သတင်းသမားတချို့ ရှိကြပေမယ့် စစ်ထောက်လှမ်းရေးတွေ ရဲ့ ၂၄ နာရီ စောင့်ကြည့်မှုအောက်မှာ လုပ်ကိုင်နေကြရတဲ့ အခြေအနေရှိပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတာက အာဏာရှင်အဆက်ဆက်ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်လို့ အံ့ဩစရာမရှိပေမဲ့ ကျနော်တို့ဟာ မြေပြင်မှာ ဘာတွေ ဖြစ်ပျက်နေလဲ၊ ပြည်သူတွေ သတင်းမှန်သိခွင့်ရဖို့၊ ပြစ်မှုကျူးလွန်တဲ့ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို အပြစ်ပေး အရေးယူနိုင်ဖို့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးအကျဉ်းချခံနေရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ သတင်းထောက်တွေဟာ အကျဉ်းထောင်ထဲမှာ အချိန်တွေ ပေးဆပ်နေရတာကို အများကြီး စိတ်မကောင်း ဖြစ်မိပါတယ်။

ဝါရင့် Media Trainer အမျိုးသမီး

လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းသမားတွေ အခြေအနေကတော့ သမိုင်းတလျှောက်မှာ အဆိုးဆုံးအနေအထားလို့ ပြောလို့ရပါတယ်။ ပြည်သူတွေ သတင်းအချက်အလက်သိနိုင်ဖို့အတွက် သတင်းရယူတင်ဆက်တဲ့အလုပ်ဟာ ရာဇ၀တ်မှု မဟုတ်ဘူးလို့ ဆိုကြပေမယ့် ခေတ်အဆက်အဆက် အုပ်ချုပ်သူတွေက သတင်းသမားတွေကို တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချတာ လုပ်လေ့ရှိပါတယ်။ အဲဒီအထဲမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်လာမှုက အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ သတင်းရယူတင်ဆက်တာကို ရာဇ၀တ်မှု တစ်ခုလို သတ်မှတ်ပြီး သတင်းသမားတွေကို အများအပြားဖမ်းဆီးခဲ့တယ်။ ထောင်ချခဲ့တယ်။ တချို့ သတ်ပစ်တာ အထိ လုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာ သတင်းသမားတွေက သတင်းသမားလို့ ထုတ်ဖော်လို့မရအောင် လျှို့လျှို့ဝှက်ဝှက် နေနေရကတည်းက ဒီတိုင်းပြည်မှာ သတင်းသမားတွေရဲ့ လုံခြုံရေးအခြေအနေက ဘယ်လောက်ထိ ဆိုးနေလဲဆိုတာ ထင်ဟပ်စေပါတယ်။ ဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ အရေးကြီးပြီး သတင်းရယူရေးသားတင်ဆက်ခွင့်ကို လွတ်လွတ်လပ်လပ်ပေးဖို့ လိုအပ်ပါတယ်။

ဝဏ္ဏခွာညို (အယ်ဒီတာချုပ် / Western News သတင်းဌာန)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်က ဆိုးဆိုးရွားရွား ကျဆင်းလာပြီးတော့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မတရားသဖြင့် ဖမ်းဆီးထောင်ချတာတွေ၊ သတင်းသမားတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာတွေ၊ သတင်းဌာနတွေကို ဝင်ရောက်စီးနင်းတာတွေ အခုထိ ရှိနေဆဲပါပဲ။ ရခိုင်မှာ ဆိုရင် မကြာသေးခင်က သတင်းထောက် ဖိုးသီဟကို သတ်ဖြတ်ပြီးတော့ ရုပ်အလောင်းကို မြှုပ်နှံထားခဲ့တယ်။ အခုချိန်ထိ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်က အရေးယူဆောင်ရွက်တာတွေ စုံစမ်းဖော်ထုတ်တာတွေ မရှိသေးဘူ။ စစ်တပ်က ရခိုင်ကသတင်းထောက်တွေ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းတွေ၊ အချက်အလက် တွေကို ယူထားတွေ ရှိနေတယ်။ ဒါတွေက အချိန်မရွေး ဖမ်းဆီးထောင်ချမယ်ဆိုတဲ့ သဘောပါပဲ။ စစ်ကောင်စီ တပ်က သူတို့အကျိုးစီးပွား ထိခိုက်လာပြီဆိုရင် သတင်းလွတ်လပ်ခွင့်မပြောနဲ့ ပြည်သူကိုတောင် ပျက်စီးအောင် ချနင်းဖို့ အဆင့်သင်ဖြစ်နေတဲ့ ငရဲခွေးကြီးတစ်ကောင်လိုပါပဲ။ ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုတယ်။ သတင်းသမားတွေကို မတရားစွဲဆိုထားတဲ့ အမှုတွေကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ လိုပါတယ်။

ဆောင်းဇာခြည် (အကြီးတန်းသတင်းထောက် – Development Media Group / DMG)

သတင်းသမားတွေက မြေပြင်မှာ သတင်းထောက်ပါလို့ ရဲရဲဝံ့ဝံ့မပြောရဲဘူး ဖြစ်လာတယ်။ သတင်းရေးတဲ့ အခါမှာလည်း လွတ်လပ်မှု မရှိဘူး။ ဒါဟာ စစ်ကောင်စီသွင်းထားတဲ့ အကြောက်တရားတွေပေါ့။ စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းတယ်၊ ဖမ်းဝရမ်း ထုတ်တယ်။ သတင်းသမားတွေမှာ ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေ ရှိနေတယ်။ ရခိုင်မှာဆိုရင်လည်း သတင်းထောက်တွေ စစ်ကောင်စီလက်ကနေ ပြေးနေရသလို တိုက်ပွဲကြောင့် အိုးအိမ်ပစ်ပြီး ထွက်ပြေးနေကြရတယ်။ အဲဒါကြောင့် ဒီနေ့ပြောချင်တာက သတင်းသမားတွေကို လွတ်လပ်စွာ သတင်းရေးခွင့်ပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။

အလွတ်တန်း ရခိုင်သတင်းထောက်တစ်ဦး

စစ်အာဏာသိမ်းချိန်ကစလို့ သတင်းမီဒီယာအခန်းကဏ္ဍဟာ အမှောင်ထုကို ကျရောက်သွားတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာလည်း ဗလာနတ္ထိ။ စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးထောင်ချ သတင်းမီဒီယာ အသက်မရှင်သန်နိုင်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတော့ လွတ်မြောက်နယ်မြေတွေမှာ တိမ်းရှောင်ပြီး အခက်အခဲ စိန်ခေါ်မှုတွေကြားက ပြည်သူတွေဆီ သတင်းမှန်ရောက်ဖို့ တင်ဆက်နေကြတယ်။ စစ်ရေးပြင်းထန် နေတဲ့ ရခိုင်ဒေသမှာဆိုရင်လည်း သတင်းသမားတွေက အသက်အန္တရာယ်၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စိန်ခေါ်မှုတွေကြားမှာ အလုပ်လုပ်နေကြရတော့ ဘက်ပေါင်းစုံမှာ အခက်အခဲတွေ ရှိနေတယ်။ ဒီလို အခက်အခဲတွေကြားမှာ ပြည်သူတွေဘက်က အမှန်တရား၊ တရားမျှတမှုဘက်ရပ်ပြီး လုပ်ကိုင်နေကြတဲ့ သတင်းသမားတွေကိုလည်း လေးစားပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး သတင်းမီဒီယာလွတ်လပ်ခွင့် ရောင်နီသာတဲ့နေ့သစ်ဆီရောက်နိုင်ဖို့ ဒီနေ့ကျရောက်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေမှာ ဆန္ဒပြုလိုက်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here