စစ်ကောင်စီက ကော့ကရိတ်မြို့ဌာနဆိုင်ရာများ ပြန်လည်ပတ်ရန် ညွှန်ကြားထား

0
27
ပုံစာ - ကော့ကရိတ်မြို့တွင်းတနေရာ။

စစ်ကောင်စီက ၄ လ ကျော်ကြာ တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အား နယ်မြေ ပြန်စိုးမိုးနိုင်ပြီး ရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ မြို့ပေါ်ရှိ ဌာနဆိုင်ရာလုပ်ငန်းများအား လာမည့် မေလ ၁ ရက်နေ့မှစ၍ ပြန်လည်ပတ်ရမည်ဟု ညွှန်ကြားထားကြောင်း နီးစပ်ရာကော့ကရိတ်ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ကော့ကရိတ်ဒေသခံ အများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

ယခုအခါ စစ်ကောင်စီက ကော့ကရိတ်မြို့အတွင်း ပြန်လည်စိုးမိုးထားနိုင်သဖြင့် ဌာနဆိုင်ရာများ ပြန်လည်ပတ်ရေး ညွှန်ကြားချက်ကြောင့် Non-CDM ဝန်ထမ်းအချို့ စစ်ရှောင်နေရာမှ မြို့တွင်းပြန်ဝင်နေရသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောပါသည်။

“စစ်တပ်က နယ်မြေရှင်းလင်းပြီးဖြစ်လို့ မြို့ပေါ်ဌာနဆိုင်ရာရုံးတွေ မေလ ၁ ရက်နေ့ကစပြီး ပြန်ဖွင့်ရမယ်ဆိုပြီး ပြောထားတယ်။ ကျနော်ကူပေးနေတဲ့ စစ်ရှောင်တွေထဲမှာလည်း ၁ ရက်နေ့ ပြန်လည်ပတ်ရမယ်ပြောလို့ မတတ်သာလို့ ပြန်သွားရတဲ့ ဆရာမတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ဒေသအတွင်း အေးချမ်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ကော့ကရိတ် ဒေသခံများ နေရပ်ပြန်ရန် စစ်ကောင်စီက စည်းရုံးရေး လုပ်ဆောင်နေသလို ဧပြီလ ၂၇ ရက်နေ့ အထိ အိမ်ထောင်စု ပေါင်း ၂၀၀ ကျော် ပါဝင်သည့် လူဦးရေ ၅၀၀ ကျော်မှာ မြို့တွင်းပြန်နေထိုင်လျက်ရှိပြီ ဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် မီဒီယာများမှတဆင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သို့သော် လက်ရှိတွင် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပြန်လည်ပတ်ရေး ညွှန်ကြားချက်ကြောင့် နေအိမ်ပြန်ရသူ ဝန်ထမ်းနှင့် ၎င်းတို့မိသားစုများသာရှိနေပြီး အရပ်သားပြည်သူမှာ အသက်အိုးအိမ်စိုးရိမ်ချက်ကြောင့် ပြန်နေထိုင်သူ မရှိသလောက်ဖြစ်ကြောင်း ကော့ကရိတ်စစ်ရှောင်များနှင့် နီးစပ်သူများက ပြောသည်။

“စစ်တပ်ကတော့ ပြန်နေလို့ရပြီလို့ ခေါ်နေတာပဲ။ ကျနော်တို့ စစ်ရှောင်တဲ့နေရာမှာလည်း ပြန်တဲ့သူ ၁၀ ယောက် လောက်ရှိတယ်။ မိသားစုလိုက် ပြန်တာမဟုတ်ဘူး။ ပစ္စည်း ပြန်ကြည့်တာ။ သူတို့ပြောပုံအရဆို မြို့မှာမလုံခြုံလို့ ပြန်နေရဲတဲ့သူ အဲဒီလောက်မရှိဘူး။ မြို့ပေါ်မှာ ဌာနဆိုင်ရာတွေ ပြန်လည်ပတ်တယ်ဆိုရင်တောင် ကျနော်တို့ ပြည်သူတွေကတော့ စောင့်ကြည့်ရဦးမှာ” ဟု အမည်မဖော်လိုသည့် ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ရှောင်နေစဉ်ကာလအတွင်း နေအိမ်ပြန်ကြည့်သည့် စစ်ရှောင်ပြည်သူအချို့ ဒရုန်းဗုံးမိ၍ သေဆုံးခြင်း၊ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခြင်းတို့ ရှိနေသဖြင့် မိမိတို့နေရပ် ပြန်နေထိုင်ရေးက စိတ်ချထားရသည့် အနေအထား မဟုတ်ကြောင်း စစ်ရှောင်ကူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ မေလ ၁ ရက်နေ့မှ စတင်၍ ပြန်လည်ပတ်ရေး ညွှန်ကြားချက်ကြောင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအချို့ မြို့တွင်းရှိ ဓာတ်ကြိုး၊ မီးကြိုးများ သိမ်းယူရှင်းလင်းရေးကို ဧပြီ ၂၈ ရက်မှစ၍ လုပ်ဆောင်နေကြကြောင်း ဒေသခံစစ်ရှောင်ကူသူများက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ပူးပေါင်း တပ်များက ခုခံတိုက်ခိုက်နေသော်လည်း စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်များစွာ အပါအဝင် ဓာတုလက်နက်များပါ အသုံးပြုလာသဖြင့် ယခင်က KNLA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်သော မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က ပြောဆိုထားပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here