“ဒီနိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာရောက်တာပေါ့။ ဘာလို့လဲဆို ဒါက လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်း လိုက်နာကျင့်သုံးရမယ့် စည်းမျည်းစည်းကမ်းတွေ ဖြစ်လို့ပေါ့။ တိုက်ခိုက်လို့ ရတဲ့ဟာနဲ့ တိုက်ခိုက်လို့မရတဲ့ဟာ မခွဲခြားဘဲ ရောနှောပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဒါက စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့။Ó စောနန္ဒဆူး – ကရင်လူ့အခွင့်ရေးအဖွဲ့/KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ

0
43
ပုံစာ - ကရင်လူ့အခွင့်ရေးအဖွဲ့/KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူး

KNU အုပ်ချုပ်မှုနယ်မြေထဲ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရှောင်ပြည်သူများ ရင်ဆိုင်နေရသော အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်ရေးအဖွဲ့/ KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနှင့် ဆက်သွယ်မေးမြန်းချက်။

တိုက်ပွဲများ ပြင်းထန်နေသော ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေထဲတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်နှင့်အမျှ ဆက်လက်ကျူးလွန်လျက် ရှိနေသည်။

ထိုအထဲမှ ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့နယ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သား ပြည်သူပိုင် အဆောက်အဦးများနှင့် နေအိမ်များအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှု ကျုးလွန် ခဲ့သည့်အတွက် အရပ်သားပြည်သူ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

ထိုအခြေအနေများကြောင့် KNU အုပ်ချုပ်မှုနယ်မြေထဲ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရှောင်ပြည်သူများ ရင်ဆိုင်နေရသော အခက်အခဲ၊စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကရင်လူ့အခွင့်ရေးအဖွဲ့/KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက နိုင်ငံတော်အဆင့် စစ်ဆင်ရေးတရပ် ဆောင်ရွက် နေတာတွေ့ရပါတယ်။ ဒီစစ်ဆင်ရေးကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှု ဘယ်လိုတွေ ရှိနေပါလဲ။

ဖြေ။ ။ ဒီဘက်မှာတော့ တိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ၊ မြို့နေလူထုတွေ သူတို့နီးစပ်ရာ ဘေးကင်းလုံခြုံရာကို ထွက်ပြေးကြတာပေါ့။ တော်တော်များများက ထိုင်းဘက်ကို ထွက်ပြေး ကြတာပေါ့လေ။ ဒါပေမဲ့ သူတို့က တစ်ရက်နှစ်ရက်လောက်ပဲနေပြီး ပြန်သွားနေကြတယ်။ သူတို့ရဲ့ အသိ ရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာတော့ ရှိတာပေါ့လေ။

မေး။ ။ မြဝတီမြို့တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု ဘယ်လောက်ထိရှိတယ်လို့ ကြားသိရပါလဲ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က မရပ်မနား တရစပ်လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

ဖြေ။ ။ သူတို့ရဲ့ မရပ်မနား တရစပ်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ပြောရမယ်ဆိုရင် အထူးသဖြင့် ပြည်သူနဲ့ သက်ဆိုင်တဲ့အပေါ်မှာ ထိခိုက်ပျက်စီးမှုပေါ့။ ဒါကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေတယ်လို့ ပြောလို့ရပါတယ်။ နောက် ဒီနိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာရောက်တာပေါ့။ ဘာလို့လဲဆို ဒါက လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်း လိုက်နာကျင့်သုံးရမယ့် စည်းမျည်းစည်းကမ်းတွေ ဖြစ်လို့ပေါ့။ တိုက်ခိုက်လို့ရတဲ့ဟာနဲ့ တိုက်ခိုက်လို့မရတဲ့ဟာ မခွဲခြားဘဲ ရောနှောပြီး တော့ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဒါက စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့။

မေး။ ။ ဖာပွန်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာ၊ အရပ်သား ထောင်ဂဏန်းလောက် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အဲဒီဘက်က အခြေအနေတွေရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ တပ်မဟာ ၅ ဖာပွန်ဘက်အခြမ်းမှာလည်း ပြီးခဲ့တဲ့လတုန်းကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ ဒီလိုမျိုး တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှုအပေါ်မှာ ဖြစ်ပွားမှုကြောင့် ပြည်သူတွေထိခိုက် သေဆုံးမှုရှိခဲ့ တယ်။ မြို့နယ်တစ်မြို့နယ်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိပါတယ်။

မေး။ ။ သထုံခရိုင် တပ်မဟာ – ၁ ဘက်မှာ တိုက်ပွဲတွေ မရှိဘဲနဲ့ စစ်ကောင်စီက လေကြောင်းလာရောက် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရတယ်။ အဲဒီဒေသက အခြေအနေလေးလည်း ပြောပြ ပေးပါဦး။

ဖြေ။ ။ သထုံတပ်မဟာ – ၁ ဘက်ခြမ်းမှာကြတော့ ဒီလက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုဆိုရင် တိုက်ပွဲတွေမဖြစ်ဘဲ လုပ်ဆောင်တာရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၃ ရက်နေ့ကဆိုရင် ဘီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ခဲ့တာပေါ့နော်။ အဲဒီမှာ ဗုံး ၁၂ လုံး ပစ်ချပြီး ဆယ်လုံးပေါက်ကွဲခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းနှစ်ကျောင်းနဲ့ အိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်။ လေယာဉ်ကပစ်ချတဲ့ ဗုံးစတွေကြောင့် ဘုန်းကြီးကျောင်းနဲ့ အခြားအိမ် ၉ လုံးပါ ထိခိုက်ပျက်စီးတယ်။ အသက်ခြောက့်ဆယ့်ငါးနှစ် အရွယ် ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်။ အစောကပြောသလို ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေပေါ်မှာ ပစ်မှတ်ထားဗုံးလာကြဲတာ ဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီရွာတစ်ရွာလုံး ရွာသူရွာသားတွေမှာ နေထိုင်မရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။

မေး။ ။ KNU နယ်မြေအတွင်းက စစ်ဘေးရှောင်တွေရဲ့အခြေအနေ အခက်အခဲတွေ ဘယ်လိုဆက်ရှိနေပါလဲ၊ KHRG အနေနဲ့ ဘယ်လိုကြားသိရပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေရဲ့အခက်အခဲကတော့ ပုံမှန်အတိုင်းလိုပဲ။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပြည့်စုံလုံလောက်စွာ မရရှိဘူး။ အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုတွေ မရရှိဘူး။ နောက်ထပ်တိုးမြင့် လာတဲ့ စစ်ဘေးရှောင်ဦးရေ အရေအတွက်ကြောင့် ပိုပြီးစားနပ်ရိက္ခာ မလုံလောက်မှုတွေ တိုးလာတယ်။ ဒီလို ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အကူအညီပေးတဲ့ အစုအဖွဲ့တွေက လျင်လျင်မြန်မြန် စစ်ဘေး ရှောင်တွေကို မပံ့ပိုးနိုင်ခဲ့ကြဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေး မှုတွေ လိုအပ်နေပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဘာများ ပြောချင်တာရှိမလဲ။

ဖြေ။ ။ နောက်ဆုံးအနေနဲ့ အာဏာသိမ်းပြီးကတည်းက ယခုအချိန်ထိ စစ်ကောင်စီက တောက်လျှာက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှု၊ နိုင်ငံတကာ လူသားမျိုးနွယ်အပေါ် နိုင်ငံတကာ စာနာထောက်ထားခြင်း ဥပဒေကို ချိုးဖောက်ကျူးလွန်တယ်။ သူတို့ အာဏာသိမ်းပြီးကတည်းက တောက်လျှောက် လုပ်ဆောင်လာခဲ့တယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဦးမှာလည်း ဖြစ်တယ်။ ဒါကြောင့် အလျင်အမြန် အဆုံးသတ်ဖို့ အရေးကြီးပါတယ်။ ဒီစစ်အာဏာရှင်စနစ်ကို အဆုံးမသတ်နိုင်ရင် အခြေအနေက တစ်နိုင်ငံလုံး ယိုယွင်းပျက်စီးလာမှာ ဖြစ်သလို ပြည်သူလူထုတွေအနေနဲ့လည်း တရားမျှတမှုမရှိပဲ လူ့အခွင့်ရေး ချိုးဖောက်ခံရ ဦးမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here