စစ်ကောင်စီက ထီးချိုင့်မြို့နယ်အတွင်း လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာ

0
35
ပုံစာ - ထီးချိုင့်မြို့လေကြောင်းတိုက်ခိုက်ခံရပြီး မီးလောင်နေစဉ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်စိုးမိုးသည့် နေရာများတွင် စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။

ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာရှိ စျေးနှင့် ဆေးပေးခန်းကို ဧပြီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦး ဒဏ်ရာပြင်းထန်စိုးရိမ်ရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ထီးချိုင့်မြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲ ရပ်တန့်သွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခဲ့ရာကနေ သင်္ကြန်ကာလအပြီးတွင် ပြန်လည် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထီးချိုင့်ဒေသခံတစ်ဦးက ပြောဆိုသည်။

“လေကြောင်းတိုက်ခိုက်ခံရတာက ဟုတ်တယ်။ အဲ့ရွာတွေက လိုင်းမမိဘူး။ သေသေချာချာ သိဖို့ကလေ။ အခုက တိုက်ပွဲ ပြန်စမယ်ဆိုလား သတင်းတွေ ကြားနေရတယ်။ ငါတို့နေတဲ့ နေရာတွေကိုရွေ့ဖို့ သတင်းတွေကထွက်နေ တယ်။ အခုဆို နီကယ် (တရုတ်ကြေးနီစီမံကိန်း) လည်း ပိတ်ရမယ်။ အဲ့ထဲလုပ်တဲ့သူတွေ ဒီနေ့မန်းလေးဆင်းပြီ၊ သူတို့ပြောတာက တိုက်ပွဲက ၂၈ ရက်နေ့ ဖြစ်မှာ၊ အခုထိတော့ မဖြစ်သေးဘူး” လို့ ထီးချိုင့်မြို့တဖက်ကမ်း အုန်ဆုံကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးက ပြောပါသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဧပြီလ ၂၄ ရက်နေ့က စပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြန်ပြုလုပ်လာပြီးနောက် ထီးချိုင့်မြို့နယ် ပကဖအဖွဲ့က လေကြောင်းရန်ကာကွယ်ရေး အသိပေးနှိုးဆော်နေမှုကို ပြုလုပ်နေကြောင်း သိရသည်။

အရပ်သားများအနေဖြင့် ဗုံးခိုကျင်းများ (ခ) အရေးပေါ်လိုင်းကျင်းများကို တူးထားခြင်း၊ လေဟာပြင်တွင် လူစုလူဝေးများ မပြုလုပ်ရန် ၊ ကား/ဆိုင်ကယ်များကို အမိုးအကာ/အရိပ်အောက်များတွင် ရပ်တန့်ထားရန် စသည့် နှိုးဆော်စာများကို ထီးချိုင့်မြို့နယ် ပကဖအဖွဲ့က ထိန်းချုပ်နယ်များတွင် ဖြန့်ဝေရေး အသိပေးထားသည်။

ထီးချိုင့်မြို့နယ်ကို NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွဲခဲ့သော်လည်း နှစ်လကျော်ကြာမြင့်ချိန်တွင် မြို့သိမ်းတိုက်ပွဲ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် အရပ်သားတစ်သောင်းကျော်သည် ထီးချိုင့်မြို့၏ တဖက်ကမ်းရှိ ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင် ခိုလှုံနေရပြီး စားဝတ်နေရေး အကျပ်အတည်းများနှင့် ကြုံနေရကြောင်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here