“BGF က စစ်ကောင်စီသာ ရွှေကုက္ကိုလ်ကို ရှင်းမယ်ဆိုရင် မင်းမြဝတီလည်းပဲ လက်လွှတ်ရမယ်ဆိုတဲ့ အကွက်မျိုးကို သူလုပ်တာ။ စစ်ကောင်စီကလည်း မညံ့ပါဘူး။ မြဝတီကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဆုံးရှုံးလိုက်ရတော့မယ် ဆိုတဲ့အချိန်မှာ BGF သာ မကယ်တော့ဘူးဆိုရင် KNU နဲ့ ညှိပြီးတော့ မှန်းကြည့်တာပေါ့ဗျာ။ မြောက်ပိုင်းလို ၇၀ – ၃၀ ဆိုတဲ့ အနေအထားနဲ့ပေါ့” ကရင့်နိုင်ငံရေး သုတေသီတစ်ဦး

0
157

မြဝတီမှ KNLA ပူးပေါင်းတပ်က နောက်သို့ဆုတ်ခွာပေးလိုက်သည့် အကြောင်းအရင်း၊ မြဝတီမြို့နောက်ကွယ်ရှိ အခင်းအကျင်းနှင့် အကျပ်အတည်းများအား ကရင့်နိုင်ငံရေးသုတေသီတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ ကြိုးပမ်းသိမ်းပိုက်ခဲ့ရသော မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများအတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို သိမ်းပိုက်မိပြီးမှ ပြန်ပေးလိုက်ရသည့်အပေါ် ယခုလတ်တလောတွင် လှုမှုကွန်ရက်သုံးစွဲသူများအကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန် မြင့်တက်လျက်ရှိသည်။

ထိုအခြေအနေနှင့်စပ်လျဥ်း၍ KNLA ပူးပေါင်းတပ်က နောက်သို့ဆုတ်ခွာပေးလိုက်သည့် အကြောင်းအရင်း၊ BGF နှင့် စစ်ကောင်စီ အထင်အရှား ပူးပေါင်းသွားသည့်အပေါ် အမြင်သဘောထားနှင့် မြဝတီမြို့နောက်ကွယ်ရှိ အခင်းအကျင်းနှင့် အကျပ်အတည်းများအား အမည်မဖော်လိုသူ ကရင့်နိုင်ငံရေးသုတေသီတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ မြဝတီကိုဝင်နိုင်ဖို့ စစ်ကောင်စီရဲ့တပ်ရင်းတွေကို အဆင့်ဆင့်သိမ်းဖို့ အသက်သွေးချွေးတွေအများကြီး ပေးဆပ်ခဲ့တယ်ပေါ့နော်။ အခုလို နောက်ဆုတ်ဖယ်ပေးလိုက်တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။

ဖြေ။ ။ နှစ်ပိုင်းပြောချင်ပါတယ်။ ပထမက ဒီပွဲရဲ့အဓိက Actor က PDF နဲ့ KNLA ပေါ့နော်။ KNLA က KNU၊ PDF ဆိုတာလည်း NUG ပါပဲ။ မြဝတီလိုနေရာက တကယ့်မဟာဗျူဟာပွိုင့် ဖြစ်တယ်။ နိုင်ငံတကာနဲ့ ကုန်သွယ် ဆက်ဆံရေးနေရာ၊ အာရှလမ်းမမှာလည်း ဖြစ်တဲ့အခါကြတော့ ဒီအခြေအနေမှာ KNU/KNLA နဲ့ NUG/PDF တို့က စစ်ရေးအရ ဒါကိုမဖော်ဆောင်ခင်မှာ နိုင်ငံရေးအရ ကနဦး ကြိုတင်ပြီးတော့ အုပ်ချုပ်ရေးအရပဲဖြစ်ဖြစ် ဘယ်အပိုင်းကို ဘယ်လိုအုပ်ချုပ်မလဲပေါ့။ နိုင်ငံတကာဆက်ဆံရေးမှာ ဘယ်အပိုင်း၊ သံတမန်ရေးအရ ဘယ်အပိုင်းလဲဆိုတာ ကနဦးကတည်းက သဘောတူညီမှုတွေ ရှိဖို့လိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေး အင်အား နဲ့ KNLA ပဲ ဖြစ်ဖြစ်၊ BGF တွေပဲဖြစ်ဖြစ်၊ Local PDF တွေပဲ ဖြစ်ဖြစ် စုပေါင်းပြီးတော့ တိုက်မယ်ဆိုရင် မြဝတီက သေချာပေါက်ရမှာပါ။ ဒီနည်းအတိုင်းပဲ BGF တွေက မင်းအောင်လှိုင်ရဲ့ နှိမ်နင်းမှုကို ရင်ဆိုင်နေရတဲ့ အခါကြတော့ ဒီရာသီက (ခလရ-၂၇၅) တင်မကဘူး။ စစ်ကောင်စီ ရဲ့ စခန်းအားလုံးကို တိုက်လို့ရတဲ့ ရာသီကာလပဲ ဖြစ်တယ်။ သေချာတဲ့သဘောမှာရှိထားတော့ တိုက်လိုက်တာ တော့ မှန်တယ်။ သို့သော်လည်း တိုက်ပြီးနောက်ပိုင်း မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ ဘယ်လိုသွားမလဲဆိုတာ KNU ရော NUG ရော ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ်။ သဘောတူထားရုံတင်မကဘူး လုပ်ဆောင်မှုပါ ရှိထားရမယ်။

တနည်းအားဖြင့် ဘယ်နေရာကိုတော့ ဖက်ဒရယ် အစိုးရပဲပြောပြော ကြားကာလအစိုးရပဲပြောပြော နယ်စပ် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး သံတမန်ရေးကို တာဝန်ယူမယ်။ အုပ်ချုပ်ရေးအပိုင်းမှာတော့ KNU က တာဝန် ယူမယ်ဆိုတာမျိုးကို အသေးစိတ် မဟုတ်တာတောင်မှ ကနဦး သဘောတူညီချက်ရှိဖို့ လိုပါတယ်။ နောက်တစ်ပိုင်း ကတော့ NUG နဲ့ KNU ရဲ့ကြားမှာ ရှင်းရှင်းလင်းလင်း နိုင်ငံရေးသဘောတူညီချက် မရှိသလို KNU ဘက်ကလည်း NCA ပေါ်မှာ အခြေခံထားတဲ့ စစ်ကောင်စီအပေါ်မှာ NCA ပျက်ပြယ်ပြီလို့ တရားဝင် ထုတ်ပြန်ထားတာမရှိဘူး။ စစ်ကောင်စီရဲ့ NCA အပေါ် ဆုပ်ကိုင်ထားဆဲအပြင် NCA ရဲ့ နောက်ဆက်တွဲ ဖြစ်တည်လာတာတွေဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု ထောင်ချောက်အောက်မှာ KNU အနေနဲ့ ရုန်းထွက်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။

မေး။ ။ BGF က မင်းအောင်လှိုင်ရဲ့နှိမ်နင်းမှုကို ကြုံလာရတဲ့အနေအထားမျိုးမှာ နှစ်ဖက်ခွထိုင်ထားမလိုလို တစ်ဖက်ဘက်ပါမလိုလိုနဲ့ နောက်ဆုံးစစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အပေါ် သုံးသပ်ပေးပါ။

ဖြေ။ ။ BGF ဆိုတာ စစ်ကောင်စီရဲ့ တပ်တစ်ခုပါပဲ။ လခစားတာမစားတာထား လခအပေါ်မှာလည်း ကြည့်လို့ မရဘူးပေါ့နော်။ သူ့ဘာသာသူတစ်ဦးတည်း ရပ်တည်နိုင်တယ်ဆိုတာလည်း သူ့ရဲ့ဝင်ငွေထွက်ငွေတွေက စစ်ကောင်စီရဲ့အောက်မှာပဲ။ တနည်းအားဖြင့် ကာစီနိုလောင်းကစားကရတဲ့ ဝင်ငွေတွေနဲ့ သူ့ဟာသူ ရပ်တည်နိုင်တာလည်း ဖြစ်နိုင်တယ်ပေါ့။ စစ်ကောင်စီနဲ့ သွယ်ဝိုက်ပြီးဖြစ်ဖြစ် တိုက်ရိုက်ဖြစ်ဖြစ် ပတ်သက်မှုတော့ ရှိနေဆဲပဲ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ သိပ်အဆန်းတကြယ် ပြောလို့မရဘူး။ အကြပ်အတည်းပေါ်မှာက စစ်ကောင်စီက မြောက်ပိုင်းအခြေအနေအရ တရုတ်ကို ချဥ်းကပ်ရတဲ့နေရာမှာလည်း တော်တော်ဆုံးရှုံး ပေးလိုက်ရတာ ဖြစ်တယ်။

တောင်ပိုင်းမှာလည်း တရုတ်ရဲ့ဖိအားကြောင့် တစုံတရာ အရေးယူ ဆောင်ရွက်ပေးဖို့ အတွက် ကတိကဝတ် ပေးထားရတယ်လို့ နားလည်ရတယ်။ ဒီကတိကဝတ်ကြောင့် နှိမ်နင်းဖို့အဆင့်က စစ်ကောင်စီက ဆောင်ရွက်ရမယ့် အပိုင်း ဖြစ်တယ်ဆိုတော့ ဒီဖိအားက BGF အပေါ်မှာ လုံးဝရောက်နေတယ်။ စစ်ကောင်စီက ရွှေကုက္ကိုလ်ကို ရှင်းမယ်ဆိုရင် မြဝတီကို တစ်ဖက်နဲ့ ပေါင်းပြီးတော့ ရှင်းရမယ်။ စစ်ကောင်စီ ဘက်မှာ တဖက်ကလည်းကြက်သား တဖက်ကလည်းဝက်သား ဟင်းနှစ်ခွက်လုံးပေါင်းမှ ဗိုက်ဝမယ်ဆိုတော့ နှစ်ခုလုံးကို လက်မလွှတ်ချင်တဲ့အတွက် ဒီအားနည်းချက်ကို BGF က လုံးဝသိထားတယ်။

အခုလို အခြေအနေမှာကြတော့ BGF က စစ်ကောင်စီသာ ရွှေကုက္ကိုလ်ကို ရှင်းမယ်ဆိုရင် မင်းမြဝတီလည်းပဲ လက်လွှတ်ရမယ်ဆိုတဲ့ အကွက်မျိုးကို သူလုပ်တာ။ စစ်ကောင်စီကလည်း မညံ့ပါဘူး။ မြဝတီကို ၁၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တော့တယ်။ ဆုံးရှုံးလိုက်ရတော့မယ်ဆိုတဲ့ အချိန်မှာ BGF သာ မကယ်တော့ဘူးဆိုရင် KNU နဲ့ ညှိပြီးတော့ မှန်းကြည့်တာပေါ့ဗျာ။ မြောက်ပိုင်းလို ၇၀ – ၃၀ ဆိုတဲ့ အနေအထားနဲ့ပေါ့။ BGF သာ ဒီနေ့လို အခြေအနေမျိုးထိ မဆောင်ရွက်ပေးနိုင်သေးဘူး ဆိုရင်တော့ စစ်ကောင်စီက KNU နဲ့ ညှိပြီးတော့ လုပ်ပိုင်ခွင့် ပြန်ပေးဖို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်လာတာ အံ့အားသင့်စရာ မရှိဘူးဆိုတာ ပြောချင်တယ်။

မေး။ ။ KNU အနေနဲ့ ဒီလိုအနေအထားဖြစ်လာပြီဆိုတော့ သူ့ရဲ့အခန်းကဏ္ဍက ဘာတွေဖြစ်လာနိုင်မှာပါလဲ။ စိုးရိမ်စရာ ဘာတွေရှိမလဲ။

ဖြေ။ ။ အကျပ်အတည်းက (၃) ခု ရှိတယ်ဗျ။ တစ်ခုက စစ်ကောင်စီရဲ့ အကျပ်အတည်း၊ သူကတော့ ကျားဖြန် ကိစ္စကိုနှိမ်နင်းဖို့ တရုတ်ကိုအတိုင်းအတာတစ်ခုအထိ ကတိပေးထားတယ်။ ဒီအတိုင်းပဲ BGF ကလည်း ရွှေကုက္ကိုလ်ပရောဂျက်အရ အခြေခံရပ်တည်ထားတော့ အဆုံးရှုံးခံနိုင်မှာမဟုတ်ဘူး သူ့မှာလည်း တဖက်က စစ်ကောင်စီရဲ့ဖိအားကြောင့် အကျပ်အတည်းဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ KNU က ဒီအကျပ်အတည်းမှာ ပါနေတယ်။ သူမသိလိုက်တဲ့အခြေအနေမှာ ဖြစ်လိုက်တဲ့အကျပ်အတည်းနဲ့ တစ်ခုက NCA စာချုပ်မှာ လက်မှတ်ထိုး လိုက်ကတည်းက ရန်သူရဲ့ထောင်ချောက်ပါလို့ လက်မခံခဲ့ဘဲနဲ့ အခွင့်အလမ်းတစ်ခု ဖန်တီးလို့ ရမယ်လို့ လက်ခံပြီးတော့ ကနေ့ထက်ထိ မပြတ်မသားသေးတဲ့အတွက် စစ်ကောင်စီ မတိုင်ခင်က စစ်အုပ်ချုပ်ရေး နဲ့ KNU ကို ငွေလိမ်ဂိုဏ်းကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ သူ့ရဲ့ဂွင်ထဲရောက်အောင် သွတ်သွင်းလိုက်ပြီး KNU ကို ထိုးထည့်လိုက်တာ။ ဒါကို KNUက သူရုန်းထွက်ရမှာပေါ့။

နှစ်ပိုင်းရှိတယ် ပထမတစ်ပိုင်းကတော့ နောက်ကျပြီး မရတော့ဘူးပေါ့နော်။ NCA က ပျက်ပြယ်ပြီဆိုတာ လွန်ခဲ့တဲ့ (၃) နှစ် လောက်ကတည်းက ကြိုကန်ရမှာ။ ဒုတိယတစ်ခုက လက်ရှိအနေအထားမှာ ဥပဒေကြောင်းအရပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်း အရပဲဖြစ်ဖြစ် KK Park လို ရွှေကုက္ကိုလ်လိုမျိုး ကာစီနိုပဲ ပြောကြပါစို့။ အဲ့လိုမျိုး နိုင်ငံတကာ ခေါ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုမျိုးကို KNU ကိုယ်တိုင် လုပ်တာမဟုတ်လည်း ပတ်သက်နေတယ်ဆိုတဲ့ အချက်အလက် အထောက်အထားတွေ ထွက်နေတာရှိတယ်။ ဆိုလိုတာ မြေငှားတာကအစ ရာခိုင်နှုန်း ဘယ်လောက် ရတာကအစ လုံခြုံရေး ယူနေရတာကအစ ဒါတွေကလည်း စစ်ကောင်စီရဲ့ ထောင်ချောက် အောက်ထဲ လုံးဝရောက်သွားတဲ့ အကျပ်အတည်း ဖြစ်နေတယ်။ ဒါကို သူဘယ်လို ရုန်းထွက်မလဲဆိုတာကိုတော့ ကျနော်လည်း ပြောလို့မရဘူးပေါ့နော်။ (၃) ဖွဲ့စလုံးက အကျပ်အတည်း ဖြစ်နေတာပါ။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့က Third Parties Organization ဝင်လာမှသာလျှင် ဖြေရှင်းလို့ ရနိုင်လိမ့်မယ်လို့ ယူဆတယ်။

မေး။ ။ Third Parties ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ ဖြည့်စွက်ပြောပြပေးပါဦး။

ဖြေ။ ။ Third Party ကတော့ တရုတ်ဖြစ်ပါတယ်။ ဒုတိယကတော့ US တတိယကတော့ ထိုင်းပေါ့။ တရုတ်ရယ်၊ US ရယ်၊ ထိုင်းရယ်က သူတို့အခေါ် နယ်စပ်ဖြတ်ကျော်တဲ့ ရာဇဝတ်မှုအပေါ်မှာ တစ်နိုင်ငံချင်းစီက Action ဘယ်လိုယူမှာလဲဆိုတာ (၃) နိုင်ငံရဲ့ဗျူဟာအပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ ချုပ်ပြောရရင် ပြဇာတ်ရဲ့ Opera က မြဝတီဆိုပေမယ့် တကယ့်ပြဇာတ်အခင်းအကျင်းက ရွှေကုက္ကိုလ်နဲ့ KK Park ပဲ ဖြစ်တယ်။ နောက်ပိုင်းမှာလာမယ့် ပကတိအခင်းအကျင်းရဲ့ ရွှေကုက္ကိုလ်နဲ့ KK Park ကို အခုနက အဲဒီက အင်အားစုကရော Third Parties ကရောပေါ့နော် နိုင်ငံတကာကအစ ဒါကိုဘယ်လို အရေးယူဆောင်ရွက်ကြမလဲ ဒီဇာတ်လမ်းကို ဘယ်လိုကမလဲဆိုတာကို စောင့်ကြည့်နေကြမယ့် အခြေအနေဖြစ်တယ်။

မေး။ ။ မြေပြင်တိုက်ပွဲဖော်ဆောင်နေကြတဲ့ ရှေ့အလားအလာကရော ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ စစ်ကောင်စီက ဘယ်လိုမှ မတိုးလာဘူးဆိုတာတော့ ရှင်းတယ်။ လေယာဥ်ပစ်တာကလွဲလို့ မြေပြင်မှာ ဘယ်လောက်မှ တိုးလာမှာမဟုတ်ဘူး။ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီကို တော်လှန်နေတဲ့ PDF ပဲ ဖြစ်ဖြစ် KNLA ပဲဖြစ်ဖြစ် တခြားသော DKBA, PC, BGF တို့ နောက်ပိုင်းအခြေအနေမှာ ကရင့်လက်နက်ကိုင် အခြားအဖွဲ့လိုပဲ စစ်ကောင်စီကို ထင်ထင်ရှားရှား တိုက်ခိုက်မယ့်ပုံကတော့ မလွဲမသွေ ပေါ်လာမှာပါ။ စစ်ရေး အခြေအနေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့က အပေါ်စီးရမလဲလို့ ပြောလို့မရသော်ငြား စစ်ကောင်စီ အတွက်ကတော့ စစ်ရေးအရ အပေါ်စီးရလာမှာ မဟုတ်ပါဘူး။

မေး။ လောလောဆယ်မှာ မြဝတီဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် ဆုံးရှုံးလိုက်ရတဲ့အပေါ် လူထုက စိတ်မကောင်း ဖြစ်နေကြတယ်ဆိုတော့ နောက်တကြိမ်ထိန်းချုပ်နိုင်မယ့် အခြေအနေရော ရှိပါ့မလား။ ဘေးကနေ ကြည့်တဲ့အမြင်မှာ ဘယ်လိုမြင်သင့်သလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ မြဝတီလို မဟာဗျူဟာကျတဲ့နေရာကို ကပ်နိုင်ဖို့၊ သိမ်းနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သိမ်းတုန်းကလည်း မလွယ်ပါဘူး။ ကာလကြာရှည်ကြာပြီးတော့မှ ကော့ကရိတ်၊ ဝေါလေ၊ ဖလူး စသဖြင့် ပတ်ဝန်းကျင် အခင်းအကျင်း၊ နယ်မြေဒေသခံတွေရဲ့ အခင်းအကျင်း၊ စစ်ရေးအရ၊ နိုင်ငံရေးအရ အားလုံးကို ချိန်ဆပြီးမှပဲ စစ်ကောင်စီကလည်း လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူး။ စစ်ရေးမဟာဗျူဟာ ကျတဲ့နေရာလည်းဖြစ်သလို နိုင်ငံရေးအရ အစိုးရတရပ် အနေနဲ့ နိုင်ငံတကာဆက်သွယ်ရေးမှာ မဟာဗျူဟာကျနေတဲ့အတွက်ကြောင့် မြဝတီကိုသိမ်းနိုင်ဖို့ မလွယ်တဲ့ကိစ္စပါ။ မလွယ်ဘူးဆိုတာလည်း မြဝတီကို သိမ်းနိုင်ရေးအခြေအနေက အခုမှစတာ မဟုတ်ဘူး။ ၂၀၂၃ ကတည်းက စနေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ပြန်ကြည့်မယ်ဆိုရင် ဗျူဟာမြောက်ပေါ့။ ကော့ကရိတ်ကို ဖြတ်မလား၊ သူ့ပတ်ဝန်းကျင်ဖြစ်တဲ့ ဖလူးတို့ ဝေါလေတို့ ရွှေကုက္ကိုလ်တို့ကို အရင်ဖြတ်မလား။

ကျနော်တို့ ကြည့်လိုက်ရင် ၂၀၂၃ ကတည်းက မြဝတီကို သိမ်းနိုင်ရေး စနေပြီးသားဖြစ်တယ်။ တော်လှန်ရေးဘက်က ချည်းကပ်ဆောင်ရွက်နေပြီးသား ဖြစ်တယ်။ ဒါကြောင့်မြဝတီကို သိမ်းနိုင်ဖို့ မဟာဗျူဟာအရ ၂၀၂၃ ကတည်းက ချဥ်းကပ်ပြီး လုပ်ဆောင်လာရာမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလည်း အများကြီးရှိခဲ့တယ်။ နောက်ဆုံးကျမှ ခလရ-၂၇၅ ကို သိမ်းနိုင်တဲ့အဆင့်အထိ လက်နက်တွေ ချလာတဲ့အထိ လုပ်နိုင်တာ လွယ်တာတော့မဟုတ်ဘူး။ သို့သော် ပြန်ပေးလိုက်ရတဲ့ ကိစ္စကတော့ ကျည်တစ်ပေါက်မှ မထွက်ဘဲ လွယ်လွယ်လေးပဲ ဖြစ်တာကြောင့် ပြည်သူလူထုတွေလည်း ဒီအပေါ်မှာ ရင်ထုမနာ ဖြစ်ပါတယ်။

ရှင်းအောင် ပြောရမယ်ဆိုရင်တော့ ကျည်တစ်ပေါက် မှ မပေါက်ဘဲ ပြန်ပေးလိုက်ရသလို တနေ့နေ့တချိန်ချိန်မှာ မြဝတီက တော်လှန်ရေးအင်အားစုတွေ လက်ထဲကို ကျည်ဆံတစ်တောင့်မှ မကုန်ဘဲနဲ့ ပြန်ရသွားနိုင်ပါတယ်။ ကျနော့်အနေနဲ့ မျှော်လင့်ချက် အရမ်းပေးတာလည်း မဟုတ်ဘူး။ ပကတိဖြစ်နေတဲ့ အကြောင်းအရင်းက မြဝတီ မဟုတ်ဘူး။ နောက်ဆက်တွဲလာမယ့် ရွှေကုက္ကိုလ်၊ KK Park ဆိုတဲ့ အခင်းအကျင်းကို ဘယ်လိုကိုင်တွယ်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာအပေါ်မှာ မူတည်တဲ့ အတွက်ကြောင့် လမ်းကြောင်းက ရွှေကုက္ကိုလ်နဲ့ KK Park ကို ရောက်သွားတာနဲ့ တပြိုင်နက် မြဝတီကို တော်လှန်ရေးအဖွဲ့တွေ ကျည်တစ်တောင့်မှမကုန်ဘဲ ပြန်ရနိုင်မယ် ဆိုတာကို ကောက်ချက်ချချင်ပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here