စစ်ကောင်စီတပ်က ဆွာမြို့အရှေ့ဘက်ကမ်းရွာမှ ဒေသခံ ၄ ဦးကို ပစ်သတ်ပြီး ၅ ထက်မနည်းကို ဖမ်းဆီးထား

0
41
ပုံစာ - ဆွာမြို့အရှေ့ဘက်ကျေးရွာတစ်ရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ပျက်စီးသွားသည့်နေအိမ် (ပုံဟောင်းဖြစ်သည်/ Photo - CJ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ ရွာသစ်ကျေးရွာမှ ဒေသခံအရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဧပြီလ ၂၁ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားသည့် ခင်တန်းနှင့် ထန်းပင်ကုန်းရွာရှိ ဒေသခံ ၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခံထားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဆွာမြို့အရှေ့ဘက်ရှိ ခင်တန်း၊ ကိုးတန်း၊ ဆွာရွာမ နှင့် ထန်းပင်ကုန်းကျေးရွာ အစရှိသည့်ကျေးရွာတို့တွင် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်မဆုတ်ခွာဘဲ အချို့ရွာများအတွင်း နေထိုင်ကင်းလှည့်နေစဥ် ထိုကဲ့သို့ ဒေသခံရွာသားများ ဖမ်းဆီး သတ်ဖြတ်ခံရမှု ဖြစ်ပွားခြင်းဖြစ်သည်။

ရွာသစ်ကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ရွာအတွင်းရှိ ရွာသားပိုင် နေအိမ် ၇ လုံးကို မီးရှို့ပြီး အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် နောက်ထပ်ဒေသခံရွာသား၂ ဦး စုစုပေါင်း ၄ ဦးကို အကြောင်းပြချက်မရှိဘဲ ပစ်သတ်ခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက အခုလိုပြောသည်။

“သူတို့က ခင်တန်းတို့၊ ထန်းပင်ကုန်းတို့ဘက်မှာ တပ်ထိုင်ထားပြီး အနားကရွာတွေကို လိုက်မွှေတယ်။ ၂၁ ရက် နေ့ကြတော့ ရွာသစ်ရွာဘက်ကို ဝင်ပြီး အိမ် ၆ လုံးကို မီးရှို့သွားတယ်။ ရွာသား ၄ ယောက်ကို ပစ်သတ်တယ်။ တစ်ယောက်ကိုကြတော့ အိမ်မီးလောင်နေတဲ့ထဲ မီးထည့်ရှို့တယ်။ ပစ်သတ်ခံရတဲ့ထဲမှာ မိန်းကလေးတစ်ယောက် နဲ့ ကလေးတစ်ယောက်ပါတယ်။ ဘာကြောင့်ပစ်သတ်ခံရသလဲဆိုတာ ကျနော်တို့မသိရဘူး။ သေသွားတဲ့သူတွေကတော့ ရွာထဲမှာ ပိတ်မိကျန်ခဲ့တဲ့သူတွေထင်တယ်” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

ထို့အပြင် ဧပြီလ ၁၇ ရက်နေ့က အနောက်ကုန်းရွာနှင့် အခြားရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ခဲ့မှုအပါအဝင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပိတ်မိ ကျန်ရစ်သူရွာသား ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူတို့နှင့်နီးစပ်သူတစ်ဦးက “ကိုးတန်းမှာဖြစ်တော့ အမျိုးတွေကို ပစ္စည်းကူရွှေ့ပေးဖို့သွားတဲ့ ကန်လှနဲ့ သဲကောရွာက ရွာသားနှစ်ယောက်ကို စစ်တပ်ကဖမ်းထားလိုက်တာ အခုချိန်ထိ ဘာသတင်းမှမရဘူး။ ကြားနေတာ တော့ ခင်တန်းမှာ ဖမ်းထားတယ်တဲ့။ နောက်ပြီး ထန်းပင်ကုန်း၊ ခင်တန်းဘက်ကရွာသား ၇ ယောက်၊ ၈ ယောက် လောက်ကိုလည်း ဖမ်းထားတယ်လို့ပြောတယ်။ အဲဒီအထဲမှာ သတ်ပစ်ခံလိုက်ရတဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။

အဆိုပါ ရွာ ၈ ရွာရှိ ဒေသခံ ၂ ထောင် ထက်မနည်းသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသလို မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေရပ်ပြန်စဥ် စစ်ကောင်စီတပ်ဖွဲ့များနှင့် တွေ့ဆုံမိပါက ဖမ်းဆီးသတ်ဖြတ် ခံနေရသည့်သတင်းများကြောင့် လတ်တလောနေအိမ်သို့ မပြန်ကြရန် ဒေသအတွင်း လှုမှုရေးလှုပ်ရှားသူအချို့က သတိပေးထားသည်။

ပြီးခဲ့သည့်တပတ်အတွင်း ဆွာမြို့အရှေ့ဘက်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၀ ဦး ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here