မြဝတီမြို့တိုက်ပွဲကြောင့် မြန်မာဘက်မှဒေသခံထောင်ချီ ထိုင်းဘက်သို့ စစ်ရှောင်ပြေးနေရ

0
41
ပုံစာ - ထိုင်းနိုင်ငံဘက်ခြမ်းရှိ မြန်မာစစ်ဘေးရှောင်များ (Photo – Social Media)

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တွင် စစ်ကောင်စီ၏မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ အကြွင်းအကျန်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲကြောင့် မြန်မာဘက်မှ ဒေသခံထောင်ချီ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ဧပြီ ၂၀ ရက်နေ့တွင်လည်း မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားနားနှင့် ရေပူကုန်းရပ်ကွက် တဝိုက်တွင် စစ်ကောင်စီ၏ Y12 အမျိုးအစား လေယာဉ်တစ်စင်း ဝဲပျံလျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

KNLA တပ်ဖွဲ့ဝင်တစ်ဦးက “Y12 က အကြာကြီး ဝဲလို့ရတယ်လေ။ ရေပူအနောက်နဲ့ အမှတ် (၂) တံတားဘက်ပေါ့ သူ့လေယာဉ်က ကင်းထောက်လေယာဉ်ဆိုတော့ ဂျက်လိုမျိုး အရှိန်နဲ့သွားတာ မဟုတ်ဘူး။ ကိုယ့်ပိုင်နက်ထဲ ပတ်နေလို့ ရတယ်။ မနက်ကတည်းက ပတ်ဝဲပြီး အခုချိန်ထိ ကြဲချနေတုန်းပဲ။ ကျနော်တို့ဘက်ကအဖွဲ့လည်း တံတားနားမှာ ရှိသေးပေမယ့် လေယာဉ်လာကြဲတဲ့အချိန် ပုန်းနေရတယ်” ဟု ပြောသည်။

မြဝတီမြို့စောင့်တပ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၇၅ အကြွင်းအကျန်ကို ယမန်နေ့ (ဧပြီ ၂၀ ရက်နေ့) ညပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ထိုသို့လေကြောင်းအကူအညီ ပေးလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုနေ့ (ဧပြီ ၂၀ ရက်) နေ့လည်ပိုင်းအထိ စစ်ကောင်စီလေယာဉ်မှ ဗုံးကြဲချသည့် အရေအတွက် ၄၀ နီးပါးရှိလာတာကြောင့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ရေပူကုန်းနှင့် ဝါးတောရပ်မှ ဒေသခံပြည်သူ ၃၀၀ ခန့်သည် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ထို့အတူ KNLA ပူးပေါင်းတပ်ဘက်ကလည်း အမှတ် (၂) တံတားနားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြီးသတ် တိုက်ခိုက်နိုင်ရန် ကြိုးစားလျက်ရှိရာတွင် တချို့ကို အသက်ရှင်လျက်နှင့် တချို့ကို အသေဖမ်းဆီးရမိခဲ့သလို ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းသူတချို့ကိုလည်း လေကြောင်းရန်ကြားမှ လိုက်လံပစ်ခတ်နေကြောင်း KNLA သတင်းအရင်းအမြစ်နှင့် နီးစပ်သူများထံမှ သိရသည်။

မြဝတီမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသည့် အရေအတွက်ကို အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။

ဧပြီလ ၁၉ ရက်နေ့ကလည်း ကျုံဒိုးချောင်းဖျားနှင့် နဘူးလမ်းကြောင်းမှ စစ်ကူတက်လာသော စစ်ကောင်စီတပ်များကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် အနီးနားရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲချခဲ့ရာတွင် ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အင်အား ၅၀၀ ခန့် ပါဝင်သည့် အဆိုပါစစ်ကောင်စီတပ်များ မြဝတီမြို့သို့ စစ်ကူမရောက်ရှိနိုင်ရေးအတွက် ပူးပေါင်းတပ်များက အပြင်းအထန် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို အသေပစ်ခတ်နိုင်ခဲ့သည်ဟု KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များဘက်က ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here