ရမ်းဗြဲကျွန်းပေါ်ရှိ စနဲမြို့ဒေသခံရာချီ စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်နေလို့ ထွက်ပြေးနေကြရ

0
50

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူမြို့နယ်ပိုင် စနဲမြို့ကို ဇင်ချောင်းမြစ်ပေါ်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီ (Navy) ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်နေသဖြင့် ဒေသခံရာနှင့်ချီ ထွက်ပြေးနေကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီဘက်က ထိုသို့အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တာကြောင့် စနဲမြို့ပေါ် ရပ်ကွက်များနှင့် အလယ်ဒွိန်အုပ်စု၊ တောင်မော်ကျေးရွာနှင့် ကျောက်ဆည်ရွာတို့မှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု စနဲမြို့ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါသည်။

“အခုရက်ပိုင်း စနဲမြို့နဲ့ နီးတဲ့နေရာတွေကို လှမ်းပစ်နေတာ။ တိုက်ပွဲလည်း မရှိဘူး။ ဒီနေ့ဆိုရင် ဒရုန်းနဲ့အရင် လာပစ်တယ်။ ပြီးမှ ဇင်ချောင်း ချောင်းမှာရပ်ထားတဲ့နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့ အများဆုံးပဲ။ ဆယ့်တစ်လုံးလောက် ရှိတယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော်လည်း နေအိမ်အများစုတွင် သက်ကြီးရွယ်အိုများနှင့် ၎င်းတို့အား စောင့်ရှောက်ရန် ကျန်နေရစ်သူမိသားစုဝင်များ ကျန်ရှိနေ၍ စိုးရိမ်နေရ သည်ဟု ၎င်းက ဆက်ပြောသည်။

စနဲမြို့ခံတစ်ဦးက “စနဲမြို့ပေါ်က လူတွေလည်း ထွက်ပြေးနေကြပြီ။ မြို့မှာ အိမ်စောင့်နေတဲ့လူလောက်ပဲ ရှိတော့တယ်။ ဒီနေ့ဆိုရင် မြို့နဲ့နီးတဲ့ ရွာဖက်တွေကလူတွေလည်း လုံခြုံတဲ့နေရာတွေကို တိမ်းရှောင်နေကြ ရပါပြီ။ မိုင်းတွေ ကလည်းထောင်ထားတော့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်” ဟု ဆိုသည်။

စနဲမြို့နှင့် ၃ မိုင်နီးပါး ကွာဝေးသည့်နေရာတွင် တောင်ကြီးမော် ရေတပ်စခန်းရှိပြီး အဆိုပါစခန်းကလည်း လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ရခိုင်တွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလအထိ စစ်ဘေးရှောင် ၃ သိန်းကျော် အထိရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ပိုတိုးလာနေသည်ဟု လူမှုရေးကူညီရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here