နမ်ဖတ်ကာတွင် လက်နက်ကိုင်တပ်ဖွဲ့ဂိတ် များလွန်းတာကြောင့် ဒေသခံများ သွားလာရေးအခက်ကြုံနေကြရ

0
63
ပုံစာ - ပြီးခဲ့နှစ်က KIA သိမ်းပိုက်ထားနိုင်ခဲ့သည့်နမ့်ခိုင်ဂိတ် (ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ၌ တအာင်းတပ်မတော် TNLA တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဂိတ်များ ၁၀ ခုထက်မနည်းရှိနေတာကြောင့် ဒေသခံပြည်သူများ သွားလာရေးတွင် အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဖတ်ကာကျေးရွာ အဝင်အထွက်လမ်းကြောင်းအားလုံးတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ်များရှိသလို ပူးပေါင်းဂိတ်များလည်းရှိပြီး ဂိတ်အလွန်များနေသည့်အတွက် ခရီးသွားပြည်သူများ အတားအဆီးဖြစ်ပြီး အခက်ကြုံတွေ့နေရသည်ဟု ၎င်းတို့ကပြောဆိုကြသည်။

“လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အရမ်းများတယ်။ TNLA ၊ ကိုးကန့် MNDAA ၊ KIA အားလုံးရှိတယ်။ လမ်းမှာ ဂိတ်အရမ်းများတယ်။ အဖွဲ့အရမ်းများတော့ ဂိတ်တိုင်း အခွန်ဆောင်ရတယ်။ အဲဒီအခွန်တွေဆောင်ရခြင်းအားဖြင့် ကျေးရွာထဲမှာက ကုန်ပစ္စည်းတွေ သွင်းဖို့ထုတ်ဖို့ အတော်ခက်ခဲသွားတာပေါ့” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောသည်။

တအာင်းတပ်မတော် TNLA ဂိတ်သည် လက်ရှိ၌ နမ့်ဖတ်ကာတစ်ခုလုံးကို မြင်နိုင်သော နမ့်ဖတ်ကာ – နမ့်ခမ်းဘက် သွားသည့်လမ်းပေါ်ရှိ တောင်ကုန်းမြင့်ပေါ်တွင် တပ်စခန်းတည်ဆောက်ပြီး ဂိတ်ထိုင်ထားသည့်အပြင် နမ့်ဖတ်ကာ – နမ့်ခမ်းသွားလမ်းပေါ်၌ ဂိတ် ၂ ခု၊ ကွတ်ခိုင်ဘက်သွား လမ်းပေါ်တွင် ဂိတ် ၂ ခု၊ မူဆယ်ဘက်သွားလမ်းပေါ်၌ ဂိတ် ၁ ခု စုစုပေါင်း နမ့်ဖတ်ကာတဝိုက်တွင် TNLA ဂိတ် ၅ ခု ရှိသည်ဟု ဆိုသည်။

အလားတူ နမ့်ဖတ်ကာ ကနေ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းဘက်သွားသည့် အဝင်/အထွက်လမ်းကြောင်းပေါ်၌ KIA ဂိတ်စခန်း ၅ ခု နီးပါး ရှိကြောင်း သိရသည်။

နမ့်ဖတ်ကာကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသိမ်းပိုက်လိုက်နိုင်ပြီး လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီ ဖြစ်ပါသည်။

“နမ့်ဖတ်ကာထဲမှာ အဓိကတော့ KIA က အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတယ်။ တဖက်မှာ TNLA ၊ MNDAA တွေလည်း ရှိတာပေါ့။ KIA ကတော့ သွားပါ၊ မလာနဲ့ဆိုတာတွေတော့ မပြောဘူး။ KIA ကတော့ အတူယှဉ်တွဲ နေထိုင်တယ်။ တော်လှန်ရေးညီအစ်ကိုတွေ အချင်းချင်းဖြစ်တာကြောင့် အတူတူနေနေတာ ဖြစ်တယ်။ နိုင်ငံရေး အခြေအနေလည်း အတည်တကျ ဖြစ်သေးတာမဟုတ်တာကြောင့် လက်နက်ကိုင်အချင်းချင်း တော်လှန်ရေး တပ်ဖွဲ့တွေပဲ ဖြစ်တယ်လို့ ပြောတယ်။ ဒီပုံစံနဲ့ KIA ကတော့ ဘယ်သူ့ကိုမှ အတင်းအကြပ်တားမြစ်တာတွေ မရှိဘူးပေါ့” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါသည်။

ဒေသခံများ ပြောဆိုချက်အရ လက်ရှိတွင် KIA သိမ်းပိုက်ထားသည့် နမ့်ဖတ်ကာထဲကို TNLA ဂိတ်ထိုင်ခွင့် ပေးပေမယ့် TNLA သိမ်းပိုက်ထားသော နမ္မတူမြို့ထဲ၌ KIA တပ်ဖွဲ့ဝင်များကို ဂိတ်ချခွင့် မပေးတာ၊ ဝင်ခွင့် မပေးတာ၊ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် ပန်ဆိုင်းမြို့ထဲ KIA တပ်ဖွဲ့ဝင်များကို ဝင်ခွင့်မပြုတာလည်း ရှိနေတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြည်သူများ နေထိုင်ရ ခက်ခဲရသည်ဟုဆိုကြသည်။

လက်ရှိ၌ နမ့်ဖတ်ကာထဲတွင် တအာင်းတပ်မတော် TNLA နှင့် ကိုးကန့် MNDAA ကလည်း ဝင်ရောက်နေရာယူပြီး အတူယှဉ်တွဲ နေထိုင်နေကြတာလည်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မူဆယ်နှင့် လားရှိုးက လွဲပြီး မြို့နယ်အားလုံးနီးပါးကို မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က ထိန်းချုပ်ထားပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here