“အသွင်ကူးပြောင်းရေး ကာလအတွက်ကြတော့ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ရေးဆွဲနေပြီ ဖြစ်တယ်ပေါ့နော၊ စပြီးတော့ ရေးဆွဲနေပြီ။ ပညာရှင်တွေကနေ လေ့လာသင်ယူတာတွေပြီးမှ အခန်းလိုက်ပြန်ရေးဆွဲတာ စတင်နေပြီပေါ့နော၊ ဆိုတော့ ဒါကတော့ KSCC ကနေ လုပ်နေတာတွေရှိတယ်” ကရင်နီပြည်အတိုင်ပင်ခံကောင်စီ – KSCC ဥက္ကဌအောင်ဆန်းမြင့်

0
98
ပုံစာ - KSCC ဥက္ကဌအောင်ဆန်းမြင့်

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့အစည်း၏ ၃ နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး KSCC ဥက္ကဌအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် အင်အားစုများ အားလုံးပူးပေါင်းပါဝင်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဟု KSCC ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် အောင်ဆန်းမြင့်က ပြောသည်။

လက်ရှိ၌ KSCC အတွင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၊ နိုင်ငံရေးပါတီ ၁ ဖွဲ့၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် အမတ်များ၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့နှင့် CSO,CBO အဖွဲ့များ ပါဝင်သည်။

သို့သော် ကရင်နီပြည်တွင်းရှိ KSCC တွင် မပါရှိသေးဘဲ ကျန်ရှိနေသေးသည့် နိုင်ငံရေးအဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသေးသည်။ ထိုအင်အားစုများအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအပေါ် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KSCC ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ သုံးနှစ်ကာလသက်တမ်း ရှိသွားပြီ ဖြစ်သည်။ KSCC အဖွဲ့အစည်း၏ သုံးနှစ်တာအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး KSCC ဥက္ကဌအောင်ဆန်းမြင့်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို ဥက္ကဌတို့အနေနဲ့ ဘယ်လို စတင်ဖွဲ့စည်း ခဲ့ဖြစ်တာပါလဲ။

ဖြေ။ ။ ကျနော်တို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီကိုပေါ့နော ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ စတင်ပြီးတော့မှ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်တုန်းကတော့ ကျနော်တို့ KSCC မှာ ဖွဲ့စည်းပုံနဲ့ တာဝန်ဝတ္တရားတွေပေါ့နော၊ တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း ကျနော်တို့မရေးဆွဲ မပြဌာန်းနိုင်ခဲ့ဘူးပေါ့နော၊ အဲ့အချိန်တုန်းကလည်း တိုက်ပွဲတွေက ပြင်းထန်တယ်။ လူထုတွေကလည်း ဒုက္ခရောက်တဲ့အချိန် ဖြစ်တဲ့အတွက် လူထုတွေရဲ့ လုံခြုံရေးနဲ့ လိုအပ်ချက်တွေကိုပဲ ကျနော်တို့အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်ပေါ့။

အဲတော့ KSCC ရဲ့ အောက်ပါလုပ်ငန်းကော်မတီတွေပေါ့နော၊ ကော်မတီတွေဖွဲ့ပြီးမှ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးခဲ့တယ်။ ဥပမာအားဖြင့်ပြောရင် ကျနော်တို့က ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ လူသားချင်းစာနာထောက်ထားမှုကော်မတီ၊ ပြီးတော့ CDM ကော်မတီ၊ သပိတ်ကော်မတီ၊ နောက်ပြီးတော့ လုံခြုံရေးကော်မတီဆိုပြီး ကော်မတီလေးတွေ ဖွဲ့ပြီးတော့ လူထုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးခဲ့တယ်ပေါ့နော။ ဒါပေမဲ့ နှစ်နှစ်တာလုပ်ပြီးတဲ့နောက်မှာ အဲ့တုန်းကျနော်တို့ အဖွဲ့ဝင် ၃၇ ဦးနဲ့ စတင်ပြီး ဆောင်ရွက်ခဲ့တယ်ပေါ့။

မေး။ ။ ဖွဲ့စည်းပြီး သုံးနှစ်အတွင်းမှာ ဘာတွေကို အဓိကလုပ်ဆောင်ခဲ့တာပါလဲ။

ဖြေ။ ။ နှစ်နှစ်တာလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဖွဲ့စည်းပုံက ရှင်းရှင်းလင်းလင်း မဖြစ်တဲ့အတွက် လုပ်ငန်းလုပ်တဲ့အချိန်မှာ အားနည်းချက်တွေ တချို့တွေ့လာတယ်၊ လုပ်ပိုင်ခွင့်အပိုင်းနဲ့ တာဝန်ယူတာဝန်ခံမှု အပိုင်းက အားနည်းတာကိုတွေ့တယ်။ အဲ့တာကြောင့် ၂၀၂၂ ခုနှစ် မေလကစပြီး ကျနော်တို့ ကြားကာလအစီအမံဆိုပြီးတော့ ကျနော်တို့ ရေးဆွဲခဲ့ကြတာပေါ့။ ရေးဆွဲပြီးတော့ ဒီကျနော်တို့ ၂၀၂၃ ခုနှစ် အတွင်းပေါ့၊ ပါဝင်တဲ့အဖွဲ့အစည်းတွေကြားမှာ ရှင်းလင်းချပြသဘောတူညီချက်တွေ ယူခဲ့တယ်ပေါ့။ ယူပြီးတော့ KSCC ရဲ့ ပထမဆုံးညီလာခံကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့ ထိပေါ့နော ကျင်းပပြုလုပ် ခဲ့တယ်။ ကျင်းပပြုလုပ်ပြီးတော့မှ KSCC ကို ပြန်လည်ဖွဲ့စည်းခဲ့တာပေါ့နော။

အခုဆိုရင် KSCC မှာ ကျနော်တို့ အဖွဲ့ဝင် ၁၃ ဦး ရှိပါတယ်။ အဲ့တာကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း သုံးဖွဲ့ပါတယ်၊ နိုင်ငံရေးပါတီတဖွဲ့ရှိတယ်၊ နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များအစုအဖွဲ့ပါတယ်၊ နောက်ပြီးမှ လူငယ်၊ အမျိုးသမီး ပြီးတော့ CBO, CSO ဆိုပြီးတော့ ဒီအစုအဖွဲ့တွေအားလုံး KSCC မှာ ပေါင်းပြီးတော့မှ ပါဝင်တာပေါ့နော။ ကျနော်တို့အခု ပြန်အသစ်ဖွဲ့လိုက်တဲ့ KSCC ရဲ့အောက်မှာ ဒီလုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ ကဏ္ဍကြီး sector ၃ ခုကို ထပ်မံဖွဲ့စည်းလိုက်တယ်။ အဲ့တာတွေက ဘာတွေလဲဆိုတော့ ကြားကာလလွှတ်တော်ရှိတယ်။ ကြားကာလ အုပ်ချုပ်ရေးကောင်စီရှိတယ်။ နောက်ပြီးတော့ ကြားကာလတရားစီရင်ရေးမဏ္ဍိုင်ဆိုပြီးတော့ ၃ ခုကို ကျနော်တို့ တပြိုင်နက်တည်း အလုပ်လုပ်နေတာ ဖြစ်တယ်ပေါ့နော။

ဆိုတော့ KSCC မှာလည်း ကျနော်တို့ လုပ်ငန်းကော်မတီ ၄ ခုကို ဖွဲ့ပြီးတော့ ဆောင်ရွက်နေတယ်။ နံပါတ်တစ် ကတော့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ နံပါတ်နှစ်ကတော့ မူဝါဒရေးဆွဲရေးကော်မတီပေါ့နော၊ နံပါတ်သုံးကတော့ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုကော်မတီပေါ့နော၊ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဒီ ကရင်နီပြည် အတွင်းမှာရှိတဲ့ အစုအဖွဲ့တွေအားလုံးနဲ့သော်လည်းကောင်း ကရင်နီပြည်ပမှာရှိတဲ့ အင်အားစုတွေနဲ့ သော်လည်းကောင်း ကျနော်တို့အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေး ဘုံသဘောတူညီချက်တွေ ရယူဖို့အတွက် ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရတာဖြစ်တယ်။ အဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကော်မတီဆိုပြီး ကျနော်တို့ ဖွဲ့စည်းထားတာရှိတယ်။

နောက်ဆုံးတခုကတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေး ကော်မတီပေါ့နော၊ ဒီကော်မတီ လေးခုလောက် ဖွဲ့စည်းပြီးလုပ်နေတယ်။ အခုဆိုရင် ကျနော်တို့ကြားကာလအတွက်ကတော့ ကြားကာလ အစီအမံကို အခြေခံပြီးတော့မှ ကျနော်တို့ ကျင့်သုံးနေတယ်၊ အကောင်အထည်ဖော်နေတယ်။ အသွင်ကူးပြောင်းရေး ကာလအတွက်ကြတော့ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ရေးဆွဲနေပြီဖြစ်တယ်ပေါ့နော၊ စပြီးတော့ ရေးဆွဲနေပြီ။ ပညာရှင်တွေကနေ လေ့လာသင်ယူတာတွေ ပြီးမှ အခန်းလိုက်ပြန်ရေးဆွဲတာ စတင်နေပြီပေါ့နော၊ ဆိုတော့ ဒါကတော့ KSCC ကနေ လုပ်နေတာတွေရှိတယ်။

မေး။ ။ နောက်ထပ် ဘယ်လိုတွေ ထပ်လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ဆိုတော့နောက်ပိုင်းမှာ KSCC ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အားလုံးပါဝင်ရေးကိုလည်း ပြည်နယ်တွင်းမှာရှိတဲ့ အင်အားစုတွေ အားလုံးပူးပေါင်းပါဝင်မှုကိုလည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့လူထုတွေလိုအပ်တဲ့ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာအကူအညီများ ရရှိရေးအတွက် နိုင်ငံတကာနဲ့သော်လည်းကောင်း နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း KSCC ကနေ ချိတ်ဆက်ဆောင်ရွက် ပေးနေတာတွေလည်း လုပ်ပါတယ်ပေါ့နော။ ဒါကတော့ KSCC ရဲ့လုပ်ငန်းအကြမ်းဖျင်းကို ကျနော်တို့ ဖော်ပြတာဖြစ်တယ်။ နောက်တခုက ကျနော်တို့ ဒီကြားကာလအစီအမံအရပေါ့နော ခုနပြောတဲ့ implementation sector ကြီး ၃ ခုကို ကျနော်တို့လုပ်ငန်းအကောင်အထည်ဖော်ရေး ကဏ္ဍသုံးခုကို ကျနော်တို့ဖွဲ့စည်းလိုက်တာပေါ့။

ပြီးတော့ ပထမဆုံးအနေနဲ့ ကြားကာလလွှတ်တော်ကိုတော့ ၂၀၂၀ ရွေးကောက်ခံအမတ်ပေါ့နော၊ အခု လောလောဆယ် ၁၅ ဦးနဲ့ ကျနော်တို့ဖွဲ့စည်းထားတယ်။ သူ့အောက်မှာ ကော်မတီ ၅ ခုကိုလည်း ဖွဲ့စည်းထားတယ်၊ အဲ့ဒါက ကြားကာလလွှတ်တော်ရဲ့လုပ်ငန်းကော်မတီတွေကတော့ နိုင်ငံတကာဆက်ဆံရေး ကော်မတီရှိတယ်၊ လူထုရေးရာကော်မတီရှိတယ်၊ နောက်ပြီးတော့ ဘဏ္ဍာငွေကြေးဆိုင်ရာ စီစစ်စောင့်ကြည့်ရေးကော်မတီဆိုတာ ရှိတယ်။ နောက်တခုက ကျနော်တို့ ဒီဥပဒေကြမ်းရေးဆွဲရေး ကော်မတီဆိုတာရှိတယ်။ နောက်တခုက လွှတ်တော်အမတ်များ စီစစ်ကြပ်မတ်ရေးကော်မတီ ဆိုပြီးတော့မှ ငါးခုနဲ့ပေါ့နော။ လွှတ်တော်ကလည်း လွှတ်တော်လုပ်ငန်းကို လုပ်နေတယ်။ ဒီနှစ်အတွင်းမှာဆိုရင် လွှတ်တော်ကနေပြီးမှ ကရင်နီပြည်နယ်ရဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။

နောက်ပြီးတော့ ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ဒါကတော့ ကြားကာလ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်ပေါ့နော။ နောက်တခုက ကြားကာလအုပ်ချုပ်ရေးကောင်စီပေါ့။ အားလုံးသိကြတဲ့ IEC ပေါ့။ IEC မှာတော့ ကျနော်တို့ ကြားကာလအစီအမံအရ ကျနော်တို့ KSCC က ဥက္ကဌ နှစ်ဦးကို ပထမဦးဆုံး ရွေးချယ်ပေးခဲ့တာ ဖြစ်တယ်ပေါ့နော။ နောက်ပြီးတော့ ဒီဥက္ကဌနှစ်ဦးမှ ကောင်စီဝင်တွေကို ထပ်မံရွေးချယ်တယ်၊ ရွေးချယ်တဲ့အတွက် အခု IEC မှာကောင်စီဝင် ၆ ဦး ရှိတယ်။ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး – ၁၊ အတွင်းရေးမှူး -၂ ဆိုပြီးတော့မှ၊ နောက်တခုက ဘဏ္ဍာရေးအရာရှိဆိုပြီးတော့မှ ၆ ဦး ပေါ့နော၊ ဥက္ကဌ ၂ ဦး အပါအဝင် ၆ ဦး ရှိတယ်။ အဲ့ဒီအောက်မှာမှ အခုလောလောဆယ် သူတို့ဌာနဆိုင်ရာ ၈ ခုနဲ့ ဖွဲ့စည်းထားတယ်။

ကျနော်တို့ဒီ ကြားကာလအုပ်ချုပ်ရေးကောင်စီအောက်မှာ ဌာန ၈ ခု ဖွဲ့စည်းထားတာပေါ့နော။ အဲ့ဒီဌာနတွေ ကတော့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဌာန ၊ လူသားချင်းဆိုင်ရာ စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန နောက်ပြီး တရားရေးဌာနပေါ့နော၊ နောက် စီမံကိန်းနဲ့ ဘဏ္ဍာရေးနဲ့ အကောက်ခွန်ဌာနပေါ့နော၊ နောက်တခုကကြ ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ သယ်ယူပို့ဆောင်ရေးဌာနဆိုပြီးတော့ ကျနော်တို့ ဌာန ၈ ခုနဲ့ ဖွဲ့စည်းထားပြီးတော့မှ သူတို့အလုပ်လုပ်နေတယ်။ ဒါကတော့ IEC ရဲ့အောက်မှာပေါ့နော။ နောက်ပြီး ဒီကျနော်တို့ တရားစီရင်ရေးလုပ်ငန်းတွေအနေနဲ့ကြတော့ KSCC ကနေ ပြည်နယ်တရားသူကြီး ရွေးချယ်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းပြီးတယ်။

အဲ့ဒီရွေးချယ်ရေးကော်မရှင်ကမှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားသူကြီး ၃ ဦးကို ရွေးချယ်ပြီးတော့မှ ကျနော်တို့ အတည်ပြုခဲ့ကြပြီး ဖြစ်တယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ ကရင်နီပြည်နယ်မှာပေါ့နော ပြည်နယ် တရားရုံးရှိတယ်။ ကျနော်တို့ကတော့ supreme court လို့ ခေါ်တာပေါ့နော၊ ပြည်နယ်ရဲ့ အမြင့်ဆုံးတရားရုံး ဆိုပြီးတော့ရှိတယ်။ နောက်ပြီးတော့ ဒီခရိုင်တရားရုံးနှစ်ခု တည်ဆောက်ထားပြီးပြီ။ မြို့နယ်တရားရုံး ၅ ခုပါ တည်ဆောက်ထားပြီးပြီ၊ ဒါကတော့ လောလောဆယ်ပေါ့နော။ ဒီသုံးနှစ်တာကာလအတွင်းမှာ ကျနော်တို့ လုပ်နေတဲ့ KSCC အောက်မှာပေါ့။ ကျနော်တို့ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေး ယန္တရားသုံးခုရဲ့လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ KSCC နဲ့ အသစ်ထပ်ဖွဲ့စည်းလိုက်တဲ့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့ ဘယ်လိုချိတ်ဆက် ဆောင်ရွက်နေကြတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ကြားကာလအစီအမံအရ ကြားကာလအစီအမံပြဌာန်းချက်တွေကို ခုနကပြောတဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ၃ ခု ပေါ့နော။ ကြားကာလလွှတ်တော်တို့ ၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ ၊ ကြားကာလတရားစီရင်ရေးမဏ္ဍိုင်တို့ အကောင်အထည်ဖော်ရေးမှာ လိုက်နာပြီး ဆောင်ရွက်သွားဖို့ ကျနော်တို့က လမ်းညွှန်ပေးရတာမျိုးတွေ ဒါတွေ KSCC မှာ တာဝန်ရှိပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ IEC တို့ ကျနော်တို့ ကြားကာလလွှတ်တော်တို့ တရားစီရင်ရေးဌာနတို့မှာ လိုအပ်တဲ့မူဝါဒတွေကို ရေးဆွဲပြဌာန်းပြီးတော့မှ အတည်ပြုပေးရတဲ့တာဝန်တွေရှိတယ်။ KSCC က နောက်ပြီးတော့ ဥပမာအားဖြင့် ပြည်နယ်လုံးဆိုင်ရာ ကြားကာလဥပဒေကို ပြဌာန်းမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ကြားကာလလွှတ်တော်မှာ အတည်ပြုရတယ်ဆိုပေမဲ့ ကျနော်တို့ KSCC ရဲ့ သဘောတူချက်ကို ရယူရတယ်။ ညှိနှိုင်းရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ KSCC က အစုအဖွဲ့တွေအားလုံးကို ကရင်နီပြည်ထဲမှာရှိတဲ့ အစုအဖွဲ့တွေ အားလုံးကို ကိုယ်စားပြုထားတဲ့အတွက် ကျနော်တို့ရဲ့သဘောတူညီချက်ကို ယူပြီးတော့မှပဲ ကြားကာလ လွှတ်တော်ကို ကျနော်တို့အတည်ပြုပြီး ပြဌာန်းရတယ်။ နောက်ပြီးတော့မှ IEC ကနေပြီးတော့မှ ဒါကို ထုတ်ပြန် ကြေညာတယ်ပေါ့နော။ အဲဒီလိုကနေတဆင့် ကျနော်တို့ချိတ်ဆက်ပြီး ဆောင်ရွက်ရတာဖြစ်တယ်။ နောက် IEC အောက်မှာ ဌာနဆိုင်ရာတွေ သူ့ဟာသူရှိတယ်ဆိုပေမဲ့လည်း ကျနော်တို့ကရင်နီပြည်အရေးကို ဝိုင်းပြီးတော့မှ ဆောင်ရွက်တဲ့အတွက် နိုင်ငံရေးဆိုင်ရာတွေပေါ့နော။

တခြားအစုအဖွဲ့တွေနဲ့ ဆောင်ရွက်ရတာတွေ နောက်ပြီးတော့မှ အလှူရှင်တွေ၊ သံရုံးတွေနဲ့ တွေ့ရတဲ့အချိန်တွေမှာ လုပ်ဆောင်ချက်တွေ Information တွေပေါ့နော၊ သတင်းအချက်အလက် မျှဝေတာမျိုးတွေ နောက်သူတို့လုပ်ငန်း အကောင်အထည်ဖော်ဖို့ အတွက်ပေါ့နော၊ ဒီဘဏ္ဍာရေးဆိုင်ရာ ရရှိဖို့အတွက် ကျနော်တို့ ချိတ်ဆက် ဆောင်ရွက်မှုတွေလုပ်ရတယ်ပေါ့နော။ နောက်တခုက ကျနော်တို့ပြည်သူလူထုကို ရှင်းလင်းချပြရတဲ့ အချိန်မှာလည်း မူဝါဒအနေနဲ့ သော်လည်းကောင်း၊ လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေအရ သော်လည်းကောင်း၊ ကျနော်တို့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကို ရှင်းလင်းချပြရတဲ့ အချိန်မှာလည်း KSCC, IEC ဆိုပြီးတော့မှ ကျနော်တို့ပူးတွဲပြီးတော့ အလုပ်လုပ်တာမျိုးတွေ ရှိပါတယ်။

မေး။ ။ ကရင်နီပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ဒေသတွေလည်း ရှိလာပြီဆိုတော့ လက်ရှိမှာ အဲဒီဒေသတွေအတွင်း အုပ်ချုပ်ရေးဖော်ဆောင်နေတာတွေ ရှိပြီလား။ ဥပမာ မယ်စဲ့လို တိုင်းရင်းသားလက်နက်ကိုင်တွေများပြားနေတဲ့ ဒေသတွေမှာကော ဘယ်လိုမျိုးပုံစံနဲ့ ဖော်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ အဲဒီမှာက နယ်မြေရဲ့အနေအထားအပေါ်မှာ မူတည်တာပေါ့နော။ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ ချာတာမှာ သော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကြားကာလအစီအမံတွေမှာ သော်လည်းကောင်းပေါ့နော ပြဌာန်းထားချက်တွေရှိတယ်။ အဲဒါက ကရင်နီပြည်အတွင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေ လုပ်ဆောင်မယ်ဆိုလို့ရှိရင် ရှိပြီးသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ရေး ယန္တရားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာ ကျနော်တို့ ပြဌာန်းထားပြီးသားဖြစ်တယ်။ အဲဒီအတွက်ကြောင့် တချို့နေရာဒေသတွေမှာ ဆိုလို့ရှိရင် သူ့ရှိပြီးသား အုပ်ချုပ်ရေးတွေနဲ့ လုပ်ထားတဲ့ သူ့အုပ်ချုပ်ရေးတွေရှိတယ်။

အဲဒီအချိန်မှာ ကျနော်တို့ IEC ရဲ့ အုပ်ချုပ်ရေးတွေနဲ့ ညှိနှိုင်းဆောင်ရွက် ရတာတွေ ရှိတယ်။ နောက်တခုကြတော့ မယ်စဲ့လို နေရာမျိုးတွေမှာပေါ့နော။ ကလလတလည်း ရှိတယ်ပေါ့နော၊ KNPP လည်း ရှိတယ်ပေါ့နော၊ KA လည်း ရှိတယ်၊ တခြားအစုအဖွဲ့တွေလည်း ရှိတယ်ဆိုတော့ ဒီလိုနေရာမျိုးမှာ ကျနော်တို့ စုပေါင်းအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ရတယ်ပေါ့နော။ အဲဒီအထဲမှာ KNPP က ခေါင်းဆောင်တွေလည်း ပါတယ်။ ကလလတက ခေါင်းဆောင်တွေလည်း ပါတယ်။ တခြားအစုအဖွဲ့က ခေါင်းဆောင်တွေလည်းပါပြီးတော့ ပူးပေါင်းအုပ်ချုပ်တဲ့ ပုံစံကို သွားနေတယ်ပေါ့နော။ ကျနော်တို့ဖွဲ့စည်းပြီးပြီ အဲဒီအတိုင်းပဲ သွားနေတယ်။

မေး။ ။ ဒေသခံတွေအနေနဲ့ ဒီနောက်ပိုင်းမှာ မြေမြှုပ်မိုင်းနင်းမိတဲ့လူတွေ ပိုများလာတယ်။ ဒီဖြစ်စဥ်မှာရော ဥက္ကဌတို့အနေနဲ့ ဘယ်လို ဖြေရှင်းသွားဖို့ရှိပါလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာတော့ မြေမြှုပ်မိုင်းတွေကိုပေါ့နော အသုံးပြုတာတွေ ရှိတယ်။ အဲဒီအတွက်ကတော့ ကျနော်တို့ ဒါကိုတော့ အတတ်နိုင်ဆုံး ပြည်သူလူထုတွေကို အသိပေးတာမျိုးတွေ ဒီမိုင်းပညာပေးတွေကို ကျနော်တို့လုပ်နေတာရှိတယ်။ ဒါပေမဲ့ ဒီနေရာတွေမှာ လက်ရှိက တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စနစ်တကျနဲ့ ကျနော်တို့ အကောင်အထည်ဖော်ဆောင်မှုတွေ လုပ်လို့မရသေးဘူး။ ဆိုတော့ လူထုတွေကိုတော့ သတိပေးတာတွေတော့ ရှိတယ်ပေါ့နော။ တချို့ကလည်း ဇွတ်ပဲပေါ့နော၊ ဒီရွာကို မပြန်ပါနဲ့၊ ဒီပစ္စည်းကို မယူပါနဲ့၊ ဒီလမ်းကို အသုံးမပြုပါနဲ့ဆို ကျနော်တို့ အမြဲတမ်း သတိပေးထုတ်ပြန်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေက ပြန်သွားတဲ့အချိန်မှာ ထိတာမျိုးတွေရှိတယ်။ ဆိုတော့ ဒီမြေမြှုပ်မိုင်း၊ မိုင်းသန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ပရောဂျက်တွေကတော့ ပြန်လည်ထူထောင်ရေးအစီအစဥ်မှာ ဒါကျနော်တို့ တစိတ်တပိုင်းအနေနဲ့ စပြီးတော့ လုပ်ရမဲ့ဟာတွေရှိတယ်။ ဒီနေ့အချိန်မှာတော့ စစ်ပွဲတွေ ကြားထဲမှာတော့ အဲဒီလိုမျိုး စနစ်တကျနဲ့ မလုပ်နိုင်သေးဘူး။

မေး။ ။ ကရင်နီပြည်လူထုတွေရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတွက် နယ်စပ်ဖြတ်ကျော်ရေး အခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတာတွေ ကျနော်တို့ ထုတ်ပြန်ကြေညာတာတွေ လုပ်ထားတယ်။ အဲဒါတွေကတော့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်တွေပေါ့နော။ ဒီပြည်တွင်းကနေပြီးတော့မှ အကြမ်းဖက် စစ်အုပ်စုတွေကနေ ဖြတ်လာမယ်ဆိုလို့ရှိရင် ဒီထောက်ပံ့ငွေတွေက လူထုဆီကို တိုက်ရိုက်မရောက်ဘူး။ နောက်ပြီးတော့မှ ဒီကြားမှာပဲ စစ်တပ်ရဲ့အသုံးအဆောင်ပစ္စည်းတွေ ဖြစ်သွားရတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်ပေါ့နော။

အဲဒီအတွက်ကြောင့် နယ်စပ်ဖြတ်ကျော်ပြီးတော့မှ အကူအညီပေးဖို့ဆိုပြီးတော့မှ တောင်းဆိုတာတွေရှိတယ်။ ကျနော်တို့ သုံးနှစ်တာကာလအတွင်းမှာလည်း များသောအားဖြင့် ဒီပြည်သူလူထုအတွက်ပေါ့နော၊ ဒီနယ်စပ် ဖြတ်ကျော် အကူအညီပေးရေးအစီအစဥ်ကပဲ သွားနေတာဖြစ်တယ်။ ဒီအတွက်လည်း ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေသော်လည်းကောင်း အလှူရှင်တွေနဲ့သော်လည်းကောင်း ကျနော်တို့ ဆက်ပြီးတော့မှ တွန်းနေတာ ရှိတယ်ပေါ့နော။ ဆိုတော့ ထိုင်းကနေလုပ်တဲ့ Humanitarian Assistance Coordinator ဆိုတဲ့ Project မှာလည်း ကျနော်တို့က ကျနော်တို့ရဲ့သဘောထားကို ပြောပြပြီးသွားပြီ။

ကျနော်တို့ရဲ့နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိ့နှိုင်းဆောင်ရွက်ဖို့ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အခုရှိတဲ့စစ်ရှောင်တွေအားလုံးက တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲရှိတယ်။ ဆိုတော့ ကျနော်တို့ကနေပြီးတော့မှ စီမံခန့်ခွဲပြီးတော့မှ၊ ဒါပေမဲ့ သူတို့ရဲ့မူဝါဒအတိုင်းပဲပေါ့နော၊ သူတို့ရဲ့ မူဝါဒအတိုင်းပဲ၊ ကျနော်တို့က လက်တွေ့အကောင်အထည်ဖော်မှာတော့ မဟုတ်ဘူး။ မူဝါဒအရတော့ ကျနော်တို့က ညှိ့နှိုင်း ဆောင်ရွက်မှု သဘောတူညီမှုတွေတော့ ယူရမယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်တာကြတော့ CBO, CSO တွေကနေ တဆင့် ဒါတွေကို Third Party ကနေ တဆင့်သွားဖို့ဆိုတဲ့ဟာတွေက ဒါတွေကို ကျနော်တို့ ပြောပြထားတဲ့ဟာတွေ ရှိတယ်ပေါ့နော၊ အဲဒါလေးပါ။

မေး။ ။ ထပ်ဖြည့်စွက်အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီနှစ်ကတော့ ကရင်နီပြည်ထဲမှာပေါ့နော နယ်မြေစိုးမိုးမှုကိုလည်း ၈၀ ကျော် ၉၀ ကို ကျနော်တို့ လုပ်နိုင်ပြီဖြစ်တယ်။ နောက်ပြီးတော့မှ ခုနကပြောသလိုပေါ့နော၊ ကျနော်တို့ပြည်နယ်ထဲမှာ ကျနော်တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်နေပြီ။ ဒါကလည်း ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတာပဲဖြစ်တယ်။ အဲဒီအတွက်ကို ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဒုက္ခကျရောက်နေတဲ့ ပြည်သူလူထုတွေကတော့ ကျနော်တို့တပြည်နယ်လုံး အတိုင်းအတာ ဖြစ်တယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေကို အားပေးချင်ပါတယ်ပေါ့၊ ဒီလိုဖြစ်ရပ်ကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့မဟုတ်ဘူး တခြားပြည်နယ်တွေမှာလည်း အလားတူ ဒီလိုမျိုးဖြစ်နေတယ် ပေါ့နော။ ချင်းတို့ ကရင်တို့မှာလည်း ဒီလိုမျိုးဖြစ်နေတယ်။ နောက် စစ်ကိုင်း မကွေးတို့မှာလည်း ဖြစ်နေတယ် ပေါ့နော။ ဆိုတော့ ဒီနေ့ဖြစ်နေတဲ့ လူထုတိုက်ပွဲပေါ့နော၊ လူထုတိုက်ပွဲကတော့ စနစ်တခုကို နိုင်ငံရေးစနစ်တခုကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်နေတာဖြစ်တယ်။

ဆိုတော့ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ပေါ့နော၊ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုဒဏ်တွေကို ပြောင်းလဲဖို့ အတွက် စစ်အာဏာရှင် အလုံးစုံကင်းရှင်းဖို့အတွက် ဖြစ်ဖို့လိုတယ်။ ဒီအတွက်ကတော့ ကျနော်တို့ ပြည်သူလူထု ကတော့ ဆင်းရဲဒုက္ခရောက်တာ ကျနော်တို့အသိပဲ။ စနစ်သစ်ကို မပြောင်းလဲနိုင်ရင်တော့ ကျနော်တို့ ထပ်ခါတလဲလဲပဲ ပြန်ပြီးတော့မှ ဒုက္ခခံနေရမှာ ဖြစ်တယ်။ အဲဒီအတွက် ပြည်သူလူထုက နားလည်ပေးဖို့ လိုတယ်။ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်။ ဆိုတော့ ကျနော်တို့လည်း ပြည်သူလူထုနဲ့ တသားတည်းဖြစ်အောင်ပေါ့နော ကြိုးပမ်းနေတယ်။ ပြည်သူလူထုအတွက် အကောင်းဆုံး ပြင်ဆင်ရင်းနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစား နေပါတယ်လို့ ဒီအတွက်လည်း ပြည်သူလူထုကနေပြီးတော့မှ တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ပါဝင်ပေးကြဖို့ ကျနော်တို့ အဲဒါပဲတောင်းဆိုချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here