စာသင်ကျောင်း လေယာဥ်ဗုံးကြဲခံခဲ့ရသည့် ဆယ်သဲကောလိပ်ဘွဲ့အခမ်းအနား တောတွင်း၌ပြုလုပ်

0
60

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသည့် ဆယ်သဲကောလိပ်ကျောင်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၅ ရက်နေ့က တောတွင်းတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

၂၀၂၃ ဇူလိုင် ၁၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီလေတပ်က ဆယ်သဲကောလိပ် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင် ကြေမွပျက်စီးခဲ့ရသည်။

သို့သော် ဆယ်သဲကျောင်းကို ပိတ်သွားခြင်းမျိုးမဟုတ်ဘဲ ထိုင်း-ကရင်နီနယ်စပ်ဒေသ တောတွင်းတနေရာ၌ ဆက်လက်ဖွင့်လှစ် ပညာသင်ကြားပို့ချနေဆဲဖြစ်သည်။

ကျောင်းသူကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် အခက်အခဲပေါင်းများစွာ ကြုံနေရတယ်လို့ ဆယ်သဲကောလိပ်ကျောင်းအုပ် မော်နိုမြာက ပြောပါသည်။

“မီးစက်တွေ ကွန်ပျူတာတွေကစ အကုန်လုံးပျက်တယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ။ သူတို့ကိုယ်၌က စာသင်ချင်ပေမယ့် ဒီအသက်အန္တရာယ်ကြားမှာ ပညာသင်ရတာ အခက်အခဲရှိတယ်။ အဲ့တော့ သူတို့မိဘတွေ ကိုယ်တိုင်ကလည်း မလွတ်တော့တဲ့ ဆရာဆရာမတွေလည်း ရှိတယ်” လို့ မော်နိုမြာက ပြောသည်။

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကို ၂၀၁၃ ခုနှစ်က ဒီးမော့ဆိုမြို့တစ်နေရာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၌ ဆယ်သဲကောလိပ်အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆယ်သဲကောလိပ်တွင် Social Science ၊ Community Development ၊ Information Technology၊ Diploma Education စသည့် Major လေးခုကို သင်ကြားပေးလျက်ရှိသည်။

ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆယ်သဲကောလိပ်၌ ပညာသင်တက်ရောက်သည့် ကျောင်းသားကျောင်းသူ ၁၀၂ ယောက် ရှိကြောင်းနှင့် အခက်အခဲပေါင်းစုံကြားက စာသင်နှစ်ပြီးမြောက်အောင် တက်ရောက်နိုင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၃၃ ယောက်ကို ဘွဲ့အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကိုဗစ်ကာလမတိုင်ခင်က ဘွဲ့လက်မှတ်မယူခဲ့ရသေးသည့် ကျောင်းသားဟောင်း ၉ ယောက်ကိုလည်း တပါတည်း ဘွဲ့အပ်နှင်ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဆယ်သဲကောလိပ်၌ Community Development Major နှင့် ကျောင်းပြီးမြောက်ထားသည့် မော်စောမြာထွေးက နိုင်ငံတကာတက္ကသိုလ်မှာ ပညာဆက်လက်သင်ယူချင်သည်ဟု အခုလိုပြောပါသည်။

“ကျမတစ်ယောက်အနေနဲ့ကတော့ နောက်တစ်နှစ်မှာ နိုင်ငံခြားတက္ကသိုလ်တွေကို ဆက်တက်ချင်တယ်။ ပြီးရင် ဒီအသိုင်းအဝိုင်းကို တိုးတက်အောင် ဆက်လုပ်ချင်တယ်။ အကယ်၍ အဲဒီအခြေအနေမရောက်သေးရင် ဒီဆယ်သဲကျောင်းမှာပဲ ဆရာမအနေနဲ့ ပြန်လုပ်ကူဖို့ စဥ်စားထားတယ်ပေါ့နော” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း တိုက်ပွဲဖြစ်ပွားနေသော ဒေသများအတွင်း ဆယ်သဲကျောင်း တည်ရှိရာ ဒီးမော့ဆိုမြို့နယ်လည်း ပါဝင်နေသည့်အတွက် ကျောင်းအား ထိုင်း-ကရင်နီနယ်စပ်ဒေသတစ်နေရာကို ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။

ကန္တာရဝတီတိုင်း (မ်) – သတင်းပေးပိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here