ကော့သောင်း၊ ခမောက်ကြီးနယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
24

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်မြန်မာကျေးရွာ ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ဦးဒီပါဆိုသူဖြစ်ပြီး ၎င်းသည် ဒေသခံပြည်သူများအား ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီအား သတင်းပေးခြင်းများကို လုပ်နေသူတစ်ဦးဖြစ်သည်ဟု ရွာသားများက ဆိုသည်။

ရွာသားတစ်ဦးက “စစ်မှုထမ်းဖို့ ရွာသားတွေဆီက ငွေကြေးကောက်ခံတာတွေ၊ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေလည်း လုပ်တယ်” ဟု ပြောသည်။

ဥယျာဥ်ခြံအတွင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူးဦးဒီပါသည် နေအိမ်ရှေ့အရောက်တွင် ပစ်ခတ်ရှင်းလင်းခံရခြင်း ဖြစ်သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးဦးဒီပါသည် ကျေးရွာအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများ၏ နေအိမ်များကို လိုက်လံပြသပြီး စစ်ကောင်စီကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် PDF အဖွဲ့များ၏ သတိပေးခြင်း ခံထားရဖူးသူလည်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဦးဒီပါသည် လောင်းကစားဝိုင်းထောင်၍ ကိုယ်တိုင်လောင်းကစားလုပ်နေသည့်အပြင် စစ်မှုထမ်းရန်အတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းများကို လုပ်နေသည်ဟု စုံစမ်းသိရှိရသည့်အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် – ပကဖ အဖွဲ့တာဝန်ရှိသူက ပြောသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဒီပါကို ၎င်းတို့အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးဒီပါကဲ့သို့ ပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် စစ်ကောင်စီသတင်းပေး ပြုလုပ်နေသူများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၃ ရက်နေ့က ခမောက်ကြီးမြို့၊ ဝိုင်ဒင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here