မင်းတပ်မြို့အားလေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက နိုင်ငံတကာကပိတ်ပင်ထားသည့် ဆင့်ပွားထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများ အသုံးပြုခဲ့

0
77
ပုံစာ - မင်းတပ်မြို့၊ အောက်ချိုင်ရွာ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး မြင်ကွင်းတချို့။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ တိုက်နယ်အမှတ် ၁၃ အောက်ချိုင်ရွာကို စစ်ကောင်စီက ဧပြီ ၃ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နိုင်ငံတကာကပိတ်ပင်ထားသည့် ဆင့်ပွားထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်ချိုင်ရွာကို ဧပြီ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၂) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြားအသေးစား ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိသည်ဟုဆိုသည်။

စစ်ကောင်စီ၏ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာဝန်းကျင်ရှိ တောအုပ်များ၊ လူနေအိမ်များ မီးလောင်ပျက်စီး၍ လူနေအိမ် ၁၂ အိမ် အကြီးအကျယ်ပျက်စီးပြီး တစ်ရွာလုံးအနှံ့ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ/ဆရာမအဆောင်များ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့်မှတ်တမ်းအဖွဲ့က ထုတ်ပြန်သည်။

Cluster ဗုံးများ ကြဲချရာတွင် မပေါက်ကွဲခဲ့သော ဗုံးငယ်များ (droplets) သည် မိုင်းအသွင် ဆက်လက်ရှိနိုင်သောကြောင့် ဒေသခံများအတွက် မိုင်းအန္တရာယ်များနှင့် ဆက်လက်ကြုံတွေ့နေရသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ဒေသခံပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာများသို့ သွားလာရာတွင်လည်း သတိဖြင့်သွားလာ၍ မပေါက်ကွဲသေးသော ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုး များကို တွေ့ရှိလျှင် ၎င်းတို့အား ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ခြင်း၊ နေအိမ်သို့ ယူဆောင်ခြင်းတို့ လုံးဝ မပြုလုပ်ဘဲ တွေ့ရှိသည့်နေရာကို အမှတ်အသားပြုလုပ်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များကို အကြောင်းကြားရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ကလည်း အလားတူ ဆင့်ပွားထပ်ဆင့် ပေါက်ကွဲစေသည့် Cluster ဗုံးများ အသုံးပြု၍ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) အတွင်းရှိ ပန်းပါရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းလေ ကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆ ဦး ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

ထပ်ဆင့်ပေါက်ကွဲစေသော Cluster ဗုံးသည် အသုံးပြုချိန်တွင် တချို့အစိတ်အပိုင်းများမှာ ထပ်ဆင့်မကွဲဘဲ ကျန်ရှိပြီး မြေမြုပ်ဗုံးကဲ့သို့ နောင်မှထပ်မံပေါက်ကွဲ၍ အရပ်သားပြည်သူများကိုလည်း ထိခိုက်စေသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးအသုံးပြုမှု တားမြစ်ချက် ၂၀၀၈ ခုနှစ် သဘောတူညီကို လက်မှတ်ရေးမထိုးထားကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here