ဖျာပုံအကျဥ်းထောင်တွင် အကျဥ်းသား ၁၀၀ ဝန်းကျင် ရိုက်နှက်စစ်ဆေးခံနေရပြီး ၁၈ ဦး တိုက်ပိတ်ခံထားရ

0
82

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံအကျဥ်းထောင်တွင် မတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်စပ်လျဥ်းပြီး စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ၏ ရိုက်နှက်စစ်ဆေးခံထားရသော အကျဥ်းသား ၁၀၀ ဝန်းကျင်ရှိလာပြီး ၁၈ ဦး တိုက်ပိတ်ခံထားရကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၄) ဖြင့် တရားရင်ဆိုင်နေရသူ အကျဥ်းသားတစ်ဦးကို ဖျာပုံအကျဥ်းဦးစီးဝန်ထမ်း တပ်ကြပ်တစ်ဦးက အကြောင်းပြချက်မရှိဘဲ ဝင်ရောက် ရိုက်နှက်ခဲ့သည်ကို နိုင်ငံရေးအကျဥ်းသားများက ကန့်ကွက်ရာမှ အကျဥ်းထောင်ဝန်ထမ်းများနှင့် ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။

ဖျာပုံထောင်ဝန်ထမ်းများက အကျဥ်းထောင်သားများ ထောင်ဖောက်ရန် ပူးပေါင်းကြံစည်နေသည်ဟု စစ်ကောင်စီ ထံ သတင်းမှားပေးပို့ခဲ့ရာက ထိုနေ့ညနေပိုင်းကစ၍ ထောင်တွင်း၌ အကြမ်းဖက်ဖြိုခွင်းမှု ခံခဲ့ရခြင်းဖြစ်ပြီး ဧပြီ ၂ ရက်နေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဥ်းသား ၂၀ ဦး အပါအဝင် ၈၀ ဦး စစ်ဆေးရိုက်နှက် ခံထားရသည်ဟု နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPN ၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

“နိုင်ငံရေးအကျဥ်းသားတွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတယ်။ ၃ ယောက်က စိုးရိမ်ရတယ်။ နောက်ထပ် အယောက် ၈၀ ကိုလည်း အကျဥ်းဦးစီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းခေါ်ထုတ်ပြီးတော့ ရိုက်နှက်ထားတာ ဖြစ်လို့ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက်တော့ မနေ့(ဧပြီ ၂ ရက်) က ညနေပိုင်းအထိ ရိုက်နှက်စစ်ဆေးခံထား ရတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဖြစ်စဥ်အပေါ်တွင် အကျဥ်းသား ၁၀၀ ဦး အနက် နိုင်ငံရေးနှင့် အခြားရာဇဝတ်မှုကျုးလွန်သူ အကျဥ်းသား ၁၈ ဦး ကိုလည်း ဧပြီလ ၁ ရက်နေ့က ထောင်တွင်းစည်းကမ်းဥပဒေပုဒ်မ ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်၍ တိုက်ပိတ်ထားသည်ဟု ဆိုသည်။

ကိုသိုက်ထွန်းဦးက “အကျဥ်းဦးစီးဘက်ကတော့ ထောင်ဖောက်ဖို့ ကြံစည်လို့ ဘာညာနဲ့ပြောတယ်။ ကျနော်တို့ ဘက်က ဒေတာတိတိကျကျနဲ့ ထုတ်ပြန်လိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဝန်ခံလိုက်တယ်ဆိုပေမယ့် အဲဒီမှာ ပါဝင်တဲ့ ဦးဆောင်သူလို့ သူတို့ယူဆတဲ့ ၁၈ ဦးကို တိုက်ပိတ်ထားတာလည်း ရှိနေတယ်” ဟု ပြောသည်။

အကျဥ်းသားများက ထောင်ဝန်ထမ်းများအား ထိခိုက်ဒဏ်ရာရရှိစေသဖြင့် စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်ဖြိုခွင်းပြီး ရိုက်နှက်စစ်ဆေးနေသည့် ထိုဖြစ်စဥ်တွင် ပြင်းထန်ဒဏ်ရာရရှိသူ နိုင်ငံရေးအကျဥ်းသားများမှာ ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသလို ထောင်တွင်း အခြေခံအခွင့်အရေး ချိုးဖောက်ခံနေရမှုများအား သက်ဆိုင်ရာအဖွဲ့များအနေဖြင့် အရေးယူပေးရန် PPN က တောင်းဆိုထားသည်။

ထို့အတူ အကျဥ်းထောင်အတွင်း ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ မထားရှိမှုနှင့် ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်မပေးနိုင်မှုတို့ကြောင့် တော်လှန်ရေးလုပ်ဆောင်သဖြင့် စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေးအကျဥ်းသားအချို့ သေဆုံးရသည့်ဖြစ်စဥ်များ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

ဧပြီလ ၂ ရက်နေ့ အထိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၂၆,၄၇၅ ဦး ရှိသည့်အနက် ၂၀,၃၀၂ ဦးမှာ ထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here