တောင်ငူ-သံတောင်လမ်းပိုင်းတွင် ခရီးသွားလာပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

0
60
Photo - KIC

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်သို့ ဆက်သွယ်သွားလာရေးအတွက် အသုံးပြုနေရသော တောင်ငူ- သံတောင် လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများက ခရီးသွားလာသူပြည်သူများကို စစ်ဆေးမှုပြုရာ တွင် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။

အဆိုပါလမ်းပေါ်ရှိ ၁၃ မိုင် စစ်ကောင်စီဂိတ်စခန်း၊ ၇ မိုင်၊ ၅ မိုင်၊ ၄ မိုင် စသည့် စစ်တပ်လုံခြုံရေး ဂိတ်စခန်းများ တွင် စစ်အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်ကတည်းက ဒေသအတွင်း စစ်ဆေးနေမှုတင်းကြပ်ထားခြင်းဖြစ်ပြီး ယခုမတ်လကုန်ပိုင်းတွင် ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာနေခြင်းဖြစ်သည်။

မတ်လနောက်ဆုံးပတ်က တောင်ငူ-သံတောင်လမ်းပေါ် ဖြတ်သန်းသွားလာသည့် ယာဥ်မောင်းတစ်ဦးအား ၁၃ မိုင် ဂိတ်ရှိ စစ်ကောင်စီတပ်က အမျိုးသားများတင်ဆောင်လာသည်ဟုဆိုပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်ခဲ့သည်ဟု အဆိုပါယာဉ်မောင်းနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောပါသည်။

“ကားဆရာက သူ့သူငယ်ချင်း ၃၊ ၄ ယောက် ကားပေါ်တင်ခေါ်သွားတာ လူငယ်တွေပဲ။ အဲဒီမှာစောင့်တဲ့ စစ်တပ်ဂိတ်က လူစစ်တော့ စပါယ်ယာခေါ်လာတာ အဲ့လောက်များရလားဆိုပြီးတော့ ကိုယ်ထိလက်ရောက် ကားဆရာကို ထိုးတယ်။ တခေါက်ကလည်း သံတောင်ကြီးသာသနာရုံးက ဒေသခံတစ်ယောက် ကိုယ်တိုင် ကားမောင်းလာတာ ကားပေါ်မှာလည်း ဆရာမတွေပဲ ပါလာတာကို အဲ့ဒီဂိတ်မှာ သူ့ကိုထိုင်ထလုပ်ခိုင်းတယ်၊ ပိုက်ဆံ ၃ သောင်းလည်း ပေးရတယ်” ဟု ၎င်းက ပြောပြသည်။

ဒေသအတွင်း ခရီးသွားလာသူများ၊ ဒေသခံများမှာ တောလမ်းခရီး ကြမ်းတမ်းသဖြင့် အဆိုပါ တောင်ငူ-သံတောင် လမ်းကိုသာ အများအားဖြင့် အဓိကထား အသုံးပြုနေရပြီး စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ရုံမျှမက အထက်ပါကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်နေသဖြင့် မလိုအပ်ဘဲ အသွားအလာ မလုပ်ကြတော့ကြောင်း သံတောင်ကြီးဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် ၄ မိုင်ရှိ စစ်ကောင်စီတပ်ဂိတ်မှလည်း အမျိုးသားအဖော်မပါဘဲ ခရီးသွားလာသူ အမျိုးသမီးများအား စစ်ဆေးစဉ် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုကြောင်း နစ်နာသူအမျိုးသမီးများနှင့် နီးစပ်သူများက ပြောသည်။

နီးစပ်သူဒေသခံတစ်ဦးက “၄ မိုင် စစ်ကောင်စီတပ်ဂိတ်စခန်းကို အသစ်ပြောင်းလာတဲ့ဗိုလ်က အရမ်းရစ်တယ်။ စစ်တာလည်း ကြမ်းတယ်။ သူ့ဂိတ်ကို ဖြတ်လာတဲ့မိန်းကလေးတွေဆီက ဖုန်းတွေစစ်ရင်းနဲ့ မဖွယ်မရာ ဗီဒီယိုတွေပြပြီး နင်ငါ့ဆီက ဒါတွေယူမလားတို့ ယူပါလားတို့ပြောတယ်” ဟု ဆိုသည်။

ထို့အတူ စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများ ရိက္ခာပြတ်တောက်စေရန် ရည်ရွယ်၍ အာဏာသိမ်း ၃ နှစ် ကာလအတွင်း သံတောင်ကြီးမြို့နယ်သို့ ဆန်သယ်ဆောင်မှုကို ကန့်သတ်ထားသဖြင့် ဌာနေဒေသခံ လူထုအတွက် သာမက စစ်ရှောင်များ၏ စားနပ်ရိက္ခာ လိုအပ်ချက်အတွက်ပါ များစွာအခက်အခဲရှိနေကြောင်း ဒေသခံများနှင့် စစ်ရှောင်အရေးကူညီပေးနေသူများက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here