တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့်ဒေသများ၌ တည်ငြိမ်မှုပြန်ရအောင် လုပ်သွားမည်ဟု စစ်ကောင်စီပြောဆို

0
42
ပုံစာ - ၇၉ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား။ (Photo – cincds)

တော်လှန်ရေးအဖွဲ့အစည်းများ၏ လက်နက်ကိုင်တော်လှန်မှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသများ၌ တည်ငြိမ်မှုပြန်လည်ရရှိအောင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည့်သူ့စစ်အဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။

“တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ဒေသတွေကို တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့မှတဆင့် တည်ငြိမ်အေးချမ်းနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန့်စားသူများကို ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမည်ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်သည့် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်းတွင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများ၊ မြို့နယ်အများအပြားကို လက်လွှတ်ဆုံးရှုံးနေရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နှင့် နေရာဒေသအချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင် လုပ်နေခြင်း ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုသည်။

“ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ ပြုလုပ်တာကြောင့် ဒေသခံတွေရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးတာပဲ ခံစားရတဲ့အတွက် အင်မတန် မိုက်မဲတဲ့လုပ်ရပ်လို့ ပြောလိုတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

လက်ရှိတွင် ရှမ်းမြောက်ရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့တို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ အလားတူ ရခိုင်ပြည် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း မတ်လ ၇ ရက်မှ စ၍ စစ်ကောင်စီတပ်စခန်းများ၊ မြို့ရွာများကို ထိုးစစ်ဆင်တိုက်ခိုက်၍ သိမ်းပိုက်မှုများ ရှိနေသည်။

လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသော ဒေသများတွင် အုပ်ချုပ်ရေးယန္တရားနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိသည်။

နိုင်ငံအနှံ့တိုက်ပွဲတိုင်းတွင် အရှုံးဖြင့်သာ ကြုံတွေ့နေရသော စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံး ထားရသည့် ဒေသများအား ပြန်လည်ထိုးစစ်ဆင်လာမည်ကို သတိထားရမည်ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ဆုံးရှုံးထားတဲ့မြို့တွေကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်မယ်လို့ ကြုံးဝါးလာတာဖြစ်တယ်။ ဒါကို အထင်သေးလို့ မရဘူး၊ သတိထားရမယ်။ ပြောရမယ်ဆိုရင် လေကြောင်းကနေ အဓိက ထိုးစစ်ဆင်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများ၌ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းနှင့် မြို့ရွာရပ်ကွက်များကို ဗုံးကြဲပစ်ခတ်၍ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here