ဒုံးတပ်တည်ရှိသည့် နွမ်လန့်တပ်စခန်း ၂ ခုအား KIA က တရက်ထဲ သိမ်းပိုက်နိုင်ခဲ့

0
69
ပုံစာ - ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့များ။

မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ ဒုံးတပ်အပါအဝင် စစ်ထောက်ပို့တပ်စခန်းတစ်ခုဖြစ်သည့် နွမ်လန့် တပ်စခန်းတစ်ခုလုံးကို KIA ပူးပေါင်းတပ်များက မတ်လ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

နွမ်လန့်၌ ခမရ ၄၃၈ တပ်ရင်း နှင့် ခမရ ၆၁၆ ဒုံးတပ် ၂ ခု တည်ရှိနေပြီး မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ခမရ ၄၃၈ ကို ဦးစွာသိမ်းနိုင်ခဲ့ပြီး ည ၇ နာရီခန့်တွင် ဒုံးတပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA နှင့် နီးစပ်သူများက ပြောဆိုသည်။

လက်ရှိတွင် နွမ်လန့်တပ်စခန်းတစ်ခုလုံးကို KIA က ထိန်းချုပ်ထားပြီး မတ်လ ၂၂ ရက်တွင် အဆိုပါတပ်စခန်း အတွင်း ရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ၎င်းတို့က ဆိုသည်။

နွမ်လန့်ဒေသခံအမျိုးသားတစ်ဦး “၄၃၈ နဲ့ ၆၁၆ တပ်စခန်း ၂ ခုကိုတော့ မနေ့ (မတ်လ ၂၁ ရက်) ည ၇ နာရီ လောက်မှာ အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီ။ ဒီကနေ့ (မတ် ၂၂ ရက်) ကတော့ တပ်စခန်းအတွင်းထဲကနေ လက်နက်ခဲယမ်းတွေကို သိမ်းယူတော့မယ်လို့ ကြားတယ်။ တစ်ရက်ထဲမှာပဲ သိမ်းလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

နွမ်လန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး တပ်တွင်းကျန်ရှိသည့် စစ်ကောင်စီ တပ်သားများမှာ ည ၇ နာရီခန့်တွင် ထွက်ပြေးသွားသောကြောင့် စခန်းကို သိမ်းလိုက်နိုင်ခြင်း ဖြစ်တယ်လို့ ၎င်းက ဆိုသည်။

နွမ်လန့်တပ်စခန်းသည် ခံစစ်အများအပြားနှင့် လုံခြုံရေးရယူထားသည့် တပ်စခန်းအကြီးတစ်ခုဖြစ်ကြောင်းနှင့် မတ်လ ၂၁ ရက်နေ့ စခန်းသိမ်းတိုက်ပွဲတွင် KIA ဘက်က ၆ ဦး ကျဆုံးသွားပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါသတင်းအရင်းအမြစ်က ဆက်ပြောပါသည်။

မတ်လ ၂၁ ရက်နေ့က ဒေါ့ဖုန်းယန်အနီးရှိ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်း ၅ ခုမှ နွမ်လန့် (Numlang) တပ်စခန်း ၂ ခုနှင့် နောင်ကွန် (Nawng Kawn) အမြှောက်တပ် အပါအဝင် ၃ နေရာကို KIA တပ်က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နွမ်လန့်တပ်စခန်းသည် ဗန်းမော်ဘက်ကနေ တင်ပို့လာသော စစ်အင်အားအပါအဝင် စစ်ရိက္ခာများကို ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်းက တဆင့် နွမ်လန့်တပ်ရင်းထဲကို သယ်ပို့ယူပြီးနောက် ဒေါ့ဖုန်ယန်နှင့် KIO လိုင်ဇာ ဗဟို ဌာနချုပ်ဘက်ကို ထောက်ပို့ပေးနေသည့် အရေးပါသော တပ်စခန်းလည်း ဖြစ်သည်။

နွမ်လန့်ဒေသခံက “အဓိကတော့ နွမ်လန့်တပ်ကနေ မိုးမောက်မြို့နယ်မှာရှိတဲ့ အလောဘွမ့် တပ်စခန်းဘက်ကို အင်အား ဖြည့်တင်းပေးတယ်။ ပြီးရင် ဒေါ့ဖုန်းယန်ကနေ တဆင့် အထက်မှာရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ စစ်ရိက္ခာတွေကို နွမ်လန့်တပ်စခန်း အရင်တင်ပို့ပြီးတော့ အထက်ကို ပြန်ပို့ပေးတဲ့ သူတို့ရဲ့ရိက္ခာသိုလှောင်နေရာ တစ်ခုပေါ့” ဟု ပြောသည်။

KIA တပ်က မတ်လ ၇ ရက်နေ့ ကနေ စတင်ပြီး ဒေါ့ဖုန်းယန်အပါ KIO လိုင်ဇာ ဗဟိုဌာနချုပ် အနီးတဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းအကြီး ၁၀ ခု အထက်၊ ရှေ့တန်းစခန်းငယ် စုစုပေါင်း ၃၀ ကျော်လောက်ကို ၁၀ ရက် ကျော် အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA တပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

အဆိုပါတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နောင်ကွန်၊ စလောင်းကုန်းနှင့် နွမ်လန့် စသည့် တပ်စခန်းများကို ပြန်လည်သိမ်းယူရန်အတွက် မတ်လ ၂၁ ရက် နေ့မှာ နွမ်လန့်နှင့် နောင်ကွန်ရှိ တပ်စခန်းများကို စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

နောင်ကွန်တပ်စခန်းကို လက်ရှိအချိန်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးသလို နှစ်ဖက်တပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။ နောင်ကွန်တပ်မှာလည်း နွမ်လန့်ကျေးရွာ၏ အနောက်ဘက်ခြမ်း ၅ မိုင် အကွာတွင် တည်ရှိသည်။

KIO လိုင်ဇာ ဗဟိုဌာနချုပ် အနီးတဝိုက်၌ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းကြာမြင့်စွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ အရေးပါသည့် တပ်စခန်းနေရာများကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်၍ စခန်းတချို့ကို ထိန်းချုပ်ထားပြီ ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here