ချင်းလဲန်းတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ပြောဆို

0
56
Photo – Chinland Information Center

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင်အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့် လုပ်ရပ်မှန်သမျှကို ချင်းပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်” ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း CNF က ဆိုသည်။

နွေဦးတော်လှန်ရေးတွင် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီ ဖြစ်သောကြောင့် ယင်းဥပဒေနှင့် အကျုံး၀င်သူများအနေဖြင့် ၎င်းတို့ထံ အချိန်မီပူးပေါင်းပါ၀င်လာကြရန်လည်း CNF တိုက်တွန်းပြောဆိုထားသည်။

ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကားမှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူ တိုက်ဖျက်သွားမည်ဟု CNF က ထုတ်ပြန်သည်။

မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်း တည်ဆောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ချင်းအမျိုးသားတပ်ဦး CNF/CNA ကို စတင်ဖွဲ့စည်းခဲ့သောနေ့ ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA စတင် ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး ယခုနှစ်တွင် ၃၆ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည်။

တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်များ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲကောင်းများကို ဦးညွတ်ဂါဝရပြုပါကြောင်း၊ အလားတူ ချင်းပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှု ၊ ပေးဆပ်မှုများ အပေါ် ဂုဏ်ယူလေးစားကြောင်း CNF က ထုတ်ပြန်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here