မရာဒေသ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားတိုက်ပွဲတွင် ပါ၀င်ခြင်းမရှိဟု AA ပြော

0
101
ပုံစာ - မရာဒေသ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မရာဒေသရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲများတွင် ပါဝင်ကူညီခြင်းနှင့် ဝင်ရောက်တိုက်ခိုက်ပေးခြင်း လုံးဝမရှိကြောင်း ရက္ခိုင်တပ်တော် (AA) က မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

“ဒီတိုက်ပွဲတွေထဲမှာ ကျနော်တို့ ပံ့ပိုးပါဝင်နေတာလည်း လုံးဝ (လုံးဝ) မရှိဘူးဆိုတာကို အခိုင်အမာပြောလိုပါတယ်။ ဒီလိုကိစ္စမှာ သူတို့မရာအချင်းချင်း ဖြစ်တဲ့ကိစ္စဆိုတော့ သူတို့အထဲကနေ သူတို့အချင်းချင်းကြားက ပြသနာဖြစ်တယ်။ ကျနော်တို့ လုံးဝ ပါဝင်ကူညီတာမျိုး၊ ဝင်ရောက်တိုက်ခိုက်တာမျိုး လုံးဝ မရှိပါဘူးလို့ အခိုင်အမာ ပြောလိုပါတယ်” ဟု ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

မရာဒေသက တိုက်ပွဲများတွင် ရက္ခိုင်တပ်တော် AA က ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ ကောလဟာလသာဖြစ်ပြီး နိုင်ငံရေးအရ အပုတ်ချတိုက်ခိုက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပါသည်။

အာဏာသိမ်းစစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေရသော လက်ရှိအခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုများကြားထဲတွင် အချင်းချင်းပဋိပက္ခတိုက်ပွဲများကို ရက္ခိုင့် တပ်တော် AA အနေဖြင့် လုံးဝ အားမပေးကြောင်း ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် AA ၏ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲများတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး AA နှင့် MDF တို့ကြား မဟာမိတ်အဖွဲ့အဖြစ် သဘောတူညီမှုများ ရှိထားကြောင်း သိရသည်။

မရာဒေသတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ CNA ၊ CDF- Mara ဦးဆောင်သော ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MEC ) တို့အကြား ဇန်နဝါရီလ ၂၄ ရက်နေ့ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲ တစ်လတာဖြစ်ပွားရာတွင် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များ အကြား ကျဆုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားနေသည်။

မရာဒေသ၏ ကျေးရွာ ၈ ရွာခန့်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တချို့ကျေးရွာများတွင် အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here