ပြည်သူများကို စစ်ကောင်စီက အကြောက်တရားနှင့် အုပ်ချုပ်ရန်အတွက် ရှက်စရာကောင်းသည့် ကြိုးပမ်းချက်ဖြစ်ကြောင်း

0
51

စစ်မှုထမ်းရမည်ကို ရှောင်လွှဲရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသည့် မြန်မာနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုအရ ကူညီပေးသင့်ပြီး မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးသင့်ကြောင်း ထိုင်း အတိုက်အခံအမတ်တစ်ဦးဖြစ်သူ FAIR ပါတီမှ လွှတ်တော်အမတ် ခန်နာဝီဆူဘ်ဆန်းက မီဒီယာများထံသို့ ထုတ်ဖော်ပြောကြားလာသည်ကို တွေ့ရှိရပါသည်။

ယခင်က မြန်မာအလုပ်သမားများသည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ တစ်နေ့ကို ၈၀ဝ ဦးခန့်ထိ နေ့စဉ်ဝင်ရောက်မှုများရှိခဲ့ပါသည်။

သို့သော် ယခုအခါတွင် မြန်မာစစ်အစိုးရနှင့် နှစ်ဖက်သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ အလုပ်သမားတင်ပို့မှုကို ရပ်ဆိုင်းထားလိုက်သည့်အပြင် ထိုင်းအစိုးရမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး မြန်မာပြည်သို့ ပြန်ပို့နေခြင်းသည် အဓိက စိုးရိမ်စရာကိစ္စဖြစ်လာကြောင်း ၎င်းက ထပ်လောင်းပြောကြားထားပါသည်။ 1

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ အများဆုံးခိုလှုံနေထိုင်သည့် မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ အိမ်ပိုင်ရှင်များအနေဖြင့် မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရမည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ဖေဖော်ဝါရီလ ၂၂ ရက်တွင် အမိန့်ထုတ်လိုက်ပါသည်။ ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၁၅ ရက်မှ တစ်လအထိ အပြစ်ပေးနိုင်သည့်အပြင် ဒဏ်ကြေးအဖြစ် ဘတ် ၅,ဝ၀ဝ မှ ၁၀,ဝ၀ဝ အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားပါသည်။ 2

ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အသက်ဝင်နေပြီဖြစ်သည့် မြန်မာနိုင်ငံသို့ ကနေဒါနိုင်ငံသားများအနေဖြင့် ခရီးမသွားသင့်ကြောင်း အလေးအနက်အကြံပြုပါသည်ဟု ၎င်းတို့အစိုးရက သတိပေးချက်တစ်ခုထုတ်ပြန်လိုက်ပါသည်။ အထူးသဖြင့် ကနေဒါပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာလူမျိုးများအား နိုင်ငံသားအဖြစ်သတ်မှတ်ကာ သက်ဆိုင်ရာအာဏာပိုင်များမှ စစ်မှုထမ်းခိုင်းနိုင်ပြီး၊ မြန်မာပြည်သို့ ခရီးသွားလာခြင်းအား အကာအကွယ်ပေးရန် အာမခံချက်မပေးနိုင်ကြောင်း ကနေဒါအစိုးရက သတိပေးထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ထိန်းသိမ်းခံရနိုင်သည့် ကနေဒါနိုင်ငံသားများအား ကူညီထောက်ပံ့ပေးနိုင်မှုသည်လည်း အလွန်အကန့်အသတ်ရှိကြောင်း ဆိုထားပါသည်။ 3

စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူများကို စစ်ကောင်စီက အကြောက်တရားနှင့် အုပ်ချုပ်ရန်အတွက် ရှက်စရာကောင်းသည့် ကြိုးပမ်းချက်ဖြစ်ကြောင်း APHR ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်ကို တွေ့ရပါသည်။ 4

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်သည် အရပ်သားပြည်သူများအတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားလိုက်ပါသည်။ ထို့ပြင် ထိခိုက်ကျရှုံးမှုများလာသည့် စစ်ကောင်စီတပ်သည် ပိုပြီးအန္တရာယ်ကြီးလာကြောင်း ထပ်လောင်းပြောကြားထားပါသည်။ 5

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား နတ်မြစ်ကို ဗဟိုပြု၍ လုပ်ကိုင်နေသည့် ကုန်သွယ်ရေးလုပ်ငန်းများမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် လုံးဝရပ်ဆိုင်းသွားပြီဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ကော့ဘဇားခရိုင်အတွင်းရှိ တက်ကနက်ဆိပ်ကမ်းတွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် အခွန်ကောက်ခံရရှိမှု များစွာထိခိုက်ခဲ့သည်ဟု ဆိုထားပါသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်သို့ မောင်တော၊ စစ်တွေနှင့် အခြားဆိပ်ကမ်းများမှတဆင့် သစ်၊ ကွမ်းသီး၊ ငါး၊ ဂျင်း၊ ဆနွင်း၊ ငရုတ်၊ ကြက်သွန်၊ သခွါး၊ ဆန် စသည်တို့ကို တင်ပို့ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်မှ ပလတ်စတစ်ပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ အလူမီနီယမ်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များကို မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုရှိခဲ့ပါသည်။ 6

1 ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသည့် မြန်မာများကို ကူညီရန်နှင့် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအမတ်ပြော
2 မြန်မာအများစုနေထိုင်တဲ့ တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့ ထိုင်းအစိုးရ အမိန့်ထုတ်
3 စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသို့ မသွားရန် ကနေဒါနိုင်ငံသားများကို သတိပေး
4 စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက် APHR ပြင်းပြင်းထန်ထန်ရှုတ်ချ
5 စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း တွမ်အင်ဒရူး သတိပေး
6 နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွား

LEAVE A REPLY

Please enter your comment!
Please enter your name here