ရေဖြူ၊ ကံပေါက်တွင် CDM ဆရာမအပါအဝင် ဒေသခံ ၁၄ ဦး ဖမ်းဆီးခံရ

0
125
Photo – Social Media

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ သုံးပတ်အတွင်း CDM ဆရာမများအပါအဝင် ဒေသခံအရပ်သားပြည်သူ ၁၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီပထမအပတ်အတွင်း ကံပေါက်ဒေသခံ CDM ဆရာမဒေါ်ကေဂျာဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ဆက်စပ်မှုရှိသည်ဆိုသော အကြောင်းပြချက်များနှင့် ဒေသခံများကို ဆက်တိုက်ဖမ်းဆီးခဲ့တာလို့ ၎င်းတို့က ပြောဆိုသည်။

ဖမ်းဆီးခံရသူဒေသခံများမှာ CDM ဆရာမ ဒေါ်ကေဂျာဦး၊ ဒေါ်ယဉ်ယဉ်အေး၊ ဒေါ်နီလာစန်း၊ ဒေါ်သက်သက်မွန်၊ ဈေးဆိုင်ပိုင်ရှင် ဒေါ်ချိုချို၊ ဒေါ်ညိုညိုတို့ အပါအဝင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံများသည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ အထိ ပြန်လွတ်လာခြင်းမရှိသေးသလို မိသားစုဝင် များနှင့်လည်း အဆက်အသွယ်မရရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောပါသည်။

ဖမ်းဆီးခံရသူများကို ကံပေါက်အခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်ဌာနချုပ်တွင် ဖမ်းဆီးထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်း ကာလအတွင်း တနင်္သာရီတိုင်းအတွင်း အရပ်သားပြည်သူ ၁၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်ဟု ပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here