“ဒီဗျူဟာကုန်းက သူတို့ (စစ်ကောင်စီ) အတွက် အရေးပါတယ်။ ဘာကြောင့်အရေးပါလဲ ဆိုလို့ရှိရင်တော့ ဒီဗျူဟာကုန်းက ဒီသံလွင်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ တပ်စခန်းတွေအထိပေါ့။ သူတို့ (စစ်ကောင်စီ) က ကွပ်ကဲတယ်၊ အမိန့်ပေးတယ်။ အမိန့်ပေးနိုင်တဲ့ ဗျူဟာတစ်ခု ဖြစ်တယ်ပေါ့လေနော်။ သံလွင်ရှေ့ခြမ်းမှာကတော့ သူတို့အတွက် ဗျူဟာကတော့ ရှားတောဗျူဟာပဲ ရှိတယ်” KNDF စစ်ရေးချုပ် ခူးရီးဒူ

0
260
ပုံစာ - KNDF စစ်ရေးချုပ်ခူးရီးဒူ

ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့သည့် KNDF စစ်ရေးချုပ် ခူးရီးဒူနှင့် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအကြောင်း ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်၊ ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ဗျူဟာကုန်းအပါအဝင် တပ်စခန်းအားလုံးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အပြီးသတ်တိုက်ပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် (၁၂၈) လက်၊ လက်နက်ကြီးအစုံ (၁၈) လက်၊ Smoke Gun (၃) လက်၊ Jammer Gun (၁) လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ခဲ့သည့် ရှားတောမြို့သိမ်းတိုက်ပွဲဟာ တစ်လကျော်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ရှားတောမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီလို့ သိရသည်။ ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ KNDF စစ်ရေးချုပ် ခူးရီးဒူနှင့် မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအကြောင်း ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရှားတောမြို့သိမ်းတိုက်ပွဲက ရက်ပေါင်းဘယ်လောက်ကြာသွားခဲ့ပါလဲ။



ဖြေ။ ။ ရက်ပေါင်း ၂၇ ရက် ကြာခဲ့တယ်။ ကျနော်တို့ အရင်လ ဇန်နဝါရီ ၁၅ ရက်ကနေ ဒီတလ (ဖေဖော်ဝါရီလ) ဒီ ၁၂ ရက်နေ့အထိ အားလုံးပေါင်း၂၇ ရက် ကြာမြှင့်ခဲ့တယ်။

မေး။ ။ ဒီမြို့သိမ်းတိုက်ပွဲအတွက် ဘယ်လောက်ထိ ပြင်ဆင်ခဲ့ရပါလဲ။

ဖြေ။ ။ အကောင်းဆုံးပြင်ဆင်ပြီးမှ ကျနော်တို့တိုက်ခဲ့တာပေါ့။

မေး။ ။ စစ်ကောင်စီတပ်ရဲ့စခန်း ဘယ်နှစ်ခုကို သိမ်းပိုက်ရရှိသွားပါလဲ၊ ဗျုဟာကုန်း အပါအဝင်ဆိုရင် ရှားတောမှာ ဘယ်တပ်မ၊ တပ်ရင်းက အထိုင်ချနေပါလဲ။

ဖြေ။ ။ ရှားတောမှာတော့ ခမရ ၄၂၈ ပေါ့လေနော။ သူ့ရဲ့ဗျူဟာကုန်းရဲ့ အပေါ်မှာတော့ အက်စ် ( S ) ကွေ့မှာလည်း ၄၂၈ ပါပဲ။ အဲ့မှာတော့ စခန်း၂ ခုပေါ့။ ပြီးတော့မှ နောက်တစ်ခုကြတော့ သံလွင်ဘေးနားမှာ တားတမောစခန်းမှာတော့ ၁ ခု ထိုင်တယ်။

မေး။ ။ ပူးပေါင်းတပ်ဘက်က ဆုံးရှုံးခဲ့ရတာ ဘာတွေရှိမလဲ။

ဖြေ။ ။ ရက်ပေါင်း ၂၇ ရက်အတွင်းမှာ ကျနော်တို့ ရဲဘော် ၉ ယောက် ဆုံးရှုံးခဲ့တယ်။ ကျဆုံးခဲ့တယ်။ ဒဏ်ရာတွေလည်း ရရှိခဲ့တယ်ပေါ့နော်။ သို့သော် အဲ့ဒီဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာတော့ မဟုတ်ဘူးပေါ့။

မေး။ ။ ဗျူဟာကုန်းကို ဘယ်နေ့ဘယ်ရက်မှာ ရသွားတာလဲ၊ စစ်ကောင်စီအင်အား ဘယ်လောက်ကို ချေမှုန်းနိုင်ခဲ့တာပါလဲ။

ဖြေ။ ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရတယ်။ ပြည်ထောင်စုနေ့မှာပဲပေါ့ ကျနော်တို့ရခဲ့တယ်။ မနက် ၅ နာရီခွဲ မှာ စ တိုက်ပြီးတော့မှ ၈ နာရီမှာရတယ်။ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့လေ။ အဲဒါတော့ ပြောရခက်တယ်။

မေး။ ။ လွတ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သားတွေရောရှိနေပါလား။

ဖြေ။ ။ တချို့ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတချို့ရှိတယ်။ ဟယ်လီကော်ပတာနဲ့ လာချတဲ့ အချိန်မှာတော့ ထွက်ပြေးလွတ်မြောက်တဲ့တချို့ ကျန်တယ်ပေါ့လေနော်။ ၆ ယောက် ၇ ယောက်လောက် ကျန်တယ်ပေါ့။ ပြီးတော့ ကျနော်တို့ ဗျူဟာကုန်းကို ချေမှုန်းလိုက်တဲ့အချိန်မှာတော့ ၆ ယောက် ၇ ယောက် လွတ်မြောက်တာ ရှိသေးတယ်။ အဲ့ဒါကလည်း ကျနော်တို့လိုက်လံပြီးမှ ချေမှုန်းနေတုန်းပါဘဲ။ ပထမတခေါက်က ခြေလျင်နဲ့ စစ်ကူလာတယ်။ ဒါကတော့ ရှမ်းပြည်ဘက်ကနေ ဆင်းလာတယ်ပေါ့နော်။ ရှမ်းပြည်ဘက်ကနေ ဆင်းလာတယ်။ ကျနော်တို့နဲ့ ထိတွေ့မှု ၂ ခေါက် ဖြစ်တယ်။ အဲ့တပ်ရင်းတော့ ၄၂၇ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ၂ ခေါက် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သူတို့တွေက ရှမ်းပြည်ဘက်ကို ပြန်တက်သွားတယ်။ ဒုတိယ တခေါက်ကြတော့ ဒီ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းမှာဆိုလို့ရှိရင်တော့ ဟတ်စကီးနဲ့ ဟယ်လီကော်ပတာနဲ့ ၃ ခေါက် စစ်ကူ လာတယ်။ ဆိုတော့ အဲ့ဒီရက်ထဲမှာပဲ ညနေပိုင်းမှာ ရွာသားတချို့ကို ဖမ်းဆီးမိတယ်။ ပြီးတော့မှ နောက်တစ်ရက် ၅ ရက် မနက် ၈ နာရီမှာတော့ ဒီရွာသား ၆ ဦး ကို သူတို့သတ်ဖြတ်ပြီးတဲ့အချိန်မှာတော့ ကျနော်တို့ ဒီဟတ်စကီးနဲ့ လာတဲ့အဖွဲ့ကို ကျနော်တို့ လိုက်လံပြီးမှချေမှုန်းတယ်။ သိရသလောက်တော့ အားလုံးပေါင်း ၆၄ ယောက် လောက် ရှိတယ်။ စစ်ကူတော့ အဲ့ဒီ ၂ ဖွဲ့ လာတယ်ပေါ့နော်။

မေး။ ။ လက်နက်ပေါင်း ဘယ်လောက်သိမ်းဆည်းရမိခဲ့လဲ။

ဖြေ။ ။ အားလုံးပေါင်း ၁၈၀ နီးပါးလောက်ရတယ်၊ ၁၈၀ ကျော်လည်း ကျော်မယ်ထင်တယ်။

မေး။ ။ စစ်ကောင်စီအတွက် ရှားတောဗျုဟာက ဘယ်လောက်အထိအရေးပါနေလဲ။

ဖြေ။ ။ ကျနော်လက်လှမ်းမှီသလောက် သိရသလောက်ဆိုလို့ရှိရင် ဒီဗျူဟာကုန်းက သူတို့( စစ်ကောင်စီ) အတွက် အရေးပါတယ်။ ဘာကြောင့်အရေးပါလဲ ဆိုလို့ရှိရင်တော့ ဒီဗျူဟာကုန်းက ဒီသံလွင်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ တပ်စခန်းတွေအထိပေါ့။ သူတို့ (စစ်ကောင်စီ) က ကွပ်ကဲတယ်၊ အမိန့်ပေးတယ်။ အမိန့်ပေးနိုင်တဲ့ ဗျူဟာတစ်ခု ဖြစ်တယ်ပေါ့လေနော်။ သံလွင်ရှေ့ခြမ်းမှာကတော့ သူတို့အတွက် ဗျူဟာကတော့ ရှားတောဗျူဟာပဲ ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့ (စစ်ကောင်စီ) အတွက်တော့ အရေးပါတယ်လို့ မြင်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီဗျူဟာကုန်းက ဒါ ဖြတ်လေးဖြတ် အရင်တုန်းက ၁၉၉၅၊ ၁၉၉၆ ဖြတ်လေးဖြတ်ခေတ် ပြီးတဲ့နောက်ပိုင်းမှာ ထိုင်ခဲ့တဲ့ဗျူဟာလည်း ဖြစ်တယ်ပေါ့။ ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဒီ ဗျူဟာကုန်းက။

မေး။ ။ ဒီရှားတောဗျူဟာက ကရင်နီပြည်အတွက် ဘယ်လောက်အထိအရေးပါနေတာပါလဲ။

ဖြေ။ ။ အရေးပါတယ်ဆိုတဲ့အခန်းကဏ္ဍကတော့ ကျနော်တို့ အဓိက သူတို့ကို တိုက်ထုတ်သွားနိုင်တာကတော့ လူထုရဲ့အခြေအနေကတော့ အများကြီး ပြောင်းလဲသွားမယ်လို့ ကျနော်တို့ယုံကြည်တယ်။ ဒီစစ်ကောင်စီ တပ်စခန်းတွေ မရှိတော့ဘူးဆိုရင်တော့ ကျနော်တို့ ကျန်တဲ့အခန်းကဏ္ဍဆိုင်ရာအားလုံးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ရပြီပေါ့။ ဆိုတော့ အရေးပါပါတယ်။

မေး။ ။ အခုဆိုရင် ရှားတောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် လုံးဝကင်းစင်သွားပြီလို့ ပြောလို့ရမလား။ စခန်းသိမ်းတဲ့နေရာမှာ ဖမ်းမိရထားတဲ့သုံ့ပန်းတွေပါလား။ ဘယ်လောက်ရှိပါလဲ။ ဘယ်လိုဆက်လုပ်သွားမလဲ။

ဖြေ။ ။ ကျနော်တို့ ဖမ်းမိပါတယ်။ လေယာဉ် (ဟဲလီကော်ပတာ) နဲ့ စစ်ကူလာတဲ့အခါမှာလည်း ဖမ်းမိသလို ဗျူဟာကုန်းသိမ်းတဲ့ချိန်မှာလည်း စစ်သုံ့ပန်းတွေ ကျနော်တို့ တချို့ဖမ်းမိတယ်။ ကျနော်တို့မှာကတော့ အမြဲတမ်း ပြောလေ့ရှိပါတယ်။ ဖမ်းမိတဲ့သုံ့ပန်းတွေ လက်နက်ချပြီးတော့မှ ဖမ်းမိတဲ့သုံ့ပန်းတွေတော့ ကျနော်တို့ တရားဥပဒေနဲ့အညီ ပေါ့လေနော်။ ကျနော်တို့ KNDF မှာလည်း KNDF ရဲ့ တရားဥပဒေထဲမှာ သုံ့ပန်းရဲ့ သုံ့ပန်းကို ဘယ်လိုမျိုး ထိန်းသိမ်းရမှာလဲ၊ ဆောင်ရွက်ရမှာလဲဆိုတဲ့ဟာကို ကျနော်တို့ ရေးချထားတယ်။ ဥပဒေအတိုင်း ကျနော်တို့ ဆောင်ရွက်တယ်။ အပြစ်ရှိတဲ့လူတွေတော့ အပြစ်ဒဏ်တော့ ရမှာပဲပေါ့။

မေး။ ။ ဒီမြို့သိမ်း၊ စခန်းသိမ်းမှာ စစ်ဘေးရှောင်ရတယ်၊ အဆောက်အဦးတွေ ပျက်စီးတာတွေရှိတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ရှားတောဘက်မှာတော့ တော်တော်လေးခက်ခဲတဲ့ အနေအထားမှာဖြစ်တယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေပေါ့နော။ အဲ့မှာတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို ဒီကျနော်တို့ ဒီးမောဆိုတို့ လွိုင်ကော်တို့နဲ့ နှိုင်းယှဉ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဝင်ငွေတွေဘာတွေကလည်း ဘာမှမရှိတဲ့ဒေသတွေ ဖြစ်တယ်။ သူတို့စစ်ဘေးရှောင်တွေ တော်တော်လေးခက်ခဲတယ်။ နောက်တခုကတော့ အဆောက်အဦးတွေတော့ အများကြီး ပျက်စီးသွားတယ်။ ဒီတစ်လ ပစ်ခတ်တဲ့အတောအတွင်းမှာ လေယာဉ်ကအကြိမ် ၁၀၀ ကျော်မက လာပြီးတော့မှ ကြဲခဲ့တယ်။ ဒါက စစ်ကောင်စီရဲ့ လုပ်ရပ်တွေပါ။ အရင်ကတည်းကလည်း ကျနော်တို့သိတယ်။ သူတို့ဒီထက်ပိုပြီးမှ ယုတ်မာမယ်ဆိုတာ ကျနော်တို့သိထားတယ်။ အဲ့ဒီတွက်ကြောင့်မလို့ ကျနော်တို့တွေက စစ်ကောင်စီကို ချေမှုန်းပစ်ရုံမှတပါး တခြားလမ်းမရှိဘူးပေါ့။

မေး။ ။ ဒီတစ်လအတွင်းမှာ အရပ်သားတွေကို စကစက ပစ်သတ်တာလည်းရှိခဲ့တယ်။ ဒီအပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ။ ။ ပြောစရာ စကားလုံးမရှိဘူး။ အခုထိလည်း မျက်လုံးထဲကနေတော့ မထွက်နိုင်ဘူး။ ကလေးတွေကို သတ်သွားတယ်၊ ပြီးတော့မှ အမျိုးသမီးတွေကိုလည်း သတ်သွားတယ် ရက်ရက်စက်စက်ပဲ။ ဒါက ဘာကိုဖော်ညွှန်းတာလည်း ဆိုလို့ရှိရင် စစ်ကောင်စီက ဒီထက်လက်ရှိလည်း သူတို့ (စစ်ကောင်စီ) ယုတ်မာနေတယ်၊ ကောက်ကျစ်နေတယ်။ ဒီထက်ပိုပြီးတော့မှ သူတို့တွေက (စစ်ကောင်စီ) ကောက်ကျစ်မယ်၊ ယုတ်မာအုံးမယ်ဆိုတဲ့ သင်္ကေတကို ပြသတယ်လို့ ကျနော်အနေနဲ့ အဲ့လိုပဲ ယုံကြည်တယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ ကရင်နီမှာကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်သိမ်းပိုက်သွားဖို့ ရှိပါလား။

ဖြေ။ ။ ရှိပါတယ်။ ကျနော်တို့ ဘယ်စခန်းပဲဖြစ်ဖြစ်ပေါ့လေနော်။ ဘယ်မြို့ပဲဖြစ်ဖြစ် စစ်ကောင်စီ ရှိနေသေးသရွေ့တော့ ကျနော်တို့တွေက ဆက်ပြီးတော့ တိုက်ပွဲဝင်သွားအုံးမှာပါ။

မေး။ ။ ကျန်ရှိစခန်းတွေမှာ ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့နဲ့ ပူးပေါင်းပါ။ ဒီ အခြေအနေက အားလုံးလည်း သိပြီးသားပဲဖြစ်မှာပါ။ စစ်ကောင်စီဘက် ကတော့ တဖြေးဖြေးနဲ့ ယိုယွင်းလာပြီလို့ ကျနော်တို့ပြောလို့ရတယ်။ အောက်ခြေမြေပြင်မှာကတော့ ဆုံးရှုံးမှုတွေ ပိုပြီးတော့မှ များလာတယ်။ ဒီအတွက်ကြောင့်မို့လို ဒီအခြေနေမှာ အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်တယ် ပေါ့လေနော်။ ဆိုတော့ မှန်ကန်တဲ့ရွေးချယ်မှုကို ရွေးချယ်နိုင်ဖို့ ကျနော်တို့အနေနဲ့တော့ တိုက်တွန်းလိုတယ်။ တကယ်လို့ ရွေးချယ်မှုက မမှန်ကန်ဘူး လမ်းမှားဖြစ်ခဲ့မယ် ဆိုလို့ရှိရင်လည်း ဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ကိုတော့ ဒီတပ်သားတွေပဲ ကိုယ်တိုင်ခံစားရမှာ ဖြစ်တယ်။ အကျိုးဆက်ကို သူတို့ကိုယ်တိုင်ပဲ ခံစားရမှာဖြစ်လို့ အမြန်ဆုံး ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ထံဝင်လာဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here