နမ်တိန့်တပ်စခန်းပြန်ရဖို့ စစ်ကောင်စီက ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေ

0
109
ပုံစာ - ဖားကန့်သွားလမ်းပေါ်တွင်တွေ့မြင်ရသည့် KIA တပ်ရင်း ၄၄ တပ်ဖွဲ့များ (ပုံဟောင်းဖြစ်သည်။)

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားသည့် ဖားကန့်သွားလမ်းပေါ်က နမ့်တိန့်တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ခိုက်ခံရမှုတွေ ရှိနေရတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောဆိုသည်။

KIA နှင့် KPDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီဖြစ်တဲ့ နမ်တိန့်တပ်စခန်းကို ပြန်လည်ရယူဖို့ စစ်ကောင်စီ တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဖားကန့်ဘက်ကနေ အင်အား ၈၀ လောက်နှင့် စစ်ကြောင်းထိုးလာရာ၌ နမ်တိန့် မရောက်မီ ၆ မိုင် အနီးတဝိုက် လမ်းခုလပ်တစ်နေရာမှာ KIA နှင့် PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ ဖားကန့် KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က အခုလိုပြောသည်။

“စစ်ကောင်စီတွေက နမ်တိန့်ကို ပြန်ထိုင်ချင်နေတာ မနေ့ကတည်းက အဲ့ယမ်းချက်ထဲကထွက်လာကြတာ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ရေးအဖွဲ့တွေ ရှိတယ်။ သူတို့နဲ့ဖြစ်နေတာ အခုထိဖြစ်နေတုန်း” လို့ အဆိုပါ တာဝန်ရှိသူက ပြောသည်။

နမ်တိန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဖားကန့်ကနေ ၅ မိုင်ကျော် အကွာ ကျောက်ဖျာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ တရက်လုံး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် နှစ်ဖက်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဖားကန့်နှင့် နန့်ယားကားလမ်းပိုင်းကို ယာယီ ပိတ်ထားတယ်လို့လည်း KPDF တပ်ဖွဲ့ထံမှ သိရသည်။

“အခုက ကားလမ်းပိုင်းတွေကို ခဏပိတ်ထားပါတယ်။ ဟိုဘက်ကနေ တက်လာတဲ့ကားတွေကိုလည်း နန့်ယားစစ်တပ်ဂိတ်မှာ ပိတ်ထားသလို ဒီဘက်ကနေတက်လာတဲ့ ကားတွေလည်း တက်လို့မရသေးပါဘူး” လို့ KPDF တာဝန်ရှိသူက ပြောပြသည်။

နမ်တိန့်ဘက်ကိုတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များ ဆက်သွားလို့မရအောင် KIA က ပိတ်ဆို့တိုက်ခိုက်နေချိန် နန့်ယား၊ ဖားကန့် စစ်ကောင်စီဗျူဟာကုန်းစသည့် တပ်တွေကနေ လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေတယ်လို့ KPDF တပ်ဖွဲ့၏ ပြောဆိုမှုအရ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲတာကြောင့် နန့်ယားကျေးရွာအနီးမှ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေသည့် ၆ မိုင်နှင့် ကျောက်ဖျာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ပစ်ခတ်မှုတွေ ရှိတယ်လို့ ဒေသခံများက ပြောဆိုသည်။

နမ်တိန့်စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့နိုင်သည်။ အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလည်း ဖားကန့်ရှိ ဝှေခါစစ်ကောင်စီ တပ်စခန်းအကြီးကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here