“အခက်အခဲကတော့ နယ်စပ်ကိုဖြတ်ကျော်ပြီး လုပ်ရတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ စကားပြောရတဲ့အပိုင်းပေါ့၊ နောက်တခုက ကျနော်တို့လုပ်သားတွေရဲ့ လုံခြုံရေးအခက်အခဲပါ။ နယ်စပ်ကို ဖြတ်ကျော်ပြီဆိုကတည်းက ပုံစံအမျိုးမျိုးတွေတော့ အခက်အခဲရှိတယ်” CIDKP ဒု-တာဝန်ခံ စောခဲလေ

0
145
ပုံစာ - ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ဒု-တာဝန်ခံ စောခဲလေ

စစ်ရှောင်များရေရှည်ရပ်တည်နိုင်ရေး စီမံဆောင်ရွက်နေသည့်အခြေအနေများအပေါ် ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ၏ ဒု-တာဝန်ခံစောခဲလေနှင့် တွေ့ဆုံမေးမြန်းခြင်း။

နိုင်ငံတကာအလှူရှင်အဖွဲ့စည်းများနှင့် ချိတ်ဆက်၍ ကရင်ပြည်နယ် (ကော်သူးလေနယ်မြေများ) အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများကို အကူအညီပေးရာတွင် နိုင်ငံတကာမှချမှတ်ထားသော ပေါ်လစီနှင့် စည်းမျဥ်းစည်းကမ်းတို့ကို လိုက်နာရာ၌ CIDKP အနေဖြင့် တွေ့ကြုံရသောအခက်အခဲများ၊ စစ်ရှောင်များ ရေရှည်ရပ်တည်နိုင်ရေး စီမံဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဒေသ လူသားချင်းစာနာမှုစင်္ကြန် တည်ဆောက်ရာတွင် စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်မည့်ဆိုသော သတင်းများ ထွက်ရှိလာသည့်အပေါ် CIDKP ၏ အမြင်နှင့် အကြံပြုချက်များအား သိရှိနိုင်ရန် ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ၏ ဒု-တာဝန်ခံစောခဲလေကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။    ။ လက်ရှိမှာ CIDKP အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့ပေးနေမှုအပိုင်း ဘယ်လိုရှိပါလဲ။ ပြောပြပေးပါဦး။

ဖြေ။      ။ ပထမဆုံး အလှူရှင်တွေအနေနဲ့ သတင်းအချက်အလက် သိရဖို့အတွက်ပေးတယ်။ လိုအပ်ချက်ကို တင်ပြတယ်။ တဆက်တည်း မြေပြင်ဒေသမှာရှိတဲ့ စစ်ရှောင်တွေ တကယ်အဓိကလိုအပ်နေတဲ့ အရာလေးတွေပေါ့။ ဥပမာ-အစာရေစာ အတွက်လား၊ ကျန်းမာရေးလား၊ နေရာထိုင်ခင်း အတွက်လား စသဖြင့် ဖြစ်ပေါ်လာတဲ့တိုက်ပွဲမှာ စစ်ရှောင်ဘယ်နှစ်ယောက်ဆိုတာပေါ့ တင်ပြတယ်။ ဆက်လက်ပြီးတော့ ပရိုပိုဆယ်တွေ တင်ရတာ ရှိတယ်။ လတ်တလောလိုအပ်နေတဲ့ အခြေအနေမှာဆိုရင်တော့ Request တွေနဲ့ ရိုးရိုးလေး တင်လိုက်တာတွေ ရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ပေါ့နော်။ တခါတလေ ပရောဂျက်ပုံစံအနေနဲ့ သွားမယ်ဆိုရင်တော့ ပရိုပိုဆယ်ပေါ့၊ အစည်းအဝေးတွေလည်း ခဏခဏလုပ်ရပါတယ်။ နိုင်ငံတကာလို့ ပြောလိုက်မယ်ဆိုရင်တော့ ဥပမာ- US လူထုပေါ့၊ လာတဲ့အလှူရှင်တွေ ရှိသလို ဥရောပနိုင်ငံကလာတဲ့ အလှူရှင်တွေရှိတယ်။ သူတို့အစိုးရဆီကနေ လာတာပေါ့။ ဒါပေမဲ့ သူတို့က သူတို့အစိုးရဌာနဆီကနေ စည်းကမ်းအရ တိုက်ရိုက် လာလို့မရဘူး။ ကျနော်တို့ဆီရောက်ဖို့အတွက် ကြားက NGO တွေ INGO တွေနဲ့ တဆင့်ခံ အလုပ်လုပ်ရတာတော့ ရှိတာပေါ့။

မေး။    ။ နိုင်ငံတကာဘက်က စစ်ရှောင်တွေအတွက် အထောက်အပံ့တွေပေးအပ်ရာမှာ ဘယ်လို စည်းကမ်း၊ မူဝါဒတွေ ချမှတ်ထားသလဲဆိုတာ ပြောပြပေးပါရှင့်။

ဖြေ။      ။ ဟုတ်ကဲ့၊ နိုင်ငံတကာရဲ့အပိုင်းကို ကျနော်တို့ပြောမယ်ဆိုရင် သူတို့လည်း သူတို့အစိုးရဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ပဲလာတယ်။ ဥပမာ- သူတို့အထောက်အပံ့ပေးလိုက်ခြင်းဖြင့် ရေရှည်မှာ သူတို့ဘာကိုမျှော်ကိုးလဲ၊ ရေတိုမှာရော ဘာတွေထိရောက်မှုရှိသွားသလဲ၊ လူထုတွေအတွက် ဘာတွေထိရောက်မှုရှိမလဲ။ အထူးသဖြင့် နိုင်ငံကြီးတွေက အလှူရှင်တွေပေါ့။ သူတို့ရဲ့လိုအပ်ချက်တွေက ဘာတွေရှိမလဲ။ နိုင်ငံရေးအတွက် ဘာတွေ အသုံးချမလဲ စသဖြင့် ပါရင်လည်းပါမှာပေါ့။ သူတို့က လူသားချင်းစာနာမှု အကူအညီရယ်လို့ ပြောပြီးတော့ ကျနော်တို့ကိုပေးလာတာမှာ ထိရောက်မှုကတော့ အများကြီးရှိပါတယ်။ စစ်ရှောင်တွေအတွက်ပေါ့။ ဒါပေမဲ့ ကျနော်တို့ဆီကို တိုက်ရိုက်လာလို့မရလို့ NGO တွေ INGO တွေနဲ့ ကြားခံပြီး စည်းကမ်းတွေအများကြီးနဲ့ လာရတယ်။ နယ်စပ်ကို ဖြတ်ကျော်ပြီးလုပ်ရတာဆိုတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ စည်းကမ်းလေးတွေ၊ အသုံးချတဲ့ နေရာမှာ ထိရောက်မှုရှိမယ့် စည်းကမ်းလေးတွေ၊ ကျနော်တို့ရဲ့ Capacity အပေါ်မှာ မူတည်ပြီးတော့ ချမှတ်ထားတဲ့ စည်းကမ်းလေးတွေတော့ အများကြီးရှိတယ်။ တချိန်တည်းမှာ ကျနော်တို့လုပ်တဲ့အလုပ်က ပြည်သူတွေအတွက် ထိရောက်မှုရှိမရှိ ကြည့်ရှုပြီးတော့ ထောက်ပံ့တာတော့ရှိတာပေါ့နော်။

မေး။    ။ ပွင့်လင်းမြင်သာမှုရှိတဲ့စည်းကမ်းဆိုတာ ဘယ်လိုမျိုးကိုပြောတာပါလဲ။ အသေးစိတ်ထပ်ရှင်းပြ နိုင်မလားရှင့်။

ဖြေ။      ။ ဒေသတစ်ခုမှာ စစ်ဖြစ်တယ်ဆိုရင် ကျနော်တို့က ကလေးဘယ်နှစ်ယောက်၊ လူကြီးဘယ်နှစ်ယောက် ဆိုတဲ့ Accessment တွေ ကောက်ပြီး သူတို့ဆီပရိုပိုဆယ်တွေ တင်ရတယ်။ တင်လိုက်ပြီဆိုရင် ကျနော်တို့ တင်လာတဲ့အတိုင်း သုံးလိုက်တဲ့အသုံးစရိတ်က မှားယွင်းချက် ချို့ယွင်းချက်ရှိမရှိ ဦးတည်ချက်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဥပမာဆိုရင် သူတို့က အဲဒီဒေသရဲ့အစာရေဆာ၊ ကျန်းမာရေးအတွက် ထောက်ပံ့တယ် ဆိုရင် ကျနော်တို့ကအဲဒီဦးတည်ချက်အတိုင်း လုပ်ဆောင်နိုင်ခြင်းရှိမရှိ သူတို့ကကြည့်ရှုတာမျိုးပါ။

မေး။    ။ နိုင်ငံတကာက ဒုက္ခသည်အကူအညီပေးဖို့အတွက် ချမှတ်ထားတဲ့မူဝါဒတွေအပေါ် လိုက်နာ ကျင့်သုံးရာမှာ CIDKP အနေနဲ့ ဘယ်လိုအခက်အခဲမျိုးရှိလဲဆိုတာလည်း ပြောပြပေးပါဦး။

ဖြေ။      ။ အခက်အခဲကတော့ နယ်စပ်ကိုဖြတ်ကျော်ပြီး လုပ်ရတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ စကားပြောရတဲ့ အပိုင်းပေါ့၊ နောက်တခုက ကျနော်တို့လုပ်သားတွေရဲ့ လုံခြုံရေးအခက်အခဲပါ။ နယ်စပ်ကို ဖြတ်ကျော်ပြီ ဆိုကတည်းက ပုံစံအမျိုးမျိုးတွေတော့အခက်အခဲရှိတယ်။ ကျနော်တို့ရဲ့လတ်တလောလိုအပ်တာက အများအားဖြင့် အစာရေဆာလိုအပ်တယ်။ သူတို့ကလာတဲ့စည်းကမ်းက ကျန်းမာရေးရော အခြားအရာတွေကို ဖြည့်တင်းချင်တော့ စကားတွေ အများကြီးပြောရတယ်။ ကျနော်တို့လူတွေက ဒီလိုပုံစံမျိုးပဲ နေလာခဲ့တယ် လောလောဆယ်အဓိကလိုအပ်တာက အစာရေဆာပေါ့နော်ဆိုပြီး အချေအတင်စကားပြောရတာတွေ ရှိတယ်။ သူတို့က တခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပြီး မြေပြင်ရဲ့အခြေအနေကို မသိတော့ ခန့်မှန်းပြီးတော့ လူတွေက နေဖို့နေရာ လိုအပ်တယ် စသဖြင့် ပက်ကေ့ချ်တွေ ချထားပေးတယ်။ ကျနော်တို့က မဟုတ်ဘူး၊ အစာရေစာက လိုအပ်တယ် နေတာကတော့ လောလောဆယ် သစ်ပင်အောက်မှာ နေလို့ရသေးတယ်ဆိုပြီး ရှင်းပြရတာမျိုးရှိတယ်။

စစ်ရှောင်လူဦးရေ အတိအကျကို သူတို့ကိုကြည့်ရှုတဲ့လူဆီကနေ ကျားမစစ်ရှောင် ဘယ်နှစ်ယောက်ရှိတယ်၊   ကလေးနဲ့သက်ကြီးရွယ်အို ဘယ်နှယောက်ရှိသလဲ၊ အထူးအကူအညီလိုအပ်နေတာ ဘယ်နှယောက်ရှိလဲဆိုတာမျိုး ရဖို့က အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ဒိုနာတွေက လိုအပ်တယ်။ ကျနော်တို့က သူတို့ဆီကိုတင်လိုက်ပြီး အလှူတွေ ပြန်ဝေငှပေးတဲ့နေရာမှာ ခုနကရထားတဲ့စာရင်းအတိုင်း ဟုတ်ချင်မှဟုတ်တော့မယ်။  ကျနော်တို့ စာရင်း ကောက်ထားတဲ့အချိန်နဲ့ အလှူပစ္စည်း ရလာတဲ့အချိန်က တစ်လ နှစ်လလောက်အထိ ကွာသွားတဲ့အချိန်ဆိုရင် စစ်ရှောင်တွေကအမြဲတမ်းလှုပ်ရှားပြေးလွှားနေရတဲ့ အတွက်ကြောင့် သူတို့ရဲ့နံပါတ်တွေအရင်ကနဲ့မတူတော့ဘူး အဲ့ဒီအခါမှာ ထုချေလွှာတွေနဲ့ ပြန်တင်ပြပေးရတယ်။ ပြီးတော့အလှူရရှိသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လတ်မှတ်တွေကို ပြန်တင်ပြပေးရတယ်။ အဲဒီအခါအနေဝေးတာတွေ လတ်တလောလုံခြုံရေးအရ လာလို့မရလို့ သူ့ရွာသူကြီးကလာပြီး ထောက်ခံရတာတွေ ပုံစံမျိုးစုံနဲ့ ကျနော်တို့မှာအခက်အခဲရှိတယ်။

မေး။    ။ ကော်သူးလေနယ်မြေရဲ့ စစ်ရှောင်ဦးရေက အခုဆို (၆)သိန်းအထိ ရှိနေတယ်လို့ အရင်ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။ CIDKP အနေနဲ့ သီးသန့်ကောက်ခံထားတဲ့ စစ်ရှောင်အရေအတွက်များ ရှိမလား။ ဒီဒုက္ခသည်တွေအတွက် ရရှိလာတဲ့ အရေအတွက်နဲ့ အကူအညီမျှတအောင် ဘယ်လိုစီမံဆောင်ရွက်ပေးနေပါလဲ။

ဖြေ။      ။ ကျနော်တို့စာရင်းတွေအရတော့ လတ်တလောဖြစ်နေတဲ့ ညောင်လေးပင်၊ ကျောက်ကြီးဘက်က တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး စစ်ရှောင်ဦးရေက ၇ သိန်း ၅ သောင်း ၂ ထောင် ကျော် သွားပါပြီ။ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အကူအညီရရှိအောင် အစွမ်းကုန်ကြိုးစားပြီး ကျနော်တို့အနေနဲ့ ယူပါတယ်။ ကျနော်တို့ လုပ်နိုင်တာကလည်း အရမ်းကို နည်းပါသေးတယ်။ လူ  ၇ သိန်း ကျော်ဆိုတာက နည်းတာမဟုတ်ဘူးလေ။ လိုအပ်ချက်ကလည်း အစာရေစာတစ်ခုတည်းမဟုတ်ဘူး၊ ပြီးတော့ သူတို့ရဲ့နောင်ရေး၊ ပြန်လည်နေရာချထားရေး တွေ အလုပ်အကိုင် အစားအသောက်တွေအတွက်လည်း စဥ်းစားရတယ်။ ၇ သိန်း မှာလည်း တဝက်လောက် တောင် ကျနော်တို့ မထောက်ပံ့နိုင်သေးဘူး။ ထောက်ပံ့နိုင်တာတောင် လတိုင်းမဟုတ်ဘူး၊ တစ်လလောက် ထောက်ပံ့ပြီး လေးငါးလလောက် လွှတ်ထားရတာမျိုးပါ လိုအပ်ချက်ကတော့ အများကြီးရှိနေပါသေးတယ်။

မေး။    ။ CIDKP အနေနဲ့ စစ်ရှောင်တွေ အလှူရှင်လာမှ ရပ်တည်စားသောက်နိုင်တဲ့ အခြေအနေကနေ ကင်းလွတ်ဖို့၊ စားဝတ်နေရေး ဖူလုံဖို့ ကိုယ်ကိုယ်တိုင်လုပ်ကိုင်ရာမှာ အထောက်အပံ့ပေးရေး ပရိုဂရမ်တစ်ခု အကောင်အထည်ဖော်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ စစ်တမ်းကောက်တာလုပ်မယ်လို့ ယခင်အင်တာဗျူးခဲ့တုန်းက ပြောသွားပါတယ်။ အဲဒီပရိုဂရမ်ကရော ဘယ်အဆင့်ထိရောက်နေပါပြီလဲရှင့်။

ဖြေ။      ။ စစ်တမ်းကောက်နေတာတော့ ဆက်ကောက်ခံနေပါတယ်။ CIDKP တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ အခြားဌာနတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်။ စစ်ရှောင်တွေကို ကျနော်တို့ အမြဲတမ်း အစာရေစာ ထောက်ပံ့တာထက် စားဝတ်နေရေးဖူလုံဖို့အတွက် သူတို့ကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့အရာလေးတွေ စဥ်းစားပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်မှုလေးတွေတော့ ရှိပါတယ်။ စစ်ရှောင်တွေကို စစချင်း ငွေစုငွေကြေးတွေ အဖွဲ့ဖွဲ့ပြီး သူတို့စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် ကျနော်တို့ချေးပေးတာတွေ ရှိတယ်။ ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပတ်သက်ပြီး ပရိုဂရမ်တွေ ချပေးတာတော့ရှိပေမဲ့ သိပ်တော့အားရစရာမရှိဘူး လုပ်တော့ လုပ်နေပါတယ်။

တပ်မဟာ (၆) ဘက်ဆိုရင် ကြာအင်းဆိပ်ကြီးမှာ တစ်နေရာ၊ တပ်မဟာ (၁) ဆိုရင် ဘီးလင်းဘက်မှာ တစ်နေရာ၊ တပ်မဟာ (၇) တစ်နေရာရယ်၊ တပ်မဟာ (၅) ကိုလည်း ဆက်သွားပြီးတော့ ပရိုဂရမ်တွေ ဆက်ချသွားဖို့ရှိတယ်။ နောက်တစ်ခုက နိုင်ငံကြီးတွေကနေ Civilian Protection ဆိုတဲ့ လူသားတွေကို ကာကွယ်ဖို့အတွက် ပရိုဂရမ်တွေ လည်း ချပေးလာတာရှိတာပေါ့နော်။ တပ်မဟာ (၅) မှာစပြီး ကျင်းပုန်းတွေ တူးတာကအစ တိုက်ပွဲအခြေအနေကို ပြည်သူတွေကို ချပြပြီးတော့ လုံခြုံရေးအတွက် ဘယ်လိုအကာအကွယ်ပေးကြမလဲပေါ့။ အကယ်၍ တစ်ခုခု ဖြစ်လာပြီဆိုရင် ရှေးဦးသူနာပြုစုနည်းတွေနဲ့ သူတို့အချင်းချင်း ဘယ်လိုစောင့်ရှောက်ရမလဲ စသဖြင့် ကျနော်တို့ လုပ်ဆောင်ဖို့ ရှိတယ်။ ပြီးတော့ စစ်ရှောင်ပြည်သူတွေအတွက် လယ်ယာဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဆက်လုပ်ဖို့ ရှိတယ်။ လုပ်နေတဲ့အရာတွေရှိသလို ထပ်လုပ်ဖို့ ရည်မှန်းထားတာလည်း ရှိပါတယ်။

မေး။    ။ CIDKP အနေနဲ့ ကော်သူးလေ IDP နေရာအနှံ့ ဒီပရောဂျက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားဖို့ ခန့်မှန်းထားတဲ့ အချိန်ကာလရော ရှိပါလားရှင့်။

ဖြေ။      ။ အစပျိုးတာတွေ ရှိတယ်။ ထပ်လုပ်ဆောင်ဖို့လည်း ရှိတယ်။ ဘယ်လောက်ထိ လုပ်ဆောင်ဖို့လဲ ဆိုတာကတော့ စစ်ဒဏ်ကြောင့် ဖြစ်လာတဲ့ ပြည်သူတွေအနေနဲ့က ကိုယ့်ရဲ့ခြေထောက်ပေါ်မှာ ပြန်လည်ပြီးတော့ ရပ်တည်ဖို့ အချိန်အများကြီးလိုမယ်။ အစာရေစာ တခုတည်းထောက်ပံ့ဖို့ကတော့ ရေရှည်မှာ အဆင်မပြေဘူး။ သူတို့ရဲ့ဒေသ Economy Development အတွက် စပြီး စဥ်းစားပြီးတော့ ကျနော်တို့ဆက်လုပ်ဖို့ ရှိတယ်။ အချိန်ကတော့ အတော်လေးယူရမယ်။ ဒီနှစ်အတွင်းမှာ အကယ်၍ စစ်ဖြစ်နေဦးမယ်ဆိုရင် နောက်ထပ် လေး၊ ငါး၊ ဆယ်နှစ်ကတော့ ဆက်သွားဖို့ရှိတယ်။

မေး။    ။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးက နယ်စပ်တစ်လျှောက်မှာ တည်ဆောက်မယ့် လူသားချင်းစာနာမှုစကြင်္န် အတွက် စစ်ကောင်စီနဲ့လက်တွဲအလုပ်လုပ်မယ်လို့ သတင်းတွေကြားနေရတယ် ဒီအပေါ်မှာ CIDKP အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။      ။ သူတို့အနေနဲ့ မြေပြင်အခြေအနေတွေကို မသိတာ အများကြီးရှိတယ်။  လုပ်မယ့်နေရာက နယ်စပ် ဖြစ်တယ်။ နယ်စပ်ဆိုတာက တည်ငြိမ်မှုတော့ မရှိဘူး။ ထိုင်းဝန်ကြီးချုပ်က ဒါမတိုင်ခင်  တရုတ်နိုင်ငံမှာ ဒါတွေ လုပ်ဆောင်ဖို့ သွားပြောတာရှိတယ်။ ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာ ကျနော်တို့မသိဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က သူတို့ပါလီမန်အဖွဲ့ဝင်တွေနဲ့ စကားပြောတာ ရှိတယ်ဆိုပေမဲ့ ကျနော်တို့ပြောတာက အပေါ်ကို ဘယ်လောက်အထိ တက်သွားမလဲ မသိဘူး။ နယ်စပ် တကယ့်တိုက်ပွဲတွေ ပြင်းထန်တဲ့နေရာမှာ သူတို့က စစ်ကောင်စီနဲ့ အလုပ်လုပ်မယ်ဆိုတာ ဘယ်လိုပုံစံနဲ့လုပ်မလဲ ကျနော်တို့ နားမလည်နိုင်ဘူး။ ပြီးတော့ နယ်စပ်မှာပဲ လုပ်လို့ရမယ်။

စစ်ပွဲတွေ ဖြစ်နေတဲ့နေရာ ဥပမာ- ဘီးလင်းတို့ တနင်္သာရီတို့ ကျောက်ကြီးတို့ ပဲခူးတို့ ကော့ကရိတ် နေရာတွေ နဘူးဘက်က စစ်ရှောင်နေရာတွေ သူတို့ဘယ်လိုလုပ်မလဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ လုပ်နိုင်မယ်လို့ ကျနော်တို့ မထင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲလေ။ ပြီးတော့ ဟိုးအရင် လေးကေ့ကော်ကနေ စစ်ရှောင် လာတဲ့လူဦးရေနဲ့ ဒီသံလွင်မြစ်ကမ်းနဖူးမှာနေတဲ့လူတွေလောက်ပဲ သူတို့ Access လုပ်နိုင်မယ်။ အဲ့ဒါတွေက စစ်ရှောင်တွေ အားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ အဲ့ဒါကိုတောင်မှ သူတို့ကောင်းကောင်းမွန်မွန် လုပ်နိုင်ရဲ့လားပေါ့။ အဲ့ဒါတွေ ရှိတယ်။ ပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော စစ်ရှောင်တွေက ဟိုးအထဲ ထဲမှာ ရှိနေတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ သွားပြီးတော့ အထောက်အပံ့တွေပေးမလဲပေါ့။ မဖြစ်နိုင်တဲ့ကိစ္စတွေ၊ ပြီးတော့ စစ်ကောင်စီနဲ့ လက်တွဲလုပ်မယ်ဆိုရင်လည်း စစ်ကောင်စီကြောင့်ဖြစ်တဲ့ကိစ္စတွေကို သူတို့ကပဲ ပြန်ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုတာကတော့ စဥ်းစားရအရမ်းခက်တာပေါ့နော်။

မေး။    ။ စစ်ရှောင်ဒုက္ခသည်ကူညီရေး အစီအမံတွေနဲ့ ပတ်သက်ပြီးတော့ရော ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေကို ဘာအကြံပြုချင်တာရှိမလဲ။

ဖြေ။      ။ သူတို့အနေနဲ့ ကျနော်တို့ဒေသနဲ့‌ ကိုက်ညီတဲ့ ထောက်ပံ့မှုတွေ ကူညီဖို့ ပြောချင်တာပေါ့နော်။ နိုင်ငံတကာ အနေနဲ့က အလှူပေးမယ်ဆိုရင် အပေါ်မှာပြောသွားတဲ့အတိုင်း ထည့်ပြီးစဥ်းစားရမယ်။ ဒါကတော့ နိုင်ငံရေးအပေါ်မှာ မူတည်တယ်ပေါ့နော်။ နောက်တစ်ခုက အာဆီယံနဲ့ပတ်သက်ပြီးတော့ မဖြစ်မနေ သူတို့က ထိုင်းအစိုးရနဲ့ သော်လည်းကောင်း လောလောဆယ် စစ်ကောင်စီနဲ့သော်လည်းကောင်း ပူးပေါင်းပြီးတော့ လုပ်ဆောင်မှပဲ ဖြစ်တော့မယ် ဒီတိုင်းနယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ ကျနော်တို့နဲ့ လုပ်ကိုင်ဖို့ ဖြစ်လာမယ်လို့ ကျနော်မထင်ဘူး။ အာဆီယံကလည်း ပြောထားတာကြာလှပြီ။ ဘာမှ ဖြစ်မလာဘူး။ ဖြစ်လာတာတောင် ယူနီစပ်ဖ်ရဲ့ သင်္ဘောအပစ်ခံရတာတွေ စတဲ့လုံခြုံရေးအပိုင်းက အများကြီး စကားပြောဖို့ရှိတယ်။ ကျနော်တို့ရဲ့ စစ်ဖြစ်တဲ့နေရာမှာ စစ်ရှောင်တွေရဲ့ အခြေအနေတွေ ဖြတ်ကျော်နေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာက ထောက်ပံ့ ပေးနေတဲ့လူတွေကို ကောင်းကောင်းသိစေချင်တယ်။ သူတို့ရဲ့တဖြတ်စာ တဖြတ်စာ ကျန်းမာရေး ကယ်ဆယ်ရေး တခုတည်းအတွက်ပဲ မဟုတ်ဘူး။ ရေရှည်သူတို့ရဲ့ စားဝတ်နေရေးဖူလုံဖို့အတွက် စဥ်းစားပေးဖို့ ပြောချင်တယ်။

စစ်ရှောင်ဆိုတာ သူတို့ရောက်တဲ့နေရာမှာ တစ်လပဲနေရနေရ နှစ်လပဲနေရနေရ သူတို့ဘာစလုပ်လဲဆိုတော့ ကြက်ကလေးတစ်ကောင်မွေး၊ ဝက်ကလေးတစ်ကောင်မွေး ရေသွန်တဲ့နေရာတွေမှာ ပဲလေးတစ်ပင်ဖြစ်ဖြစ် သူတို့ စိုက်တာရှိတယ်။ ဖြစ်နေတဲ့ဟာကို ဒီထက်စိုက်ပျိုးမွေးမြူနိုင်အောင် ကျနော်တို့ထောက်ပံ့မယ်ဆိုရင် စားဝတ်နေရေးက ပိုပြီးကောင်းလာမယ်။ များများစိုက်နိုင်ရင် ရောင်းချနိုင်တဲ့အထိ ဖြစ်လာမယ်။ သူတို့နေရာ ပြန်လည်ချထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ အစပျိုးခြင်း ဖြစ်မယ်လို့ ကျနော်တို့မြင်တာပေါ့နော်။ စိုက်ပျိုးတဲ့နေရာမှာလည်း နှစ်သီးထပ်သုံးသီးထပ် ဘယ်လိုစိုက်လဲ ရေကိုဘယ်လိုသွင်းရမလဲ စတဲ့ အသိပညာတွေ ကျနော်တို့ဝေမျှပေးနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ဆက်ပြီးတော့ ထောက်ပံ့စေချင်တယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း စစ်ကောင်စီနဲ့ လက်တွဲပြီး လုပ်ဆောင်တာကိုက အစပျိုးတာ မှားနေပြီ။ သေချာစီမံပြီး လုပ်ဆောင်ပါလို့ ပြောချင်တယ်။

ထိုင်းနိုင်ငံအနေနဲ ကမ္ဘာအလယ်မှာ နိုင်ငံရေးအတွက် နာမည်ရဖို့အတွက် လုပ်နေတာက ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်းလောက်ပဲရဖို့ လုပ်မယ်ဆိုတာထက် မလုပ်တာပိုကောင်းတယ်လို့ ပြောချင်တယ်။ လုပ်မယ်ဆိုရင် ဖြစ်လာမယ့် ပြသာနာကိုလည်း သူတို့ဖြေရှင်းနိုင်မှာ မဟုတ်သလို ရေရှည်လည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဟိုအရင် ရွှေကုက္ကိုလ်ဘက်မှာ တိုက်ပွဲဖြစ်တော့ IDP တွေက ထိုင်းဘက်ကို ပြေး‌တယ်။ ထိုင်းနိုင်ငံက ယာယီလုံခြုံရေးစခန်း ဖွင့်ပြီးတော့ စောင့်ရှောက်မယ့်သဘောပေါ့။ လူတွေက အဲ့လိုဆိုတာနဲ့ မနေချင်ကြတော့ဘူး။ လွတ်လွတ်လပ်လပ် မနေရတော့ဘူး။ ကြပ်ပိတ်သိပ်ပြီးတော့ နွားတင်းကုပ်ထဲမှာ အိပ်ဖို့နေရာမရှိ အနံ့တွေနဲ့ အဲ့နေ့ တရက်တည်းမှာပဲ ချောင်းဆိုးတာတွေ ကူးသွားတယ်။ ဝမ်းမသွားတာတွေ ဖြစ်လာတယ်။ နောက်တစ်ရက်မှာပဲ ဟိုဘက်ကမ်းမှာ သေနတ်သံတွေ မကြားရတော့ဘူးဆိုပြီး ထိုင်းအာဏာပိုင်တွေက စစ်ရှောင်တွေကို သွားမောင်း ထုတ်တယ်။ အဲဒီကိစ္စတွေက အင်မတန်ကို ရုပ်ဆိုးတဲ့ကိစ္စတွေ၊ လုံးဝ လူသားချင်းစာနာတဲ့ အရာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အရာတွေ။ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ အခြေအနေကို လေ့လာသုံးသပ်ပါ။ လုပ်သင့်တာကိုလုပ်ပါ ဆက်လက်ပြီး ပြဿနာကို ပွားများစေမယ့် လုပ်ရပ်ကို မလုပ်ကြပါနဲ့။ IDP တွေရဲ့ ပြဿနာက သူတို့လုပ်လိုက်ခြင်း ဖြင့် ပိုများလာမှာကို မမြင်ချင်ပါဘူးလို့။

မေး။    ။ ထပ်ဖြည့်ပြောချင်တာရှိရင် ပြောပြပေးပါဦးရှင့်။

ဖြေ။      ။ စစ်ရှောင်တွေအတွက် ကျနော်တို့ကြိုးစားနေပါတယ်။ မဖြည့်စွက်ပေးနိုင်သေးတဲ့ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ဒေသအတွင်းမှာရှိတဲ့ KNU အပါအဝင် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ခရိုင်နဲ့မြို့နယ်မှာရှိတဲ့ CIDKP ရဲ့ လုပ်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့အနေနဲ့ ဘေးအန္တရာယ်တွေကြားထဲမှာ သူတို့ရဲ့အသက်ကိုတောင် ပဓာဏမထားဘဲ လုပ်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း လက်တွဲလုပ်ဆောင်သွားကြမယ်။ ပြဿနာရဲ့ အကျော် ရေရှည်အစီအမံတွေအတွက် နိုင်ငံတကာနဲ့လည်းကောင်း အလှူရှင်တွေနဲ့လည်းကောင်း ကျနော်တို့ အမြဲတမ်း စကားပြောနေပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here