“စစ်တပ်ထိုင်ပြီဆိုကတည်းက အန္တရာယ်များသွားပြီဆိုတာ ဒေသခံတွေက အားလုံးစိတ်ပူနေကြပြီ။ အဓိကတော့ သွားလာရေးတွေမှာ လွတ်လွတ်လပ်လပ်သွားလာလို့ မရတာတွေ၊ တားမြစ်ခံရတာတွေ ဖြစ်လာမယ်။ ပြီးရင် စစ်တပ်ဆိုကတည်းက ဘယ်လောက်ပဲ ကောင်းပြရင်လည်း ကြောက်ရမှာပဲ” လုံရှာယန်ဒေသခံတစ်ဦး

0
192
Photo - လုံရှာယန်ကျေးရွာတွင် စစ်ကောင်စီတပ်စခန်းအခိုင်အမာဆောက်လုပ်နေသည့်မြင်ကွင်းနေရာ။

ပူတာအို၊ လုံရှာယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်စခန်း ဆောက်လုပ်နေတာနဲ့ပတ်သတ်ပြီး လုံရှာယန် ဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာတွင် စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြုပြီး ကျေးရွာအတွင်း၌ စစ်အင်အားအလုံးအရင်းနှင့် တပ်စခန်းအကြီးတစ်ခု ဆောက်လုပ်နေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြသည်။

စစ်ကောင်စီတပ်ဖွဲ့များဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နောက်ပိုင်း အင်ခါဂါးကျေးရွာဘက်ကနေ စစ်ကား ၂ စီးနှင့် တပ်ရွှေ့လာပြီး လုံရှာယန်ဒေသခံ ပြည်သူတွေကို အကာအကွယ်ယူ လာရောက်နေထိုင်နေတာ ၁ လ ဝန်းကျင်လောက် ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က လုံရှာယန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေနှင့် စာသင်ကျောင်းတွေမှာ တပ်ချနေထိုင်ထားပြီးတော့ ဘက်ဟိုးစက်ယန္တရားတွေနဲ့ မြေညှိတာတွေ၊ ကတုတ်ကျင်း တူးဖော်တာတွေလုပ်ဆောင်ပြီး တပ်စခန်းဆောက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါသည်။

အခုလို စစ်ကောင်စီက တပ်ရွှေ့ပြောင်းလာပြီး လုံရှာယန်ကျေးရွာအတွင်း တပ်စခန်းဆောက်လုပ်နေတာကြောင့် ဒေသအတွင်း ၂ ဖက် စစ်တပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လို့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လုံရှာယန်ဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လုံရှာယန်မှာ စစ်ကောင်စီ တပ်စခန်းတစ်ခု ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ ဘယ်လို အခြေအနေအထိ ရောက်သွားပြီလဲ။

ဖြေ။ ။ ဟုတ်တယ်၊ အခုတပ်စခန်း ဆောက်လုပ်နေတဲ့နေရာက အရင်က သူတို့စစ်တပ်နေရာမှာပဲလို့ ပြောရမှာပေါ့။ ၂၀၂၂ လောက်မှာ အဲဒီနေရာကို KIA/ကချင်လွတ်လပ်ရေးတပ်မတော်က သွားရောက် မီးရှို့ ဖျက်ဆီးလိုက်တဲ့ နေရာမှာပဲ ပြန်ပြီးနေရာယူ ဆောက်လုပ်နေကြတာဖြစ်ပါတယ်။ အရင်ထက်တော့ နေရာက နည်းနည်းပြန်ကျယ်သွားတာပေါ့။

မေး။ ။ အခုလို ရွာထဲမှာ စစ်တပ်ပြန်ဆောက်လုပ်နေတဲ့အပေါ်မှာ ဒေသခံတွေက ဘယ်လိုရှိနေကြပါလဲ။ ကန့်ကွက်မှုတွေရောရှိလား။

ဖြေ။ ။ စစ်တပ်ထိုင်ပြီးဆိုကတည်းက အန္တရာယ်များသွားပြီဆိုတာ ဒေသခံတွေက အားလုံးစိတ်ပူနေကြပြီ။ အဓိကတော့ သွားလာရေးတွေမှာ လွတ်လွတ်လပ်လပ်သွားလာလို့ မရတာတွေ၊ တားမြစ်ခံရတာတွေ ဖြစ်လာမယ်။ ပြီးရင် စစ်တပ်ဆိုကတည်းက ဘယ်လောက်ပဲ ကောင်းပြရင်လည်း ကြောက်ရမှာပဲ။ သူတို့ပျော်နေတဲ့အချိန်မှာတော့ ဘာမှလုပ်မှာမဟုတ်ဘူး။ မပျော်တဲ့အချိန်မှာ ပြည်သူကိုဒုက္ခပေးကြမှာပဲ၊ ဒါကြောင့် စိုးရိမ်နေကြရတယ်။

မေး။ ။ ရွာထဲမှာတပ်စခန်းပြန်ရှိလာတဲ့အတွက် နောက်ဆက်တွဲပြဿနာ ဘယ်လို့တွေဖြစ်မယ်လို့ထင်ပါလဲ။

ဖြေ။ ။ သူတို့ရဲ့ တပ်စခန်းရှိပြီဆိုကတည်းက ဂိတ်တွေလည်း ရှိလာမှာပဲ။ အဲဒီအချိန်ကျရင် အားလုံးက ပြောဆိုလာမယ်လို့ ထင်တယ်။ အဲဒီအခါကျရင် တောမှာနယ်မြေစိုးမိုးထားကြတဲ့ KIA တွေကလည်း ဒီတိုင်း နေကြမလား။ ဒါမှမဟုတ် ရှင်းလင်းလုပ်ဆောင်တာတွေလုပ်လာမလားဆိုတာပဲ အားလုံးကစိတ်ပူနေကြတာ။ လုံးဝတိုက်ပွဲမဖြစ်လာနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အဝင်ထွက်ခက်သွားမှာပဲလေ။ သွားလာရေးမခက်ရင်တော့ ကိစ္စမရှိဘူး။

မေး။ ။ အဲ့လို တပ်စခန်းအခိုင်အမာတည်ဆောက်နေတာကြောင့် ဒေသခံတွေက တိမ်းရှောင်တာတို့ ရွှေ့ပြောင်း နေထိုင်တာတွေရော ရှိနေပြီလား။

ဖြေ။ ။ အခုတပ်စခန်းဆောက်နေတဲ့နေရာက ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးပါတယ်။ အချက်အချာကျတဲ့ နေရာမှာလို့ပြောလို့ရမယ်။ ဒါကြောင့် အဲဒီတဝိုက်မှာရှိတဲ့ ရွာသားတချို့က ကြိုရွှေ့ပြောင်း နေထိုင်တာတွေရှိတယ်လို့ ကြားရပါတယ်။ တကယ်လို့ တိုက်ပွဲတွေ မထင်မှတ်ပဲ ဖြစ်လာမယ်ဆိုရင် ပြာကျသွားမယ့် အနေအထားမှာရှိတယ်။ စိုးရိမ်ပြီးတချို့က ပြောင်းကြတယ်တဲ့။

မေး။ ။ တပ်စခန်းဆောက်နေတဲ့နေရာမှာ ဂိတ်ထိုင်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေပြီလား။

ဖြေ။ ။ လောလောဆယ်တော့ ဝါးလုံးတွေတားပြီးတော့ လုပ်ဆောင်တာမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် သွားလာတဲ့ကားတွေကို ရပ်ခိုင်းပြီး တားမြစ်တာတွေလုပ်တယ်။ စစ်တယ်၊ မေးတယ်။ အချက်အလက်မေးတဲ့ သဘောမှာပဲ ရှိသေးတယ်။

မေး။ ။ စစ်တပ်စခန်းနဲ့ အခု စစ်ဆေးနေတဲ့နေရာက ဘယ်လောက်အကွာလောက်မှာရှိပါလဲ။

ဖြေ။ ။ အခုဆောက်နေတဲ့ တပ်စခန်းနဲ့ စစ်ဆေးနေတဲ့နေရာကတော့ ပေ ၁၀၀ ကျော် အကွယ်လောက်တော့ ရှိတယ်။ လုံရှာယန် ဘုန်းကြီးကျောင်းအနီးမှာပဲ။ အခုကတော့ သွားလာတဲ့သူတွေကို စစ်ဆေးတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အရင်တုန်းလည်း အဲ့လိုစစ်ဆေးတာရှိတယ်။ ဒါပေမယ့် မီးရှို့ခံရတဲ့နောက်ပိုင်း မရှိတော့တာ အခုပြန်ရှိတဲ့သဘောပါ။

မေး။ ။ အဲဒီ စစ်တပ်စခန်းလုပ်ပြီးနေတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေပဲ ရှိနေတာလား။ ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့တွေရောပါသေးလား။

ဖြေ။ ။ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ ဟုတ်တယ်။ ဒီဘက် ပူတာအိုမှာရှိတဲ့ တပ်ရင်းတွေ အကုန်ပါတယ် ထင်တယ်။ ခလရ ၁၃၇ အဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့လုပ်နေကြတာ။ သူတို့က ရှေ့တန်းလုံခြုံရေးကို အဓိက လုပ်ဆောင်လာချင်လို့ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီး လုပ်နေကြတာ။

မေး။ ။ တပ်စခန်းဆောက်လုပ်နေတာက ဘယ်လောက်အခြေအနေအထိ ပြီးစီးသွားပြီလဲ။

ဖြေ။ ။ စလုပ်တာက ဒီဇင်ဘာလောက်ကနေ ခြုံရှင်းတယ်။ ဘက်ဟိုးနဲ့ ကလော်တယ်။ ခြံစည်းရိုးကာတယ်။ အခုကတော်တော်လည်း ပြီးစီးလာပြီလို့ပြောလို့ရမယ်။ ဆောက်ထားတဲ့ အနေအထားကတော့ ဝါး၊ ပျဉ် အကုန်သုံးတယ်။ အခိုင်အမာနဲ့ ဆောက်ထားတာ။ အခုတောင်ပြီးစီးလာလို့ တပ်ရင်းမှူးအဆင့်ရှိသူတောင် လာထိုင်နေပြီဖြစ်တယ်။ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နေနေကြတာ စစ်အင်အား ၁၀၀ ဝန်းကျင်လောက် ရှိတယ်။

မေး။ ။ စစ်သားတွေက တပ်ရွှေ့ပြောင်းလာကတည်းက ရွာထဲမှာ ပြည်သူတွေရဲ့ နေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောတယ်။ အခုထိ ရှိနေတုန်းလား။

ဖြေ။ ။ စခန်းထဲကို အကုန်သွားနေတာမျိုးတော့ မရှိသေးဘူး။ ရွာထဲက ရွာလူကြီးအိမ်တွေမှာရှိနေသေးတယ်။ ဘာသာရေးဆရာတွေရဲ့ အိမ်တွေမှာလည်း ရှိကြတယ်။ စာသင်ကျောင်းအနီးတဝိုက်တွေမှာ ပြီးရင် ရွာပတ်ဝန်းကျင်တွေမှာလည်း ရှိနေကြတယ်။

မေး။ ။ စစ်သားတွေက ရွာထဲဝင်ရောက်လာတဲ့နောက်ပိုင်းမှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတို့ အိမ်တွေမှာ မသင်္ကာဝင်ရောက်စစ်ဆေးတာတို့ရှိလား။

ဖြေ။ ။ အခုချိန်အထိတော့ မရှိသေးဘူး။ ရွာသားတွေက စိုးရိမ်ပြီးမှတော့နေရတာပေါ့။

မေး။ ။ တပ်စခန်းဆောက်လုပ်နေတဲ့အချိန်တွေမှာ ဒေသခံပြည်သူတွေကို သွားလာရေး ကန့်သတ် ထားတာတွေရော ရှိလား။

ဖြေ။ ။ ရွာထဲမှာ ကန့်သတ်ထားတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် တောင်ယာအခင်းတွေမှာ မအိပ်ကြဖို့ အဲ့စစ်ကြောင်းအရာရှိက ပြောထားတယ်ဆိုပြီး ဘုရားကျောင်းတွေမှာကပြောထားတယ်။ ဘာလို့ မအိပ်ခိုင်းတာလည်းတော့ မသိဘူး။ တိုက်ပွဲဖြစ်လာရင်ခက်မယ် အဲ့လိုပဲပြောတာ။

မေး။ ။ လုံရှာယန်မှာ စစ်တပ်ကတပ်စခန်းအခိုင်အမာနဲ့ ပြန်ပြီးဆောက်လုပ်လာတာက ဘာကြောင့်လို့ ထင်ပါလဲ။

ဖြေ။ ။ ကျနော်တို့မြင်တာကလေ ပူတာအိုမြို့နယ်ထဲမှာ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ စုပေါင်းဂိတ်က မူလာရှီးဒီမှာပဲ ရှိတာဖြစ်တယ်။ အဲဒီဂိတ်အတွက်လည်း လက်ရှိဖြစ်ပျက်နေတဲ့ ဒေသမတည်ငြိမ်မှုတွေနဲ့ ဖြစ်နေတော့ အဲဒီဂိတ်ကို လုံခြုံရေးယူပေးဖို့ ရှေ့တန်းတပ်စခန်းအကြီးအနေနဲ့ လုပ်လာတယ်လို့မြင်တယ်။ ပြီးရင် လုံရှာယန်ရွာကလည်း လူဦးရေများသလို ရွာလည်းကြီးတယ်။ အချက်ကျတဲ့နေရာလို့ ပြောလို့ရမယ်။ ပြီးရင်နောက်တစ်ခုက ဒီဒေသက KIA ထိန်းချုပ်နယ်မြေလည်း ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့အဝင်အထွက်တွေကိုလည်း တင်းကြပ်ဖို့လို့ မြင်ပါတယ်။

မေး။ ။ လုံရှာယန်ကျေးရွာက စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ၊ ၂၀၂၂ ခုနှစ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ ကြားမှာ လရှည်တိုက်ပွဲ ဖြစ်ပွားတာတွေဖြစ်ခဲ့တယ်။ အခုက ပြန်ဖြစ်တာတော့ မရှိတော့ဘူး။ တကယ်ပဲ ဒေသတည်ငြိမ်သွားပြီလား။

ဖြေ။ ။ ၂၀၂၂ လောက်အထိတော့ တန်ဂျာကျေးရွာတွေမှာ တိုက်ပွဲတွေက ဆက်ဖြစ်ခဲ့သေးတယ်။ အဲဒီနောက်မှာ KIA တွေကလည်း ရွာသားတွေကို ငဲ့ညှာတဲ့အနေနဲ့ စစ်ရေးလှုပ်ရှားတာတွေ လျှော့နည်းသွားတယ်။ ဒါ့ပေမယ့် တခါတလေ သွားလာတာတွေ ရှိနေသေးတော့ တိုက်ပွဲကမဖြစ်တော့ဘူးဆိုတာက မပြောနိုင်ဘူး။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ဒေသပါ။ တိုက်ပွဲမဖြစ်တာက ၁ နှစ်လောက်တော့ ပြန်ငြိမ်သွားတယ်လို့ ပြောလို့ရမယ်။

မေး။ ။ ရွာထဲမှာ စစ်တပ်ကတပ်စခန်းပြန်ဆောက်လာတော့ KIA ဘက်က တုန့်ပြန်မှုတွေရော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒီဒေသက KIA ကလည်း ထိန်းချုပ်နေတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်။ ဒီလိုရွာထဲမှာ တပ်စခန်းပြန်လာဆောက်နေတာက ကြိုက်မှာမဟုတ်ဘူး။ ရှင်းလင်းချင်မှာပဲ။ ဒါပေမယ့် အခု စစ်ကောင်စီတပ်ဖွဲ့တွေက ရွာသားတွေကို အကာအကွယ်ယူပြီး ရှိနေတာဖြစ်တဲ့အတွက် ဘာမှပြောလို့ မရသေးဘူး။ တကယ် KIA ကသာ ရွာထဲကိုဝင်လာပြီဆိုရင် တိုက်ပွဲက အချိန်မရွေး ထဖြစ်လာမှာသေချာတယ်။ ဒေသခံတွေကို ငဲ့ညှာလို့ပဲပြောရမှာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ အခုလို ရွာထဲမှာ တပ်စခန်းဆောက်နေတာကြောင့် ကျနော်တို့ရွာသားတွေက မကြိုက်ပါဘူး။ ကန့်ကွက်ပါတယ်။ ဒီလို တပ်စခန်းတွေရှိလာတာကြောင့် လုံခြုံရေးအတွက် အရမ်းစိုးရိမ်ရပါတယ်။ ဘယ်ချိန်မှာ ဘယ်လို ဖြစ်လာမယ်ဆိုတာ မသိရပါဘူး။ အဓိက ပြောချင်တာက ကျနော်တို့ပြည်သူတွေဟာ စစ်ကို မလိုချင်ပါဘူး။ ငြိမ်းချမ်းတာကိုပဲ လိုချင်တာပါ။ ဒါကြောင့် တိုက်ပွဲဖော်ဆောင်ပေးတာတွေမလုပ်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here