ကနန်ရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများကို ဆေးဝါးကုသခွင့်မရရှိစေရန် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထား

0
228
ပုံစာ - တမူး၊ ကနန်ကျေးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတချို့။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဆေးဝါးကုသခွင့် ပိတ်ထားကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောသည်။

ကနန်ရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ပြီးနောက် စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်း၊ ဒဏ်ရာရရှိသူများကို မြို့ပေါ်တွင် ဆေးကုသခွင့်မရစေရန် မြို့ထဲအဝင်မခံခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ဟု ယင်းဖြစ်စဥ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပါဝင်ခဲ့သည့် Mobile Medical Team – West Division ၏ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောဆိုသည်။

“စစ်ကောင်စီက ဒဏ်ရာရသူတွေကို မြို့ထဲကို အဝင်မခံဘူး။ ခိုးပြီးတော့ တိတ်တိတ်ဝင်မှာ ကြောက်လို့လည်း မြို့ထဲက ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာကလာတဲ့ လူတွေကို ဘယ်သူမှကုသခွင့် မပေးရဘူး။ ပိတ်ပင်ထားတာပါ။ ကျမတို့က မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ ဒဏ်ရာရထားတဲ့လူတွေကို ဆေးဝါးကုသမှု ပေးနေပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေဆိုတာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့ မရပါဘူး” ဟု တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်က တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူး ကားလမ်းမပေါ်ရှိ ကနန်ကျေးရွာ၏ အ.ထ.က ကျောင်းခွဲနှင့် St. Peter ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန်မှာ စစ်ကောင်စီက A- 5 တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ဗုံး နှစ်လုံး) ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၅ နှစ် မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦး အထိ ရှိခဲ့ရာမှာ အသက် ၃ နှစ် မှ ၁၆ နှစ် အရွယ် ကလေးငယ် ၁၁ ဦး အထိ ပါဝင်ပြီး လက်ရှိတွင် စစ်ကောင်စီက ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု မရရှိစေရန် တားဆီး ကန့်သတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို လွတ်မြောက်နယ်မြေတစ်နေရာတွင် NUG ဆေးအဖွဲ့နှင့် ဒေသကာကွယ်ရေး ဆေးအဖွဲ့များမှ ကုသမှုပေးနေပြီး ဆေးကုသနေရာ သတင်းပေါက်ကြား၍ စစ်ကောင်စီက လေကြောင်းက ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်နေရသည်ဟု NUG အစိုးရအဖွဲ့၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မြေပြင်တာဝန်ခံ မခိုင်လေးက ပြောဆိုသည်။

စာသင်ကျောင်း (၂) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ရသည့် ကနန်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ပထမပတ်ထဲမှာပင် နိုင်ငံတစ်ဝန်းတွင် ကလေးငယ် ၁၈ ဦး အပါအဝင် အရပ်သား ၅၇ ဦးသည် စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရဦးကျော်ဇောက ဇန်နဝါရီလ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု ၅၈၀ ကျော် ပြုလုပ်ခဲ့ရာတွင် အရပ်သားသေဆုံးသူ ၈၉၇ ဦးအထိ ရှိခဲ့သည်။

ထို့သို့ကျူးလွန်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး ဆောင်ရွက်သွား မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here