တမူး၊ ကနန်ရွာ ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ ၁၇ ဦးထဲ ကလေးငယ် ၉ ဦးနှင့် ထိခိုက်ဒဏ်ရာသူများတွင် ကလေးငယ် ၁၁ ဦး အထိပါဝင်နေ

0
201

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ အရပ်သား ပြည်သူ ၁၇ ဦးထဲတွင် ကလေးငယ် ၉ ဦးအထိ ပါဝင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးထဲတွင်လည်း အသက် ၃ နှစ် မှ ၁၆ နှစ်အရွယ် ကလေးငယ် ၁၁ ဦးအထိ ပါဝင်သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ဇန်နဝါရီလ ၇ ရက် မနက် ၁၀ နာရီခန့်က တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူး ကားလမ်းမပေါ်ရှိ ကနန်ကျေးရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန် လူစည်ကားနေချိန်မှာ စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကနန်ကျေးရွာဒေသခံတစ်ဦးက “ဗုံးလာကြဲတဲ့အချိန်က ဘုရားကျောင်းတက်နေတဲ့အချိန်လေ ပထမခေါက် လာကြဲတော့ ဘုရားကျောင်းကနေ ထွက်ပြေးကြတာလေ။ အဲလိုထွက်ပြေးတဲ့အခါကျတော့ ဒုတိယခေါက်ဗုံးနဲ့ ထိသွားကြတာ၊ ဆုံးသွားတာ အားလုံးပေါင်း ၁၇ ယောက်၊ ညနေပိုင်းကပဲ သဂြိုလ်လို့ပြီးသွားတာ တရွာလုံး တော်တော်လေး ၀မ်းနည်းနေကြတယ် ၀မ်းနည်းကြေကွဲနေကြတာပဲ” ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ် အရွယ် ကလေးသူငယ် ၉ ဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိသူ ၁၉ ဦး ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့က သတင်းထုတ်ပြန်သည်။

အသက် ၅ နှစ် မှ ၁၇ နှစ် အကြား သေဆုံးသူကလေးငယ်များမှာ မောင်စတီဗင် (၅ နှစ်) ၊ မောင်မျိုးသူရလင်း (၆နှစ်)၊ မောင်လားထန်လျံ (၇ နှစ်)၊ မောင်ကပ်ရှန်ခိုင် (၇ နှစ်)၊ မထျန်နေမော (၁၁ နှစ်)၊ မနွှမ်းနိမ်းမော (၁၃ နှစ်)၊ မထင်နှဲမ် (၁၄ နှစ်)၊ မောင်လားနွံမောယာ (၁၆ နှစ်) နှင့် မောင်အုပ်ထန်လျံ (၁၇ နှစ်)တို့ ဖြစ်သည်။

ကျန်သေဆုံးသူအရပ်သားများမှာ ဒေါ်ဟွတ်ဖဲန် (၇၀ နှစ်)၊ ဦးဆ‌‌လောမ် (၂၉ နှစ်)၊ ဦးဘွလ်ခမ်း (၆၂ နှစ်)၊ ဦးထန်သင်ဆောမ် (၆၂ နှစ်)၊ ဦးလားရဲမ်းအုပ် (၃၉ နှစ်)၊ မောင်အာရော်ထန် (၂၉ နှစ်)၊ ဒေါ်ဆွေကြင်ပါရ်း (၅၂ နှစ်)၊ ဦးဗန်ပက်အော်ထန် (၄၂ နှစ်) တို့ ဖြစ်သည်။

ယခုလက်ရှိတွင်လည်း ဗုံးကြဲတိုက်ခိုက်ခံရသည့် ရပ်ကွက်နှင့် အနီးတဝိုက်ရှိ ပြည်သူများသည် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်ကြပြီး တောင်ယာထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကနန်ဒေသခံတစ်ဦးက ပြောဆိုသည်။

“တချို့က ရွာနဲ့ ၃ မိုင် ၅ မိုင်လောက် ဝေးတဲ့ လယ်တောထဲမှာ ပြေးနေကြတယ်။ အားလုံးမပြေးဘူး၊ စာသင်ကျောင်းနဲ့ နည်းနည်းကပ်နေတဲ့အိမ်တွေပဲ ထွက်ပြေးကြတာ ၃၀၊ ၄၀ လောက်ပေါ့။ နောက်ထပ်ကျ ရင်လည်း အဲ့ဒီနီးနားတွေ ကျမှာစိုးလို့” ဟု အဆိုပါကနန်ဒေသခံက ပြောသည်။

ကနန်ကျေးရွာကို စစ်ကောင်စီက မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာဖြစ်ပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းအပါအဝင် နေအိမ်များလည်း အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကနန်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ခမ်းပတ်မြို့နှင့် ကပ်လျက်ရှိသော စံပြကျေးရွာတစ်ရွာဖြစ်ပြီး ချင်းလူမျိုးစုတွေ နေထိုင်သည့်ရွာလည်း ဖြစ်သည်။

စစ်အာဏာသိမ်းချိန်မှစပြီး ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်အတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၂၇ ဦး၊ အမျိုးသမီး ၁၀၁၇ ဦး သေဆုံးခဲ့ရသည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

ထို့အပြင် ရပ်ရွာများကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၃ ကြိမ် ပြုလုပ်ခဲ့မှုကြောင့် အရပ်သား ၈၉၇ ဦး သေဆုံးပြီး၊ ဘာသာရေး အဆောက်အဦးပေါင်း ၇၆ လုံး၊ စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ ကျူးလွန်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက် ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here