“လွတ်မြောက်လာသူတစ်ဦးပြောပြတဲ့ ပေါက်တောစစ်ပွဲအနိဌာရုံ”

0
324
ပုံစာ - တိုက်ပွဲစစ်မီးများကြားက ပေါက်တောမြို့။

ရက္ခိုင်တပ်တော် AA ကယ်ထုတ်မှုကြောင့် လွတ်မြောက်လာသူ ပေါက်တောမြို့ခံ အမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ ပေါက်တောမြို့မှာ နိုဝင်ဘာလ ၁၆ ရက်မှ စ၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် တိုက်ခိုက်နေသည်။

တိုက်ပွဲအတွင်း မြို့ခံရာချီ ပိတ်မိနေသလို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသူများလည်း အများအပြား ရှိနေသည်။ ပေါက်တောမြို့ခံများ လွတ်မြောက်ရေးအတွက် AA ဘက်က အကြိတ်အနိုင် ကြိုးပမ်းနေခြင်း ဖြစ်သည်။ လက်ရှိ AA ကယ်ထုတ်မှုကြောင့် မြို့ခံ ၃၀၀ ကျော် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ပေါက်တောမြို့ တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲ၊ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေ ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ စစ်ကောင်စီက ဘာတွေကျူးလွန်နေသလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး AA ကယ်ထုတ်မှုကြောင့် နိုဝင်ဘာ ၂၁ ရက်နေ့က လွတ်မြောက်လာတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်း ထားပါတယ်။ (လုံခြုံရေးအရ အင်တာဗျူးဖြေဆိုသူရဲ့ နာမည်ကို ချန်လှပ်ထားပါတယ်။)

မေး။ ။ စစ်ပွဲအတွင်း ပိတ်မိခဲ့တဲ့အကြောင်းကို သိချင်ပါတယ်။

ဖြေ။ ။ အဲဒီနေ့ (နိုဝင်ဘာ ၁၆) က မြို့ထဲကို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ပစ်တော့ ကျနော်တို့က လောကထိပ်ပန်ဘုရားမှာ လုံခြုံတယ်ဆိုပြီးတော့ ပြေးကြတာ။ ကျနော်တို့ ဘုရားရင်ပြင်မှာ ပုန်းနေကြတော့ စစ်သားတွေနဲ့ ရဲသားတွေ တက်လာတယ်။ နောက်ပြီးတော့ ရမ်းပစ်တာတွေ ရှိတယ်။ အဲဒီလို့ပစ်လို့ ကျနော်ရှေ့မှာ ၄ ယောက် သေသွားတယ်။ စစ်သားတွေက ကျနော်တို့ကို မြင်တော့ Òလက်မြှောက်ပြီးတော့ ထွက်လာကြ၊ လက်မမြှောက်ရင် ပစ်သတ်မယ်Ó ဆိုပြီးတော့ ပြောတယ်။ နောက်ပြီးတော့ Òဒီမှာ AA တွေရှိလား” မေးတယ်။ အဲဒီလို့မေးပြီးတော့ ကျနော်တို့ကို ဘုရားဓမ္မာရုံမှာ စုပြီးတော့ ဖမ်းထားပါတယ်။

မေး။ ။ ဆက်ပြီးတော့ ဘာဖြစ်သေးလဲ ရှင်းပြပေးပါဦး။

ဖြေ။ ။ ဖမ်းဆီးခံရတဲ့နေ့ကတော့ ကျနော်တို့ကို လုံးဝ အပြင်ထွက်ခွင့်မပေးဘူး။ နောက်တစ်နေ့မနက်မှ အိမ်က အဝတ်အထည်တွေ၊ အစားအသောက်တွေ လူခွဲပြီးတော့ ယူခွင့်ပေးပါတယ်။ ယောက်ျားတွေကို ဈေးကနေ ရိက္ခာတွေ ယူခိုင်းပြီးတော့ မိန်းမတွေကို ထမင်းချက်ခိုင်းတယ်။ အဲဒီလိုပဲ နေခဲ့ရတယ်။ ကျနော်တို့မှာ ပါလာတဲ့ ဖုန်းတွေနဲ့ ပစ္စည်းတွေကို အကုန်လုံးသိမ်းသွားတယ်။ အမျိုးသမီးတွေမှာပါလာတဲ့ ရွှေတွေကိုလည်း အကုန်လုံး သိမ်းသွားတယ်။ ကျနော်တို့ ရပ်ကွက်ဘက်ကို သွားကြည့်တဲ့အခါတော့ လူတွေ တစ်ယောက်မှ မရှိတော့ဘူး။ စစ်သားတွေက မြို့ဝင်၊ မြို့ထွက်တွေရော၊ အိမ်တွေမှာလည်း နေရာယူထားတယ်။ လောကထိပ်ပန်ဘုရားမှာ ဖမ်းထားတာက လူ ၁၂၀ ကျော် ရှိပါတယ်။

မေး။ ။ ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကိုလည်းသိပါရစေ။

ဖြေ။ ။ ကျနော်တို့နဲ့အတူ ဖမ်းဆီးခံရသူတွေထဲမှာ စစ်သားတွေပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေလည်း ပါတယ်။ ကလေးတစ်ယောက်ဆိုရင် တင်ပါးမှာ ကျည်ဝင်လို့ ခွဲစိတ်ရမယ်လို့ ပြောတယ်။ ဆေးရုံမဖွင့်တော့ မခွဲခဲ့ရဘူး။ ဆေးရုံ ဘယ်နေ့ဖွင့်မှာလဲမေးတော့ မသိဘူးလို့ ပြောတယ်။ ကျနော်ရှေ့မှာ သေဆုံးသွားတဲ့ ၄ ယောက် ထဲမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး၊ သက်ကြီးပိုင်း ၁ ဦးနဲ့ သံဃာတစ်ပါး ပါတယ်။ သူတို့ကိုတော့ နောက်တစ်နေ့မှာ ကျနော်တို့မပါဘဲ စစ်သားတွေက သင်္ဂြိုလ်လိုက်ကြတယ်။

မေး။ ။ ဖမ်းဆီးခံထားရတဲ့အချိန် တိုက်ပွဲအတွင်းမှာ ဘယ်လိုနေခဲ့ကြရပါလဲ။

ဖြေ။ ။ ကျနော်တို့က ဓမ္မာရုံထဲမှာနေရတာဆိုတော့ ပစ်သံကိုပဲ ကြားရတယ်။ မမြင်ရဘူး။ ပစ်သံကြားရတဲ့ အချိန်မှာတော့ ဓမ္မာရုံထဲမှာပဲ ဝပ်နေကြရတယ်။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တော့ ကလေးတွေဆိုရင် ကြောက်လန့်ပြီး ငိုကြတယ်။ ညဆိုလည်း အိပ်မရဘူး။ ကလေးတွေရော၊ လူကြီးတွေပါ အကုန်လုံး ကြောက်လန့်ပြီးတော့ နေခဲ့ရတာ။ ဒီလိုပဲ ဓမ္မာရုံထဲမှာပဲ ၅ ရက် နေခဲ့ရတယ်။ လွတ်လာမယ်နေ့က လေယာဉ်ကနေ ပစ်လို့ ဓမ္မာရုံအနားမှာ ကျည်ကျတာတွေ ရှိတယ်။

မေး။ ။ AA က ဘယ်လိုပုံစံမျိုး ကယ်ထုတ်ခဲ့တာပါလဲ၊ လာကယ်မယ်လို့ သိထားတာရှိပါလား။

ဖြေ။ ။ လာကယ်မယ်လို့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့မလွတ်ခင်က အကြီးအကျယ် တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့နေတဲ့ ဓမ္မာရုံအနောက်မှာ တံခါးပေါက်တစ်ပေါက် ရှိတယ်။ အဲဒီအပေါက်ကနေ ထွက်လာတာပါ။ AA အဖွဲ့သားတွေက Òမကြောက်ကြနဲ့ ကျနော်တို့ကယ်ဖို့လာတာÓ လို့ ပြောတယ်။ ကျနော်တို့ ထွက်လာတဲ့အချိန်မှာ စစ်သားအလောင်းနဲ့ ရဲသားအလောင်းတွေ တွေ့ခဲ့ရတယ်။ AA က ကျနော်တို့ကို လောကထိပ်ပန်ဘုရား အနောက်ဖက်ကနေ ခေါ်လာတာပါ။

မေး။ ။ မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေကျန်ခဲ့သေးလား၊ ဘယ်လို အခြေနေမျိုးရှိလဲ။

ဖြေ။ ။ မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ကျန်ခဲ့သေးတယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးရုံးနဲ့ မြို့တော်ခန်းမမှာ လည်း ဖမ်းထားတဲ့မြို့ခံတွေ ကျန်နေခဲ့သေးတယ်။ စစ်သားတွေက အပြင်ကို လုံးဝ ထွက်ခွင့်မပေးဘူးလို့ သိရတယ်။ ကြားရတာကတော့ မြို့ထဲမှာလည်း ဒဏ်ရာသူတွေ ရှိတယ်လို့သိရတယ်။ လူဦးရေ အတိအကျကိုတော့ ကျနော်မသိဘူး။ ကျနော်နဲ့အတူ လွတ်လာတဲ့လူတွေထဲမှာ အနည်းငယ်ဒဏ်ရာရထားတဲ့ လူတွေလည်းပါတယ်။

မေး။ ။ လက်ရှိ ရောက်နေတဲ့နေရာမှာ အဆင်ပြေရဲ့လား။

ဖြေ။ ။ အခုကတော့ ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာနေတယ်။ ပိုက်ဆံတွေရော၊ ဖုန်းတွေကိုပါ အကုန်လုံး သူတို့ (စစ်ကောင်စီ) က သိမ်းထားလိုက်တာကြောင့် ဘာမှပါမလာဘူး။ စားဝတ်နေရေးတော့ အခက်အခဲ ရှိပါတယ်။ သူများထောက်ပံ့ပေးမှုနဲ့ စားသောက်နေထိုင်ရတာပါ။ အဆင်ပြေတယ်လို့ ဘယ်ဟုတ်မလဲ။

မေး။ ။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ဘာပြောချင်ပါလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တော့ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။ ဒါကြောင့် တိုက်ပွဲမဖြစ်ရင်တော့ ကောင်းတာပေါ့။ နောက်ပြီး ကျနော့်လို ပိတ်ကျန်နေတဲ့သူတွေကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။

အခုလို အချိန်ပေးပြီးဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here