သီပေါမြို့ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ နှစ်ဘက်တိုက်ပွဲအတွင်း ဒေသခံများ လုံခြုံရေးစိုးရိမ်နေကြ

0
285

သျှမ်းပြည်၊ သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံ ဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နှင့် လားရှိုးမြို့ အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ဒီဇင်ဘာ ၁ ရက် က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲ အတွင်း အလုံးစုံ ဖျက်ဆီးခံခဲ့ရသည်။

ထို့အခြေအနေကြောင့် သွားလာ၍မရတော့ဘဲ သီပေါမြို့နယ်ရှိ ပြည်သူများမှာ တိုက်ပွဲကြား ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း သီပေါဒေသခံများက ပြောသည်။

သီပေါမြို့ဒေသခံတစ်ဦးက “မနေ့က ညနေ ၃ နာရီခွဲလောက်က စပြီး စဉ့်အင်တံတား ထက်ပိုင်းကျိုးသွားတော့ လုံးဝ သွားလို့မရတော့ဘူး။ အခုက နှစ်ဘက်လုံးကလည်း အင်အားဖြည့်လာကြတာဆိုတော့ သီပေါမြို့ပေါ် တိုက်ပွဲဖြစ်ပြီး ကြားညပ်မှာလဲ ကြောက်တယ်။ ဘယ်လမ်းမှ မထွက်ပြေးနိုင်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ရော ဗုံးလာကြဲမှာလဲ အရမ်းစိုးရိမ်ရတယ်။ လောလောဆယ် သွားလို့ရတာဆိုရင် သီပေါကနေ နမ့်လန်ဘက်သွားတဲ့ ၉ မိုင်လမ်းခွဲ တံတားတခုပဲ ကျန်တယ်။ အဲ့ဒါပါ ထပ်ပြီးဖျက်ခံရရင်တော့ ပြေးစရာ မရှိတော့ဘူးÓ ဟု ၎င်း၏စိုးရိမ်မှုကို ပြောပါသည်။

ဒီဇင်ဘာ ၁ ရက် က သီပေါမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း ပျက်စီးသွားသည့် စဉ့်အင်တံတားသည် သီပေါမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးပြီး သီပေါ-လားရှိုးသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ကားများမှာ သီပေါ-နမ္မတူ လမ်းပိုင်းရှိ မန်စံလမ်းခွဲမှ လည်းကောင်း၊ သီပေါ-မိုင်းရယ် လမ်းပိုင်းများမှ တဆင့် လားရှိုးမြို့သို့ သွားရောက်နေရကြောင်း သီပေါဒေသခံများက ပြောသည်။

အလားတူ ကျောက်မဲနှင့် သီပေါမြို့ အကြားရှိ ကျင်သီတံတားလည်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရန် နိုဝင်ဘာ ၁၂ ရက်က TNLA တပ်ဖွဲ့၏ ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီး သွားလာ၍မရတော့ဘဲ လက်ရှိတွင် သီပေါမြို့၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“အခု သီပေါ-လားရှိုးကြားက စဉ့်အင်တံတား ထပ်ကျိုးတော့ သီပေါမြို့ပေါ်မှာ ကုန်းဈေးနှုန်းတက်တာပေါ့။ လားရှိုးသွားချင်ရင်လည်း ကားခတွေ ဈေးတက်ကုန်ပြီ၊ အခုဆို သီပေါ-လားရှိုး သွားတာကို ကားခက နှစ်သောင်း သုံးသောင်းအထိ ရှိတာ။ မန်စံဘက်၊ မိုင်းရယ်ဘက်တွေ ကွေ့ဝိုက်ပြီး သွားရတော့ အကုန်ဈေးတက်ကုန်ပြီ” ဟု သီပေါ – လားရှိုး ခရီး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

သီပေါမြို့နယ် စဉ့်အင်တံတားအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ဒီဇင်ဘာ ၁ ရက်က TNLA တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄၀၀၀ နီးပါး နီးစပ်ရာ ကျေးရွာနှင့် မြို့ပေါ် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သီပေါမြို့ ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here