မုပလ္လင်လမ်းဆုံ ရဲဂိတ်တိုက်ခိုက်ခံရ စစ်ကောင်စီဘက်က အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

0
207
ပုံစာ - မုပလ္လင်လမ်းဆုံရဲဂိတ်ရှိ ယာဉ်တန်းများ။ (Photo – KRF)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) ထိန်းချုပ်ရာ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ပါဝင်သော ပူးပေါင်းတပ်များက ဒီဇင်ဘာ ၃ ရက်နေ့ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KRF ထံမှ သိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၅ မိနစ် အချိန်တွင် အဆိုပါဂိတ်အား တော်လှန်ရေး ပူးပေါင်းတပ်များက ၆၀ မမ လက်လုပ်ပြောင်း ၈ လုံး၊ ၄၀ မမ အလုံး ၂၀၊ ဒရုန်းဗုံ ၁ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦး သေဆုံးပြီး နှစ်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု KRF ဘက်က ပြောသည်။

“လောလောဆယ်တော့ နှစ်ပွင့်လား သုံးပွင့်လား မသိဘူး အရာရှိတစ်ယောက်ရယ်၊ တပ်ကြပ်တစ်ယောက်ရယ် တပ်သားတစ်ယောက် စုစုပေါင်း သုံးယောက်ကတော့ လဲသွားပြီ။ ရဲ နှစ်ယောက်ကလည်း ဒဏ်ရာ အကြီးအကျယ် ရထားတယ်။ အဲ့ကောင်တွေလည်း လဲဖို့ရှိတယ်၊ နောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ” ဟု KRF အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုကို KNLA, KRF အပါအဝင် တောကျီးကန်းစစ်ကြောင်း၊ ကျောင်းသားတပ်မတော်-ABSDF၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့၊ မုပ္ပလင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YEF TPDF Drone Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ပူးပေါင်းတပ်ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း KRF က ထုတ်ပြန်ပြောထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါဂိတ်စခန်းသို့ စစ်ကောင်စီတပ်ဘက်မှ အကူတပ်များ ရောက်ရှိလာခဲ့သလို ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းအား ယာယီပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“နေ့လည် ၁ နာရီလောက်မှ အဝေးပြေးလမ်းကို ပြန်ဖွင့်တာ၊ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်လိုက်တယ်။ ပြီးတော့ ခရီးသွားတွေကို စစ်ဆေးရေး တင်းကြပ်တာတွေ လုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။

အဆိုပါစစ်ဆေးရေးဂိတ်စခန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်များက မကြာခဏ ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လပိုင်းကလည်း ထိုဂိတ်စခန်းသို့ KNLA ပူးပေါင်းတပ်က တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က ၆ ဦး သေဆုံး၍ ပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here