ကရင်နီပြည်အတွင်း ကုန်စည်လမ်းကြောင်းပိတ်ဆို့လို့ စစ်ဘေးရှောင်များ ရိက္ခာဆေးဝါးလိုအပ်နေ

0
154
ပုံစာ - ကရင်နီစစ်ရှောင်များအား ခြုံစောင်ပေးအပ်ကူညီနေစဉ်။ ( Photo- Karenni Humanitarian Team-KHT)

ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိနေပြီး ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့ သွားသောကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ကရင်နီပြည်အတွင်း ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲများကြောင့် ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့မှု ဖြစ်သွားပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်ကုန်ပြီဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

”ယျေဘုယျပြောရရင် ဆေးဝါးနဲ့ရိက္ခာတော့ တော်တော်လေးအခက်အခဲရှိတယ်။ လမ်းတွေ အကုန်ပိတ်တယ်။ သယ်ရပြုရတာလည်း အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် တချို့​သောနေရာတွေမှာ ဆေးဝါးတွေ ရိက္ခာတွေ အလျင်မမီဘူးပေါ့လေ။ ဒါပေမယ့် စစ်ရှောင်တွေကို ဦးစားပေးအစီအစဥ် တစ်၊ နှစ် ထားပြီးတော့ လုပ်ပေးနေတယ်ပေါ့နော်။ ဆိုလိုတာက အရမ်းမလိုအပ်သေးတဲ့ နေရာတွေမှာဆို ဦးစားပေးအဆင့်တွေမှာ ချန်ထားပြီးမှ ပိုပြီးမှ လိုတဲ့နေရာတွေမှာ ပိုပြီးဦးစားပေးတဲ့ဟာမျိုးတွေပေါ့၊ လောလောဆယ်ကတော့ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ ဖြစ်တဲ့အခါကျတော့ လူတွေက အုံနဲ့ကျင်းနဲ့ ထွက်လာတယ်၊ အဲ့လိုထွက်လာတော့ ရုတ်တရက်ဆို လူတွေကဆောင့်တက်လာတယ်။ ဒါကြောင့်မလို့ ဆေးဝါးနဲ့ အခြေခံစားနပ်ရိက္ခာတွေ ဆန်နဲ့ရိက္ခာခြောက်တွေပေါ့ တော်တော်လေး လိုအပ်ချက်တွေ ကြီးလာတယ်ပေါ့နော်” ၎င်းက ပြောဆိုသည်။

လက်ရှိ ကရင်နီပြည်ထဲသို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းနှစ်ခုဖြစ်သည့် မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းနှင့် တောင်ငူ-ယာဒို လမ်းကြောင်း နှစ်ခုလုံးမှာလည်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပိတ်ကုန်ပြီဟု ဒေသခံများက ပြောသည်။ ထို့အခြေအနေကြောင့် လက်ရှိတွင် ကုန်စည်စီးဆင်းမှုများ လုံးဝရပ်တန့်သွားခြင်း ဖြစ်သည်ဟု စစ်ရှောင်ကူသူများက ဆိုသည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ခိုလှုံနေသော စစ်ရှောင်ဦးရေ ၆၀၀၀ ကျော် အပါအဝင် အသစ်ထပ်မံ ရောက်လာသည့် လွိုင်ကော်မှ စစ်ရှောင်များပါ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော ကယောလူငယ်အစည်းအရုံး (KwYO) အဖွဲ့တာဝန်ရှိသူ ကိုမိုက်ကယ်က ပြောသည်။

“ဘာမှမရှိတာ အကုန်လုံးကုန်နေပြီ ဘာမှမရှိတော့ဘူး။ အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ၊ မိုးကာတွေလည်းမရှိ၊ စားစရာတွေလည်း မရှိ။ ပြီးရင် ဆေးဝါးတွေလည်း လုံလောက်မှု မရှိ၊ မျိုးစုံပါပဲ။ ကုန်ပစ္စည်းတွေလည်း ပြတ်ပြီ လောလောဆယ် ဓာတ်ဆီတွေတောင်မရတော့ဘူး။ လောလောဆယ် တောင်ငူလမ်းလည်း ပိတ်ထားတယ်။ အဲ့ဘက်မှာလည်း တိုက်ပွဲ ဖြစ်နေတော့ ပိတ်ထားတယ်။ သူတို့မှာ ဘာမှမပါလာဘူး။ တချို့ကလည်း အိတ်တစ် လုံးနဲ့ ဒီအတိုင်းပဲ ပြေးလာကြတယ်။ အမျိုးအိမ်မှာ လိုက်နေ အဲလိုမျိုးပေါ့၊ တခါတလေ သူတို့အဝတ်အစားတွေ လာတောင်းရင် မရှိဘူးလေ ဘာမှမရှိဘူး” ကိုမိုက်ကယ်က ပြောပြသည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဟိုယာအုပ်စုတစ်ခုတည်းမှာပင် လူဦးရေ ၂၁၆ ဦး အိမ်ထောင်စု ၅၆ စု ထပ်မံ ရောက်ရှိနေပြီး ထပ်ရောက်လာဦးမည့် စစ်ရှောင်များလည်း ရှိနေသေးသည်ဟု ကိုမိုက်ကယ်က ဆက်ပြောသည်။

ပြည်နယ်အတွင်းရှိ စစ်ရှောင်များအား စာနာသောအားဖြင့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများ အတွက် လမ်းများကို ဖွင့်ထားပေးဖို့ လိုအပ်ပြီး နိုင်ငံတကာဘက်ကလည်း ကူညီပံ့ပိုးပေးကြဖို့ လိုအပ်သည်ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါသည်။

“လူသားချင်းစာနာထောက်ထား​တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အကူညီတွေကလည်း ပိုလိုအပ်နေ တယ်။ အထူးသဖြင့်ကတော့ နယ်စပ်ဖြတ်ကျော် အကူအညီတွေလည်း ပိုပြီးတော့မှ လိုအပ်နေတယ်ပေါ့နော်။ စစ်ကောင်စီဘက်ကလည်း အကူအညီတွေ မရောက်ဖို့အတွက် ပိတ်ဆို့တားဆီးမှုတွေလုပ်တယ်။ ဒါက မဖြစ်သင့်ဘူးပေါ့နော်။ လူသားချင်းစာနာ ထောက်ထားမှုဆိုတာက အားလုံးက နားလည်ပေးရမယ့်ဟာမျိုးတွေ ခွင့်ပြုပေးရမယ့်ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူညီတွေက စကစအပါအဝင် နိုင်ငံတကာအသိုင်းဝန်းတွေကစ ဒါကို ဖွင့်ပေးဖို့ လိုတယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။

နယ်စပ်တလျှောက်ရှိ အိမ်နီးချင်းနိုင်ငံများကလည်း စစ်ရှောင်များအတွက် လက်တွေ့ကျသည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်နိုင်ရေး လမ်းကြောင်းများကို ဖွင့်ပေးသင့်သည်ဟု ခူးပလုရယ်က ဆက်ပြောပါသည်။

“အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ ကူညီမှုတွေ ထောက်ပံမှုတွေကို ဖွင့်ပေးရမယ်။ ပြီးရင် သူတို့ကိုယ်တိုင် လမ်းကြောင်းရှာဖွေပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒါမှပဲ ကျနော်တို့ စစ်ရှောင်တွေ ပြည်သူလူထုတွေ အတွက်က လိုအပ်တဲ့ အကူညီတွေကို ရနိုင်မယ်ပေါ့။ ဒါမှမဟုတ် လူထုတွေအတွက်က စိုးရိမ်စရာ ဖြစ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်နယ်ထဲတွင် ကုန်စည်လမ်းကြောင်းများ ပိတ်သွားသည့်အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရတော့သောကြောင့် မြေပြင်က စစ်ရေးအခြေအနေနှင့် စစ်ရှောင်များ၏ အခြေအနေများ အချိန်နှင့်တပြေးညီ သိရှိရနိုင်ရေး အခက်အခဲ ဖြစ်နေသည်ဟု စစ်ရှောင်များကိုကူညီပေးနေသူများက ပြောဆိုကြသည်။

ကရင်နီပြည်ထဲ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြား ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ မှ နိုဝင်ဘာ ၁၉ ရက်နေ့ အထိ လွိုင်ကော်မြို့က လူဦးရေ ၄ သောင်းခွဲကျော်သည် စစ်ရှောင်ထွက်ပြေးခဲ့ကြရသည်ဟု ကရင်နီလူ့အခွင့်အရေးကွန်ရက် KHRG ၏ စာရင်းမှတ်တမ်းများတွင် ဖော်ပြထားပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here