သုံးရက်အတွင်း လက်နက်ကြီးထိမှန်ပြီးသေဆုံးသူ ၂၀ ဦးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံး

0
177

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက 1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၂၀ ဦးအထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်သည်။

သေဆုံးသူများသည် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ရှိ မြို့ပေါ်ရပ်ကွက်မှ ဒေသခံတွေအပြင် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်က အရပ်သားပြည်သူတွေလည်း ပါဝင်ပြီး၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကျန် ၃ ဦးမှာတော့ စာရင်းအတိအကျ မသိရှိရသေးဟု ဆိုသည်။

ဒ့ါအပြင် လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦးလည်း သေဆုံးခဲ့သလို အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရပါသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၆ နာရီကျော်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး စစ်ရှောင်လာသည့် ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ကာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါသည်။

၎င်းတို့သည် ဖရူဆိုမြို့နယ်မှ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်ကို ပြီးခဲ့တဲ့နှစ်ထဲက စစ်ဘေးရှောင်လာသူများ ဖြစ်ကြပြီး 1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် နာနတ်တောရပ်ကွက်ကနေ မင်းစုရပ်ကွက်ထဲကို ထပ်မံရွေ့ပြောင်းလာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဇနီးမောင်နှံသည် စစ်ကောင်စီ လက်အောက်ခံ အစိုးရဝန်ထမ်းများ ဖြစ်ကြတယ်လို့ သိရသည်။

မင်းစုရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “ဒီမနက် ၆ နာရီကျော်အချိန်က ရပ်ကွက်ထဲ လက်နက်ကြီးကျတာ သုံးလုံးထက်မနည်းပဲ။ လက်နက်ကြီးထိပြီး ဆုံးတာကတော့ နှစ်ယောက်ပေါ့နော၊ သူတို့က နာနတ်တောကနေ စစ်ရှောင်လာကြတာ။ အိမ်ပျက်သွားတာလည်း ရှိတယ်။ ဒီအချိန်မှာတော့ လက်နက်အသံကြားတာနဲ့ ဝပ်နေပဲ ခေါင်းတောင်မထောင်ရဲဘူး။ အပြင်လည်း မထွက်ရဲဘူး၊ အသက်လုံခြုံဖို့ကိုပဲ လုပ်ရတယ်” လို့ ပြောဆိုသည်။

1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေထဲ၌ ဒီကနေ့ (နိုဝင်ဘာလ ၁၁) အထိ စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေပြီး ဒေသခံများမှာ အပြင်ထွက်လို့မရဘဲ ပိတ်မိနေတဲ့အနေအထား ရှိနေကြောင်းနှင့် ၎င်းတို့အား လုံခြုံတဲ့နေရာမှာနေကြဖို့ကို IEC ကတိုက်တွန်းထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ကောက်ယူရရှိထားတဲ့ စာရင်းများအရ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့တို့မှာ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးသူမှာ ၁၄ ဦး ရှိတယ်လို့ သိရသည်။

ယခုအချက်အလက်တွေဟာ လက်လှမ်းမီသလောက်သာဖြစ်ပြီး ဒီထက်မက ထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ IEC က ဆိုပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here