ထီးချိုင့်တိုက်ပွဲကြောင့် အထက်ပိုင်းဒေသတချို့တွင် ဆီနှင့် စားသောက်ကုန်အချို့ပြတ်လပ်

0
179
ပုံစာ - အင်းတော်မြို့မစျေး (ပုံဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ တစ်ပတ်နီးပါးကြာမျှ တိုက်ပွဲဖြစ်ပွားနေပြီး လမ်းကြောပိတ်ဆို့မှု ဖြစ်ပေါ်နေတာကြောင့် အထက်ပိုင်းဒေသတချို့တွင် ဆီနှင့် စားသောက်ကုန်တချို့ ရှားပါးပြတ်လပ်မှုနှင့် ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ကွမ်းရွက်တောင်ရှာဝယ်မရ ဖြစ်သွားတယ်။ ကြက်သွန်တို့၊ ပဲတို့တော့ ဘယ်မှာမှ ရှာမရတော့ဘူး” ဟု အင်းတော်မြို့ခံတစ်ဦးက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောဆိုသည်။

ဆီကားများလည်း ပိတ်မိနေသဖြင့် မြစ်ကြီးနားမြို့ပေါ် အပါအဝင် မြို့အတော်များများ၌ စက်သုံးဆီ ရှားပါးမှု ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့မှ စ၍ ထီးချိုင့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်း ဖြစ်ပြီး ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်နေပြီလည်း ဖြစ်သည်။

မန္တလေး – ထီးချိုင့်လမ်းပိုင်းသည် ဧရာဝတီမြစ်အနောက်ခြမ်း အထက်မြန်မာပြည်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း နွေဦးတော်လှန်ရေးဖြစ်ပွား ပေါ်ပေါက်လာပြီးနောက် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများ အသုံးပြုမှုနည်းပါးခဲ့ပြီး မန္တလေး – ထီးချိုင့် – မြစ်ကြီးနား လမ်းပိုင်းကိုသာ အဓိက အသုံးပြုနေကြခြင်း ဖြစ်သည်။

ထီးချိုင့်မြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ထောင်နဲ့ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

ထိုတိုက်ပွဲကြောင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကုက္ကိုလ်ကုန်း၊ သရက်မှော်၊ ပိတောက်လှ၊ မြတောင်၊ ဖုန်ကုန်းလေး ကျေးရွာများမှ ဒေသခံများသည် မောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများနှင့် တည်တော၊ တခွပ်ချောင် စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ပွဲတည်ငြိမ်နေပြီး နှစ်ဖက်တပ်အကြား စစ်အင်အားတိုးချဲ့မှုများ ဆက်ရှိ နေကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထီးချိုင့်မြို့ပေါ်တိုက်ပွဲကြောင့် မန္တလေး- ထီးချိုင့် -မြစ်ကြီးနား လမ်းပိုင်း ၊ မန္တလေး-ဗန်းမော် လမ်းပိုင်း ပိတ်ထားရပြီး ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ဆယ်နှင့်ချီလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here