ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ရော်ဘာခြံလုပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရ

0
117

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီးတွင် ရော်ဘာခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က သစ်ဆိမ့်ပင်ကျေးရွာ၊ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာ စိုက်ပျိုးရေးစခန်း ခြံအမှတ် (၁၀၂) အနီးတွင် ရော်ဘာအစေးခြစ်သွားသည့် အသက် ၁၈ အရွယ် မောင်ဝေလင်းထွန်းဆိုသူ မြေမြုပ်မိုင်းနင်းမိခြင်း ဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် မောင်ဝေလင်းထွန်းသည် ယာခြေဖဝါး ကြေမွဒဏ်ရာ၊ ဝဲခြေသလုံးနှင့် ဝဲလက်ဖဝါးပေါက်ပြဲ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်း ခြံအမှတ် (၁၀၂) အနီးတွင် အသက် ၅၀ နှစ်အရွယ် ရော်ဘာခြံလုပ်သား ဦးဝင်းဇော် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သေးသည်။

သစ်ဆိမ့်ပင်ဒေသခံတစ်ဦးက “ဟိုတလောကပဲ အဲဒီနေရာမှာ မြေမြှုပ်မိုင်းပေါက်ထားလို့ လူတွေ စိုးရိမ်နေကြတာ၊ ဒီမှာက မိသားစု စားဝတ်နေရေးအတွက် ရော်ဘာအစေးခြစ်တာ အများကြီးပဲ၊ ဒီတစ်ခေါက်ထိတဲ့သူကတော့ ခြေထောက် ဖြတ်ရမယ်လို့ ပြောတာကြားရတယ်” လို့ ပြောသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မောင်ဝေလင်းထွန်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသပေးထားတယ်လို့ သိရသည်။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေသည့် သစ်ဆိမ့်ပင်ကျေးရွာအနီးတဝိုက်တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးဖို့ ဒေသခံတို့က လိုလားနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း သထုံမြို့နယ် ကင်မွန်းချုံကျေးရွာတွင် နွားစာမြက်ရိတ်သွားသည့် လူငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက် ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်ရေးလှုပ်ရှားမှု ပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေး မြို့နယ်တို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here