နာဂလူငယ်များ အတင်းအဓမ္မ စစ်သားစုဆောင်းခံနေကြရ

0
186
ပုံစာ- နာဂအမျိုးသမီးလူငယ်များ။ (Photo-နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ နန်းယွန်း)

တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့အကြား ဟူးကောင်းချိုင့်ဝှမ်းဒေသထဲ၌ ယခုနှစ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်သားစုဆောင်းမှုအတွင်း နာဂလူငယ် ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု တန်းရှန်းနာဂကျောင်းသား လူငယ်များအဖွဲ့အစည်းက ပြောသည်။

ယခု ၂၀၂၃ ခုနှစ် မတ်လမှ စက်တင်ဘာလထိ စာရင်းအရ KIA တပ်ဖွဲ့၏ တပ်သားစုဆောင်းမှုထဲ နာဂလူငယ် ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု တန်းရှန်းနာဂကျောင်းသားလူငယ်များ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၃ လပိုင်းကနေ ဖမ်းဆီးလာတာ နာဂလေးတွေကို ၇ လပိုင်းအထိက အဲ့ဒီအထိက နာဂတွေကိုပဲ ရည်ရွယ်ချက်ရှိရှိ ဖမ်းခဲ့တယ်လို့ သတိထားမိတဲ့အခါမှာ ပြည်သူလူထုက လိုင်းပေါ်မှာ တင်ပြောကြတဲ့အခါမှာ သူတို့ကပြန်ပြောင်း သွားတာပေါ့။ လူမျိုးပေါင်းစုံဖမ်းတယ် နာဂတွေကိုပဲဖမ်းတာ မဟုတ်ဘူးဆိုပြီး ဖမ်းလာတဲ့အခါ ဒီအောက်တိုဘာ လအထိတောင် ရောက်လာပြီ။ ဒီတစ်ရက် နှစ်ရက်မှာလည်း လူ ၃ ယောက် ၄ ယောက် အဖမ်းခံရတယ်။ ဒီကြားထဲ နာဂလေးတွေက ဘယ်လောက်ထိ ဖမ်းသွားပြီးလဲလို့ ကြည့်တဲ့အခါမှာ ၁၀၀ လောက်က နန်းယွန်းဘက်က၊ နောက်ထပ်က ဒီရှင်ဗွေယန်၊ ခလုံး၊ တခတ်၊ တနိုင်းဘက်က ရှိမယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

KIA တပ်၏ ဖမ်းဆီးမှုခံလိုက်ရသော လူငယ်များထဲမှ ၉၀ ရာခိုင်နှုန်းကျော်မှာ နာဂလူမျိုးများဖြစ်ပြီး ကျန် ၁၀ ရာ ခိုင်နှုန်းခန့်မှာ ရှမ်း၊ လီဆူ၊ ဂျိမ်းဖော့ လူမျိုးတို့အပြင် အခြားမျိုးနွယ်စုများလည်းပါပြီး နန်းယွန်း၊ ရှင်ဗွေယန်၊ တနိုင်းဘက်က လူငယ်များ တပ်သားစုဆောင်းမှု ခံနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်း နယ်မြေထဲတွင် KIA အမှတ် ၁၄ တပ်ရင်းမှ အဓိက လှုပ်ရှားလေ့ရှိပြီး နာဂဒေသရှိ နန်းယွန်း မြို့နယ်နှင့် တနိုင်းမြို့နယ်တို့မှ ဒေသခံပြည်သူများသည် အဆိုပါနယ်မြေထဲရှိ လီဒိုလမ်းမကြီးအား လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အဓိက လှုပ်ရှားသွားလာရသည့် လမ်းမကြီးဖြစ်သည်။

ထိုလမ်းမကြီးကို အဓိက အားထားသွားလာနေကြရသည့် ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ခရီးသည်များကို KIA အနေဖြင့် ဖမ်းဆီးခြင်း၊ တပ်သားစုဆောင်းခြင်းများ မလုပ်ကြရန်လည်း ဒေသခံများနှင့် တန်းရှန်းနာဂ ကျောင်းသားလူငယ်များ အဖွဲ့အစည်းက တောင်းဆိုထားသည်။

ထိုသို့တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး တနိုင်းမြို့ခံတစ်ဦးက “တနိုင်းကနေ တက်လာတဲ့ဟာ ကလေးတွေ အကုန်ဖမ်းနေတာ ဘယ်လိုပြောပြော မရဘူး။ သူတို့ဆီ သွားပြောလဲ မရဘူး။ အသက် ၅၀ ကျော် အရွယ်ထိတောင် ဖမ်းတယ်။ အိမ်ထောင်သည်ရော မရဘူး၊ ဘယ်လိုမှ သွားလာလို့ အဆင်မပြေဘူး။ ထောက်ခံစာနဲ့ သွားမယ် ဆိုရင်လည်း ဘယ်သူ့ဆီက ထောက်ခံစာယူမလဲ။ ရပ်ကွက်က ထောက်ခံပေးတဲ့ဟာက သူတို့ကအာရုံမလာဘူး” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ်တွင် ဂိတ်နှစ်ခုထိုင်ကာ ဖမ်းဆီးနေခြင်းဖြစ်ပြီး တနိုင်းမြို့နယ်မှ ယခုနှစ်အတွင်း လူငယ်အယောက် ၂၀၀ ခန့်နှင့် နန်းယွန်းမြို့နယ်မှ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ နာဂလူငယ်များဖြစ်သလို ယခုချိန်ထိ ဖမ်းဆီးမှုများ ရှိနေသေးသည်ဟု နာဂလူငယ်တစ်ဦးက ဆက်ပြောသည်။

“ခရီးသွားကတော့ လုံးဝအဆင်မပြေဘူး။ သူက လဂျာဘွမ်နဲ့ ရှိန်လုံးဂါးကြားမှာ တစ်နေရာဖမ်းတယ်၊ တခတ်နဲ့ ခလုံကြားမှာ တစ်နေရာဖမ်းတယ်၊ နှစ်နေရာမှာဆိုတော့ တခတ်ထိတောင် သွားလို့မရဘူး။ ဘယ်လိုမှ မလွတ်ဘူး၊ တနိုင်းဘက်ကနေလာလည်း ရှိန်လုံးဂါးထိပဲ လာလို့ရတယ်၊ ဒီဘက်ကသွားလည်း ခလုံထိပဲ သွားလို့ရတယ်။ တခတ်ရွာ မရောက်ခင် အဖမ်းခံရမှာ၊ တောင်ယာသွား ဘာသွားကလည်း လူငယ်ပိုင်းတွေက အဆင်မပြေ တော့ဘူးလေ မသွားကြတော့ဘူး။ အသက်ကြီးတဲ့သူတွေပဲ သွားကြရတော့တယ်။ အရင်ကထက် တော်တော်ဆိုး တယ်” ၎င်းက ပြောသည်။

ယခုနှစ်ထဲ ဖမ်းဆီးခံခဲ့ရသည့် နာဂလူငယ်များထဲမှ တချို့ကို အထောက်အထားစာများ ပေးပို့ပြီး ပြန်လည်ခေါ် ထုတ်နိုင်ခဲ့သည်များရှိပြီး တချို့မှာ ထွက်ပြေးလာသည်များလည်းရှိကြောင်း သို့သော် အများစုမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု တန်းရှန်းနာဂကျောင်းသားနှင့် လူငယ်များအဖွဲ့အစည်း တာဝန်ရှိသူက ပြောသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းတက်နေသော နာဂလူငယ်ကျောင်းသူတစ်ဦးက “ဟိုနေ့က အမေက ကျမကို ဖုန်းဆက်လာတယ်။ အိမ်မပြန်လာနဲ့ ကျောင်းပိတ်ရင်ပေါ့ လုံးဝမလာနဲ့လို့ ပြောလာတယ်။ ကျမတောင် လန့်သွားတယ်၊ အခုက အရမ်းဖမ်းနေတယ်။ ခလုံးရွာက ညီမလေးတစ်ယောက်တောင် ဒီကနေပြန်သွားတာ လမ်းမှာ ဖမ်းခံရတယ်ပြောတယ်။ အရင်က မိန်းကလေးဆို မဖမ်းဘူးလေ အခုက အကုန်ဖမ်းတယ်လို့ ပြောတယ်။ အခု အိမ်မပြန်ရဲတော့ဘူး” ဟု ပြောသည်။

ယခုနှစ်အတွင်း KIA က တပ်သားစုဆောင်းမှုထဲ အမျိုးသမီးလူငယ်များပါ ဖမ်းဆီးစုဆောင်းခံနေရသည်ဟု တန်းရှန်းနာဂ ကျောင်းသားလူငယ်များ အဖွဲ့အစည်းက ပြောသည်။ ယင်းနာဂလူငယ်အဖွဲ့အနေဖြင့် ဖမ်းဆီးခံ ထားရသည့် လူငယ်များ ပြန်လည်လွတ်မြောက်လာရေး ဆက်လက်ကြိုးပမ်းနေသည်ဟု ဆိုသည်။

KIA က တပ်သားသစ်စုဆောင်းနေမှုနှင့် ပတ်သက်၍ မြေပြင်ရှိ KIA သတင်းအရင်းအမြစ်များအပြင် KIO ပြန်ကြားရေး တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here