ပူတာအိုဒေသမှာ ပြည်သူ့စစ်ဖွဲ့စည်းမှုပါဝင်သူတချို့ကို KIA ဖမ်းဆီးထား

0
258
ပုံစာ - ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယန်ကျေးရွာမြင်ကွင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် လိုက်လံစည်းရုံးပေးနေတဲ့ ဒေသခံတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံမှ သိရသည်။

ထိုကျေးရွာ ၂ ရွာမှ KIA ဖမ်းဆီးခံထားရသူ ၇ ဦး အထိ ရှိနေကြောင်း လုံရှာယန် ဒေသခံအမျိုးသားတစ်ယောက်က အခုလို ပြောသည်။

“ပြည်သူ့စစ်ဖွဲ့ဖို့ စည်းရုံးရေးလုပ်ပေးတယ်လို့ ဆိုပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေရှိတယ်။ ဖတ်မာနဲ့ လုံးရှာယန် ရွာ ၂ ခု က ပါတယ်။ အဲဖမ်းဆီးခံရတဲ့သူတွေက အခုချိန်အထိ လွတ်မြောက်လာတာ မရှိသေးဘူး။ အဲ့ကြောင့်မို့ ဒီကလူတွေတောင် ပြည်သူ့စစ်နဲ့ ပတ်သက်ပြီးတော့ ဘာမှတောင် မလုပ်ရဲကြဘူး တိတ်ဆိတ်နေကြတယ်Ó လို့ အဆိုပါဒေသခံက ပြောပါသည်။

လုံရှာယန်နဲ့ ဖတ်မာကျေးရွာတွေမှာ ဒူးလေးပါတီ ကိုယ်စားလှယ်လောင်းတစ်ယောက်သည် ပြီးခဲ့တဲ့ စက်တင်ဘာလ၌ လူမျိုးရေးနဲ့ လုံခြုံရေး အကြောင်းပြုပြီး လီဆူခရစ်ယာန်အသင်းတော်အလိုက်အပြင် တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစည်းရုံးမှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံမှ သိရသည်။

ပြည်သူ့စစ်ဖွဲ့စည်းဖို့ လိုက်လံစည်းရုံးမှုမှာ ပါဝင်တယ်လို့ သတင်းထွက်နေတဲ့ ဖတ်မှာကျေးရွာ ဒေသခံ ၄ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ က စက်တင်ဘာလ ထဲမှာပဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း ထပ်မံပြီး လုံရှာယန်ကျေးရွာက ခရစ်တော်အသင်းရဲ့ အသင်းတော်ဆရာနဲ့ အမှုတော်ဆောင် ၂ ဦး၊ စုစုပေါင်း ၃ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ လုံရှာယန်ဒေသခံတွေဆီက သိရပါသည်။

လက်ရှိဖမ်းဆီးခံရသူ ၇ ဦးဟာ နိုဝင်ဘာလ ၆ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ KIA တပ်ရင်း ၇ မှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က လုံရှာယန်နဲ့ ဖတ်မာ ကျေးရွာ ၂ ခုကြားမှာ ပြည်သူ့စစ်ဂိတ်ချနိုင်ရန် စီစဉ်နေပြီး ပူတာအိုသွားလမ်းတလျှောက်ကို ထိန်းချုပ်ရန် ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

လုံရှာယန်နဲ့ ဖတ်မာဒေသမှာ လီဆူပြည်သူ့စစ် ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဟာ ဖတ်မာနဲ့ လုံရှာယန် ကျေးရွာ ၂ ခုစလုံးမှာ လီဆူမျိုးနွယ်အိမ်ထောင်စု ၄၀၀ ကျော်လောက်ရှိတဲ့အတွက် အခုလိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါသည်။

ကျေးရွာဒေသတွေမှာ ပြည်သူ့စစ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ဒေသခံအချင်းချင်းကြား လူမျိုးရေးပြဿနာတင်မကဘဲ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ကန့်ကွက်သွားမယ်လို့ လုံရှာယန်ဒေသခံတစ်ဦးက အခုလိုပြောပါသည်။

“ပြည်သူ့စစ်ရှိသွားပြီဆိုရင် လူမှုရေးပြဿနာ အရင်ဖြစ်လာမှာဖြစ်တယ်။ အဓိကတော့ KIA မှာလည်း စစ်သားရှိတယ်။ ကျနော်တို့မှာလည်း လီဆူပြည်သူ့စစ်ရှိတယ်ဆိုပြီး ဖြစ်လာမှာဖြစ်တယ်။ ပြီးရင် ဒေသထဲမှာလည်း သွားရေးလာရေးကအစ ကန့်သတ်မှုတွေ၊ အရမ်းများလာမယ်ဖြစ်တယ်။ ဒါတင်မကဘူး တိုက်ခိုက်တာတွေလည်း အရမ်းများလာမယ်။ ကျနော်တို့က မကြိုက်ဘူး ကန့်ကွက်ချင်ပါတယ်” လို့ ၎င်းက ပြောဆိုသည်။

တဖက်မှာလည်း ပြည်သူ့စစ်ဖွဲ့စည်းဖို့ လုပ်ဆောင်လာတဲ့အပေါ်မှာ KIA က မလိုလားတဲ့အတွက် စည်းရုံးမှုမှာ ပါဝင်သူတချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသအတွင်းထဲမှာ ဒေသခံအချင်းချင်း အမြင်မတူ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာတာကို မြင်တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပြပါသည်။

ဒါကြောင့် လုံရှာယန်နဲ့ဖတ်မာ ကျေးရွာ ၂ ခုမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ တာဝန်ရှိသူတချို့က ပြည်သူ့စစ်ဖွဲ့စည်းဖို့ အစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလမှာပဲ ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်ရင်းထံကို စာတင်ပြ တောင်းဆိုထားတယ်လို့လည်း သိရှိရသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ၆၃ နှစ်မြောက် KIO/KIA အထိမ်းအမှတ်နေ့မှာလည်း KIO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအင်ဘန်လက ပြည်နယ်အတွင်းမှာရှိတဲ့ ကျေးလက်ဒေသအသီးသီးမှာ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ် ဖွဲ့စည်းပေးနေတာတွေရှိနေပြီး ပြည်သူလူထုတွေအနေနဲ့ လုံးဝ မပါဝင်ကြဖို့ တိုက်တွန်းပြောဆိုထားပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here