ကရင်နီစစ်ရှောင်များ အစုလိုက်အပြုံလိုက် တုတ်ကွေးဖြစ်ပွားနေ

0
126
ပုံစာ - ကရင်နီစစ်ရှောင်စခန်းတစ်နေရာတွင် ဆေးကုသပေးနေပုံ။ (Photo-Karenni Humanitarian Team-KHT)

ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်ထဲတွင် အခြေခံဆေးဝါးများ ပြတ်လပ်နေပြီး စစ်ရှောင်များ၊ ပြည်သူများသည် အစုလိုက်အပြုံလိုက် တုတ်ကွေး ဖြစ်ပွားနေကြသည်ဟု ဒေသခံများနှင့် ဒေသတွင်းရှိ ကျန်းမာရေး တာဝန်ခံများက ပြောသည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် စစ်ဘေးရှောင်များရော ဒေသခံပြည်သူများပါ အစုလိုက်အပြုံလိုက် တုတ်ကွေး ဖြစ်ပွားနေကြပြီး ကလေးရော လူကြီးများပါ ဖျားနာနေကြခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ ကျန်းမာရေးတာဝန်ခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“လက်ရှိကတော့ နှာစေးချောင်းဆိုးပေါ့နော်။ ကိုဗစ်ပုံစံမျိုးပဲ အစုလိုက်အပြုံလိုက် ဖျားကြတယ်။ ပြီးခဲ့တဲ့ တစ်လလုံးပေါ့။ အခု လက်ရှိဖျားတဲ့သူတွေလည်း ရှိသေးတယ်။ အထူးသဖြင့် နှာစေး ချောင်းဆိုးတွေ အဖြစ်များ တယ်။ နောက်ပိုင်းဆို ငှက်ဖျားတွေလည်း ပေါ်လာပြီလေ အခုဆို” ဟု ၎င်းက ဆိုသည်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်၍ ယခု နိုဝင်ဘာလ ပထမပတ်ထဲ ငှက်ဖျား ဖြစ်သူများလည်း ရှိလာသည်ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများထဲ နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် စစ်ရှောင် စခန်းနှစ်ခုဖြစ်သည့် စိန်တောင်တန်းနှင့် ရှိလုမူရှိ စစ်ရှောင်ပြည်သူများလည်း တုတ်ကွေးဖျားနာ နေကြသည်ဟု စစ်ရှောင်များက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းနှစ်ခုတွင် လူဦးရေ ၁,၁၀၀ ကျော် နေထိုင်ပြီး အများစုမှာ တုတ်ကွေးဖျားနေကြပြီး အထူးသဖြင့် ကျောင်းနေအရွယ် ကလေးများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များ ပိုအဖြစ်များသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“သူ့ဟာအဖျားက တစ်ရက်နှစ်ရက်ဖျားလိုက် သက်သာလိုက် ကျောင်းပြန်သွားလိုက် ပြန်ဖျားလိုက် အဲ့လိုမျိုးလေ။ ကလေးတစ်ယောက်ကို နှစ်ခါသုံးခါ ဖျားတယ်။ နောက်ဆုံးအဆင့်ဆို သူတို့ လည်ချောင်းတွေနာပြီးတော့ ချောင်းဆိုး လည်ချောင်းနာပြီး အသံဝင်တာတွေ ဖြစ်သွားတယ်လေ။ တော်တော်ခံရတယ် ကလေးတွေပေါ့” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဖရူဆို အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ ဖြစ်ပွားနေသည့် တုတ်ကွေးမှာ သာမန်တုတ်ကွေးပုံစံမျိုး မဟုတ်သောကြောင့် ဆေးမျိုးစုံစပ်ပေးသည့် စပ်ဆေးများ၊ အပြင်က ဆေးများကို ရမ်းသမ်းပြီး ဝယ်မသောက် ကြရန်လည်း ဒေသတွင်းရှိ ကျန်းမာရေးတာဝန်ခံများ၊ ဆရာဆရာမများက ညွှန်ကြားထားသည်ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါသည်။

“ကလေးဖျားပြီဆိုရင် အပြင်မှာပဲဆေးတွေ အရမ်းဝယ်မသောက်ဘဲနဲ့ ဆေးရုံကို ချက်ချင်းခေါ်လာပြဖို့ပေါ့နော်။ ဆေးရုံကညွှန်ကြားတဲ့ ဆေးကိုပဲသောက်ဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

ဒေသတွင်း တုတ်ကွေး အစုအပြုံလိုက် ဖြစ်ပွားမှု ကူးစက်မှုများကြောင့် အခြေခံ ဆေးဝါးများလည်း မလုံလောက် တော့ဘဲ ဆေးဝါး ပြတ်သွားသည်အထိ ဖြစ်နေပြီး ကလေးများအတွက်လည်း ဆေးများ ပြတ်ကုန်သည်ဟု ဖရူဆို အရှေ့ဘက်ခြမ်းက ကျန်းမာရေးတာဝန်ခံက ပြောပါသည်။

“အဓိက အစုလိုက်အပြုံလိုက်ဖြစ်တဲ့ အချိန်ပေါ့။ ကျွန်တော်တို့ အဓိကလိုအပ်တဲ့ အခြေခံဆေးဝါးတွေ လုံးဝ ပြတ်ထွက်သွားတဲ့ အနေအထားထိ ရှိတယ်လေ။ ဒီ para တို့ cevit တို့ အခြေခံဆေးတွေပေါ့နော်။ ကလေးတွေက ပိုလိုအပ်တယ်ဗျ၊ အထူးသဖြင့် သူတို့က ဆေးအလုံးတွေ မသောက်နိုင်တဲ့ အချိန်ဆိုရင် ဆေးဗူး အရည်လေးတွေ ပေးရင် ပိုအဆင်ပြေတယ်တာပေါ့နော်။ သူ့ရဲ့ ပမာဏအတိုင်း Dose အတိုင်း တိတိကျကျ ပေးချင်တယ်ဆိုရင် တော့ ဆေးအရည်ဗူးတွေက ပိုအဆင်ပြေတယ်။ အဓိက ကတော့ မြေပြင်အခြေနေပေါ်မှာ မူတည်တာပေါ့။ မြေပြင်မှာ တကယ်လို့ အရမ်းလိုအပ်လာပြီဆိုတဲ့ အချိန်မျိုးဆို ကျွန်တော်တို့ ဆေးမရှိတော့ ကုသမှု အပိုင်းမှာလည်း အားနည်းသွားတာပေါ့နော်” ထိုကျန်းမာရေးတာဝန်ခံက ပြောဆိုသည်။

ဖရူဆိုမြို့နယ်ဘက်ကို စစ်ကောင်စီက ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် ဆေးဝါး မလုံလောက်တော့သလို ဆေးကုသရေးအပိုင်းတွင်လည်း အခက်အခဲများ ရှိလာနေသည်ဟု ၎င်းကျန်းမာရေး တာဝန်ခံက ဆက်ပြောသည်။

ဖရူဆိုအနောက်ဘက်ခြမ်းတွင် တုတ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပွားလာခြင်းကြောင့် အောက်တိုဘာ လဆန်းပိုင်းက စတင်ပြီး ကျောင်းများပိတ်ထားရသည်ဟု စစ်ရှောင်များက ဆိုကြသည်။

လက်ရှိတွင် ဒေသအတွင်းရှိ ဆေးဆိုင်များ၌လည်း ဆေးဝါးများ ပြတ်နေပြီး ပါရာစီတမောနှင့် အကိုက်အခဲ ပျောက်ဆေးများပင် ဝယ်ယူရရှိနိုင်ရေး အခက်အခဲ ဖြစ်နေကြသည်ဟု စစ်ရှောင်များနှင့် ဒေသခံများက ပြောပါသည်။

အောက်တိုဘာလဆန်းပိုင်းက ဖရူဆို အနောက်ဘက်ခြမ်းတွင် အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး
တုတ်ကွေးဖြစ်ပြီး တပတ်အကြာတွင် သေဆုံးသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here