ရခိုင်စစ်ဘေးရှောင်စခန်းများတွင် ဆောင်းရာသီဝင်လာပြီဖြစ်သဖြင့် စောင်နှင့်အနွေးထည်များ အရေးပေါ် လိုအပ်နေ

0
175
ပုံစာ - ရခိုင်စစ်ဘေးရှောင်စခန်းတစ်ခု။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်စခန်းများတွင် စောင်၊ အနွေးထည်၊ ခြင်ထောင်၊ ဖျာ စသည့် ပစ္စည်းများ အကြီးအကျယ်ပျက်စီးဆုံးရှုံးသွားခဲ့သည့်အပြင် ယခုဆောင်းရာသီသို့ စတင်ဝင်ရောက်လာသဖြင့် အဆိုပါပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကျောက်တော်မြို့ရှိ၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်လည်း ယခုနိုဝင်ဘာလတွင် ဆောင်းရာသီဥတု၏ ချမ်းအေးမှုကို ခံစားနေရသည့်အတွက် စောင်နှင့်အနွေးထည်များ အလုံအလောက်မရှိတာကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အဓိက အခက်အခဲ ဖြစ်နေရသည်ဟု စခန်းတွင်နေထိုင်သည့် ဒေါ်ဆန်းနွယ်က အခုလိုပြောသည်။

“ရှိတဲ့စောင်ကလည်း တစ်ဘက်ကဆွဲခြုံလိုက်ရင် တစ်ဘက်ကမလုံတော့ဘူး။ အနွေးထည်တွေလည်း လိုတယ်။ ခြင်ထောင်ကလည်းငယ်တော့ မလုံဘူး။ အခင်းဖျာတွေလည်း မိုခါနဲ့ပါသွားတော့ ပြဲနေပြီ။ ရှိတာတွေကို ဖာထေးပြီး နေရတာရှိတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ဒီအချမ်းဒဏ်ကို အဓိက ခံနေရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါစခန်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျောက်တော်မြို့နယ်မှ ပြိုင်းတိုင်း၊ အထက်တင်းမ၊ တင်းမကြီး၊ လောင်းရှည်ရွာ၊ မီးဝကျေးရွာနှင့် ပလက်ဝမြို့နယ်မှ လိပ်ခေါင်း၊ မီးလက်ဝ၊ နှမဒါ၊ ဆမီးကျေးရွာနှင့် ပျဥ်ဝကျေးရွာစသည့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ အိမ်ထောင်စု ၇၀၀ နီးပါး လူဦးရေစုစုပေါင်း ၃၀၀၀ နီးပါး ခိုလှုံနေထိုင်ကြသည်။

ကျောက်တော်မြို့၊ ရထားဘူတာစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တစ်ဦးက “အနွေးအထည်အပါအဝင် စောင်တွေလည်း လိုတာပေါ့နော်။ ကိုယ်တိုင်ဝယ်ရအောင်ထိ အပြင်မှာလည်း အလုပ်က ပုံမှန်မလုပ်ရဘူး။ စားဝတ်နေရေးတောင် ထောက်ပံ့ကြေးလည်း သိပ်မရတော့ ငါးဟင်းမပြောနဲ့။ ကန်စွန်းရွက်နဲ့တောင် မိသားစု လောက်ငှအောင် မစားရဘူး” ဟု ပြောသည်။

အဆိုပါ ရထားဘူတာစခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၃၆ စု ရှိပြီး စုစုပေါင်း လူဦးရေ ၉၃၉ ဦး ခိုလှုံနေထိုင်ကြသည်။

အလားတူ မြောက်ဦးမြို့ လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင်လည်း စားသောက်ရေးတွင် အလွန်အခက်အခဲ ဖြစ်နေ၍ ယခုနှစ် ဆောင်းရာသီအတွက် လိုအပ်သည့် ဆောင်းရာသီအသုံးအဆောင်များကို အဖွဲ့အစည်းများအား တင်ပြတောင်းဆိုထားသည်ဟု ၎င်းစခန်းမှတာဝန်ခံ ဦးလင်းနိုင်က ပြောသည်။

“အနွေးထည်တွေ၊ စောင်တွေကို ကိုယ်တိုင်ဝယ်ရအောင်လည်း ပိုက်ဆံ ဘယ်ကရမလဲ။ စာရေးသောက်ရေးတောင် အဆင်မပြေဘူး။ လိုအပ်ချက်တွေကို အဖွဲ့အစည်းတွေက ကူညီပေးစေချင်ပါတယ်။ တင်ပြထားတာလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်မှ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ ရွာဟောင်းတော ဝေသာလီ၊ သရက်ချောင်းကျေးရွာတို့နှင့် မင်းပြားမြို့နယ်မှ ပန်းမြောင်းရွာနှင့် ကျောက်တော်မြို့နယ်မှ အလယ်ကျွန်းရွာတို့မှ စုစုပေါင်း ကျေးရွာ ၇ ရွာမှ ခိုလှုံနေထိုင်ကြသည်။

လက်ကောက်ဈေးစစ်ဘေးရှောင် စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိမ်ထောင်စု ၁၅၉ ရှိကာ စုစုပေါင်း လူဦးရေ ၆၃၀ ဦး နေထိုင်ကြဟု ဦးလင်းနိုင်က ပြောသည်။

ထို့အတူ ရသေ့တောင်မြို့ရှိ ဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင်လည်း WFP (ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်) က လစဉ် ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် ကျပ်ငွေ ၃၃,၀၀၀ ကျပ်တခုတည်းဖြင့်သာ ရပ်တည်နေရသည့်အတွက် ဆောင်းရာသီအတွက် အသုံးအဆောင်များ လိုအပ်နေကြောင်း ၎င်းစခန်းမှတာဝန်ခံ ဦးကျော်ထွန်းနိုင်က ပြောသည်။

“ညဆိုရင် နည်းနည်းအေးလာပြီ။ စောင်တွေ၊ ခြင်တောင်တွေ၊ အနွေးထည်တွေ လိုပါတယ်။ မုန်တိုင်းနဲ့ အကုန် ပျက်စီးကုန်တယ်။ အခုအချိန်ထိတော့ လာလှူတာတော့ မရှိသေးဘူး။ အလုပ်ကလည်း ကျဘမ်း လုပ်နေကြတာဆိုတော့ အမြဲတမ်းလည်း မလုပ်ရဘူး။ စားဖို့တောင် လိုက်မမီတာ အနွေးထည်တွေ၊ စောင်တွေ ဘယ်လိုဝယ်နိုင်မလဲပေါ့နော်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရ‌သေ့တောင်မြို့၊ အရှေ့မြောက် ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၌ တည်ထောင်ထားခြင်း ဖြစ်သည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင့်မြို့နယ်မှ ထီးစွဲ၊ ကျောက်တန်း၊ အောင်မြေကုန်းနှင့် သောင်းဒရားရွာ စသည့်ကျေးရွာ ၇ ရွာခန့်မှ အိမ်ထောင်စု ၁၈၁ စုရှိပြီး စုစုပေါင်းလူဦးရေ ၅၈၇ ဦး ခိုလှုံနေထိုင်ကြသည်။

ရခိုင်ရှိစစ်ဘေးရှောင်များအတွက် လက်ရှိတွင် WFP က လစဉ် ထောက်ပံ့ကြေးငွေ တစ်ခုတည်းသာရရှိပြီး စစ်ကောင်စီက ထောက်ပံ့ကူညီမှုလည်း မရှိသလို ပြင်ပအလှူရှင်များလည်း လာရောက်လှူဒါန်းမှု မရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ယင်းကြောင့် စားဝတ်နေရေးခက်ခဲမှု ပြဿနာကို လက်လုပ်လက်စားဘဝဖြင့် ဖြေရှင်းနေရပြီး အလုပ်မရသည့် နေ့များတွင် အငတ်နေရသည့် နေ့ရက်များလည်း ရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် က စပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲက နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ၂ သိန်းကျော် အထိ ရှိခဲ့ပြီး အများစုမှာ အိမ်ပြန်သွားကြပြီ ဖြစ်သော်လည်း စစ်ရေး၊ လုံခြုံရေး အပါအဝင် အခြေအနေအရပ်ရပ်ကြောင့် နေရပ်ကိုမပြန်နိုင်သူ စစ်ဘေးရှောင် ဦးရေမှာ လက်ရှိအချိန်တွင် ၆၀,၀၀၀ ဝန်းကျင် ကျန်ရှိနေသေးကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here