၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သည့်ရဲဘော် ၄ ဦးအား BPLA ဂုဏ်ပြု

0
208
Photo - BPLA

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါ၀င်တိုက်ခိုက်နေသော ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မှ ကျဆုံးသွားသော ရဲ‌ဘော် ၄ ဦးအား အာဇာနည်အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ BPLA ကွပ်ကဲရေးရုံးက ပြုလုပ်ခဲ့သည်။

ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တပ်ဖွဲ့တို့ ပူးတွဲလှုပ်ရှားနေရာသို့ အောက်တိုဘာ ၂၈ ရက်က တပ်မ (၃၃) လက်အောက်ခံ စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) မှ အင်အား ၇၀ ခန့်ဖြင့် ချဥ်းကပ်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BPLA မှ အဆိုပါ ရဲဘော် ၄ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း BPLA က ဆိုသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်တိုက်ပွဲအတွင်း ရန်သူ့အလောင်း ၄၀ ကျော် ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးနေလင်းအောင် အပါအဝင် စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု နိုဝင်ဘာ ၁ ရက် BPLA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကျဆုံးခဲ့သည့် BPLA ရဲဘော် ၄ ဦးမှာ တပ်စိတ်မှူး ဌေးကျော်(ခ) ဗျတ္တ၊ တပ်စိတ်မှူး ချစ်စမ်းမောင်(ခ)သောကြာ၊ ဒု-စိတ်မှူး အောင်ပိုင် (ခ)ဇွဲမာန်နှင့် ရဲဘော်မင်းကိုနိုင် (ခ)တောဗိုလ်တို့ ဖြစ်ကြပြီး အဆိုပါ ရဲဘော် ၄ ဦးလုံးမှာ ဒီပဲယင်းဒေသခံများ ဖြစ်ကြောင်း BPLA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် စတင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ပူးပေါင်းပါဝင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA Series ရိုင်ဖယ် ၃၀ လက်၊ စက်ကလေး ၃ လက်၊ ၄၀ မမ ၆ လက်နှင့် ကျည် ၈၀ တောင့် ၊ ၆၀ မမ ၂ လက်နှင့် ကျည် ၆၀ တောင့်၊ ၈၀ မမ ၁ လက်၊ ၁၀၀ မမ ၂ လက်နှင့် ကျည် ၁၀ တောင့်၊ RPG ၂ လက်နှင့် ကျည် ၁၀ တောင့်၊ ပစ္စတို ၂ လက်၊ ဆက်သွယ်ရေးစက် ၃ လုံး၊ Drone detector ၁ ခု၊ Wi Fi Router ၁ ခုနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို သိမ်းဆည်း ရမိကြောင်း BPLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် BPLA သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် အခြား အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက် နေခြင်းဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here