“ပြည်သူလူထုကိုလည်း ကတုတ်ကျင်းက အစ လုပ်ထားဖို့ ပြောထားပါတယ်။ ပြင်လည်းပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အင်မတန်ကြီးမားတဲ့ဗုံးတွေ အဲ့တာတွေဆိုရင်တော့ ကျနော်တို့ဘာမှမတတ်နိုင်ဘူး။ ဒါက ဘာမှလုံခြုံတာမရှိဘူး။ သူတို့က ပြည်ပရန်ကို တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ သူတို့တိုက်မယ်ဆိုရင်တော့ လုံခြုံမှာ မဟုတ်ပါဘူး” ဗိုလ်မှူးကြီးနော်ဘူ/KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

0
272
ပုံစာ - KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတိုက်ခိုက်မှုတွေမှာ လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြု လာနေတာကို တွေ့ရပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ တော်လှန်ရေးအဖွဲ့တွေကိုသာမက အရပ်သားတွေနေထိုင်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီ ၂၀၂၃ ခုနှစ် အတွင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက ပိုများလာတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲအစည်းတွေ၊ တိုင်းရင်းသားအဖွဲအစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို အခုလို ဘာကြောင့်အသုံးပြု တိုက်ခိုက်နေရတာပါလဲ၊ ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီအုပ်စုအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘာကြောင့်အသုံးပြုနေတာပါလဲ။

ဖြေ။ ။ကျနော်တို့မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေနေကို သုံးသပ်ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တော်တော်များများအင်အားတွေကြီးလာတယ်။ ဒါ့ကြောင်မြေပြင်ကနေ ချီတက်ဖို့ဆိုတာ သူတို့အတွက်အခက်အခဲရှိတယ်လို့ သူတို့ကိုယ်တိုင်လည်း ခံစားရတယ်။ ဒါ့ကြောင့်လက်နက်ကြီးနဲ့ လေကြောင်းစစ်ဆင်ရေးကို အဓိကသုံးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

မေး။ ။ဘယ်လိုအခြေအနေတွေမှာ လေကြောင်းကို ပိုပြီးအသုံးပြုလာပါလဲ။

ဖြေ။ ။ အဓိကကတော့ စစ်ကောင်စီဘက်က တိုက်ပွဲမှာ သူတို့အထိနာပြီဆိုရင်တော့ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုတာကိုတွေ့ရတယ်။

မေး။ ။ ဘယ်လိုနေရာတွေကို ပိုပြီးတော့ပစ်မှတ်ထား တိုက်ခိုက်ပါလဲ။

ဖြေ။ ။အဓိက ကတော့ တိုက်ပွဲဖြစ်တဲ့နေရာမှာကတော့ လေကြောင်းနဲ့ပစ်တာကတော့ ဘာမှပြောစရာ တော့ မရှိဘူး။ ဒါပေမဲ့ သူတို့က ပြည်သူလူထုရှိတဲ့ဘက်မှာလည်း စည်းမဲ့ကမ်းမဲ့ ပြည်သူလူထုကို ပစ်မှတ်ထား ပြီးတော့မှ လေကြောင်းနဲ့ တိုက်ခိုက်တဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ ပြီးတော့ကျနော်တို့ ကေအိုင်အိုတပ်စခန်း ချတဲ့နေရာမှာ အလစ်အငိုက်နဲ့ တိုက်ခိုက်တဲ့နေရာမှာသုံးတာ အဲ့ဒီနှစ်နေရာကတော့ အဓိက သူတို့ လေကြောင်းသုံးတာကို တွေ့ရပါတယ်။

မေး။ ။ ဘယ်သူတွေကို အဓိကရည်ရွယ်ပြီး တိုက်ခိုက်နေပါလဲ။

ဖြေ။ ။ သူတို့ဘက်ကနေတော့ ရန်သူကိုတိုက်ခိုက်တယ်လို့ ပြောမှာပဲ။ ဒါပေမဲ့ ကျနော်တို့ တွေ့ရတာကတော့ ပြည်သူလူထုကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ကျနော်တို့ခံစားပါတယ်။ စာသင်ကျောင်းတို့၊ ဘုရားကျောင်းပါမကျန် ရွာတွေရော နေရာတကာမှာ တော်တော်များများ သူတို့လေကြောင်းကနေ တိုက်ခိုက်တာကိုတွေ့ရပါတယ်။ ပြည်သူလူထုကို ပစ်မှတ်ထားတာကိုတွေ့ရပါတယ်။

မေး။ ။ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်ဖြစ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမှတ်ရတဲ့ ကေအိုင်အေကို တိုက်ခိုက်တဲ့ အဆိုးရွားဆုံးဖြစ်စဥ်ကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ကချင်ပြည်နယ်အတွင်းမှာ မနှစ်တုန်းကလည်း အနန့်ပါမှာလည်း ပြည်သူလူထုနေတဲ့ နေရာမှာ တိုက်ခိုက်ခံခဲ့ရတဲ့ သက်သေသာဓကတွေ ရှိပါတယ်။ နောက် အောက်တိုဘာ ၉ ရက်နေ့မှာလည်းပဲ မုန်လိုင်ခက် စစ်ရှောင်စခန်းဘက်ကို ကျနော်တို့တောင်မှ မသိရတဲ့ လက်နက်မျိုးနဲ့ တိုက်ခိုက်တာ ကျနော်တို့ ကြုံခဲ့ရပါတယ်။ နောက်ပြီးတော့ စစ်ကိုင်းတိုင်းဘက်မှာလည်းပဲ ပြည်သူလူထုရှိတဲ့ ရွာတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်တာကို ကျနော်တို့သက်သေအနေနဲ့ တင်ပြလိုပါတယ်။

မေး။ ။ ဘာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထင်ပါလဲ။

ဖြေ။ ။ ရန်သူမရှိတဲ့ တပ်စခန်းတွေလည်းမရှိတဲ့ နေရာမှာပဲ သူတို့က ဗုံးကြဲတာလေ၊ စာသင်ကျောင်းမှာ၊ ဘုရားကျောင်းမှာ ဗုံးကြဲတာလေ၊ အဲ့ဒါကတော့ ပြည်သူလူထုကို ပစ်မှတ်ထားတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ လေကြောင်းရန်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးအစီအစဉ်တွေ ရှိပါလဲ။

ဖြေ။။ ။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးတော့ကာကွယ်မှာ ဖြစ်ပါတယ်။ ဘယ်ပုံစံဘယ်နည်းနဲ့ ဘယ်သေနတ်၊ ဘယ်လက်နက်မျိုးနဲ့ ခုခံကာကွယ်မယ်ဆိုတာကတော့ ပြောဖို့တော့ အဆင်မပြေပါဘူး။ နောက်ပြည်သူလူထုတွေကိုလည်း လေကြောင်းကာကွယ်ရေးနဲ့ ပတ်သက်လို့ ပညာပေးတာတွေ စာရွက်စာတမ်းတွေ ဖြန့်ပေးတာတွေကတော့ လုပ်ပါတယ်။

မေး။ ။ ပြည်သူတွေအတွက် လေကြောင်းရန်ကာကွယ်ပေးနိုင်ဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှု၊ အစီအမံတွေ လုပ်ထားပါလား၊ ရှိနေပါလား။

ဖြေ။ ။ အတတ်နိုင်ဆုံးတော့ ကျနော်တို့လုပ်ထားပါတယ်။ ပြည်သူလူထုကိုလည်း ကတုတ်ကျင်းက အစ လုပ်ထားဖို့ ပြောထားပါတယ်။ ပြင်လည်းပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အင်မတန်ကြီးမားတဲ့ဗုံးတွေ အဲ့တာတွေဆိုရင်တော့ ကျနော်တို့ဘာမှမတတ်နိုင်ဘူး။ ဒါက ဘာမှလုံခြုံတာမရှိဘူး။ သူတို့က ပြည်ပရန်ကို တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ သူတို့တိုက်မယ်ဆိုရင်တော့ လုံခြုံမှာမဟုတ်ပါဘူး။

မေး။ ။ စစ်ကောင်စီရဲ့ လေတပ်စခန်းတည်နေရာတွေ၊ လေယာဉ်အမျိုးအစားတွေက ဘာတွေပါလဲ။

ဖြေ။ ။ အဲ့တာကတော့ စစ်ရေးနဲ့ပတ်သက်တဲ့ ဗျူဟာပိုင်းဖြစ်လို့ ပြောဖို့တော့အဆင်မပြေပါဘူး။

မေး။ ။ စစ်တပ်ရဲ့လေတပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရဲ့ အရေးပါမှုနဲ့ စိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ အဲ့တာလည်း ဒီကနေပြောလို့တော့ အဆင်မပြေဘူး။ ဒါပေမဲ့ သူတို့ကတော့ တကယ်ကိုတရားဝင် စစ်တပ်တွေ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် သူတို့က နိုင်ငံတကာနဲ့ယှဥ်တဲ့ စစ်တပ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့မှာလည်း လက်နက်အင်အားတွေ နည်းပညာကအစပေါ့၊ ကျနော်တို့မှာအားနည်းချက် အများကြီးရှိပါတယ်။ အဲ့တာတွေပါပဲ စိန်ခေါ်မှုကတော့။

မေး။ ။ လေကြောင်းရန်ကာကွယ်ရေးအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်နေတာမျိုး လုပ်နေပါလား။

ဖြေ။ ။ အဲ့တာကတော့ ခုနကပြောသလိုပဲ တပ်ပိုင်းဆိုင်ရာနဲ့ ဆိုင်ပါတယ်။ လုပ်တယ်လို့ပြောဖို့လည်း ဒီကနေ အဆင်မပြေဘူး။ မလုပ်ဘူးလို့လည်း ကျနော် ဒီကနေ မပြောရဲပါဘူး။

မေး။ ။ နိုင်ငံတကာအနေနဲ့ လေကြောင်းရန်နဲ့ပတ်သက်ပြီး ဖိအားပေးတာတွေရှိပေမယ့် အလုပ်ဖြစ်နေရဲ့လား။

ဖြေ။ ။ အဲ့တာလည်း လက်တွေ့ပိုင်းမှာကတော့ လက်တွေ့ကျကျပေါ့။ သုံးသပ်တာကတော့ တပ်ပိုင်းဆိုင်ရာနဲ့ တပ်မှူးတွေပဲ အဓိက သိမှာပါ။ ကျနော်တို့ သတင်းပြန်ကြားတဲ့ဌာန အနေနဲ့တော့ အဲ့တာကိုတော့ မသုံးသပ်ပါဘူး။

မေး။ ။ ကုလသမဂ္ဂအနေနဲ့ No Fly Zone သတ်မှတ်နိုင်ရေး ဘာကြောင့် နှောင့်နှေးနေရတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ အဲ့တာကတော့ နိုင်ငံတကာနဲ့ ပတ်သက်တာ၊ UN နဲ့ ပတ်သက်တာကတော့ ကျနော်တို့ ကေအိုင်အိုရဲ့ကိုယ်စားတော့ ကျနော်ကတော့ပြောလို့ အဆင်မပြေဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်က ကေအိုင်အေရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ဘူး။ နိုင်ငံရေးသုံးသပ်တဲ့သူလည်း မဟုတ်ဘူး။ ကျနော်ကတော့ သတင်းနဲ့ပတ်သက်လို့ပဲ တာဝန်ယူတာ ဖြစ်ပါတယ်။ လက်တွေ့မှာ ဘယ်လိုကြုံတွေ့ရတယ် ဆိုတာကိုပဲ ကျနော်ကပြောလို့ရမှာပါ။ အဲ့ဒီနိုင်ငံတကာနဲ့ ပတ်သက်တာတွေကတော့ ကိုယ်စားပြောလို့ ကျနော့အတွက် အဆင်မပြေဘူး။

မေး။ ။ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်မှ အကာအကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်း၊ ချဉ်းကပ်မှုကို ပြောပါဆိုရင် နိုင်ငံတကာအစိုးရတွေအတွက် ဘာဖြစ်မလဲ။

ဖြေ။ ။ နိုင်ငံတကာဆိုရင်လည်းပဲ ကျနော်ထင်တာပေါ့နော် နိုင်ငံတစ်ခုခုမှာ အစိုးရတစ်ခုခုမှာ သူတို့ဝင်ပြီးမှ အားလုံးတာဝန်ယူပေးဖို့ ပညာပေးတာကအစ အဲ့တာကတော့ နိုင်ငံအချင်းချင်း အစိုးရအချင်းချင်းအတွက် သူတို့လည်း အခက်အခဲရှိမယ်လို့ ထင်တယ်။ စိန်ခေါ်မှုကတော့ အဲ့တာဖြစ်မယ်လို့ထင်တယ်။ ဥပမာ မြန်မာနိုင်ငံအတွက် Asean အဖွဲ့ကနေ ချမှတ်ထားတဲ့ မူ ၅ ချက် ကိုတောင် အကောင်အထည်ဖော်လို့ မရဘူး။ အဲ့တာကြောင့် တခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းလိုမျိုး တခြားနိုင်ငံတစ်ခုကနေ ကူညီဖို့အတွက်က လည်း တခြားနိုင်ငံတစ်ခုခုမှ ဝင်ပြီးမှစွက်ဖက်တဲ့ပုံစံမျိုးတွေ ဝင်ပြီးမှ သံတမန်ရေးရာကအစ ဝင်ပြီးဖြေရှင်းဖို့က အခက်အခဲတွေကတော့ အများကြီးရှိမယ်လို့ ကျနော်ထင်ပါတယ်။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာကနေ မြန်မာနိုင်ငံအတွက် ပြည်သူလူထုတွေအတွက်လည်း အဲ့ဒီကူညီထောက်ပံ့ပေးဖို့ ပညာပေးဖို့ တကယ့်လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့အတွက်ကတော့ အခက်အခဲတွေ အများကြီးရှိမယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောပေးပါဦး။

ဖြေ။ ။ စစ်ကောင်စီကတော့ လေကြောင်းကိုပဲအားကိုးပြီးမှ ကျနော်တို့ ပြည်သူလူထုကို တိုက်ခိုက်တာ ကတော့ စစ်ရာဇဝတ်မှုမြောက်တဲ့အလုပ် ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆိုတာကို လိုလားတယ်ဆိုရင် စစ်နဲ့ဖြေရှင်းတဲ့နည်းကို အသုံးမပြုဘဲနဲ့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ပြည်သူလူထုအားလုံး တောင့်တနေတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးတွေကို နားလည်ပေးဖို့တော့ အရေးကြီးတယ်လို့ ထင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here