ကလေးမြို့တွင် လေယာဉ်လက်မှတ်များဝယ်ယူရန်ခက်ခဲနေ

0
125
ပုံစာ - ကလေးမြို့တွင် လေကြောင်းလိုင်းကိုသာ အားပြုသွားလာနေရသည်။

ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်ဖြင့် ခရီးသွားလာသူ များပြားတာကြောင့် လေယာဉ်လက်မှတ်များဝယ်ယူရန် ခက်ခဲနေကြောင်း သိရသည်။

“အခု လေယာဉ်လက်မှတ်ဈေး ထပ်တက်တယ်၊ ဒါပေမဲ့ ကြိုတင်ဝယ်ယူသူများလို့ ဒီလအတွက်‌တောင် မရတော့ဘူး။ နောက်လနိုဝင်ဘာ ၂၄ ရက်နေ့ အတွက်၂ ခုံပဲ ကျန်တော့တယ်” ဟု ‌က‌လေးမြို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့မှ စ၍ ကလေး- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ် ၂၉၀,၀၀၀ မှ ၃၂၀,၀၀၀ ကျပ်၊ ရန်ကုန်- ကလေးမှာ ကျပ် ၂၂၇,၀၀၀ မှ ၂၅၅,၀၀၀ ကျပ် စသည်ဖြင့် ကျပ် ၃၀၀၀၀ ဝန်းကျင် မြင့်တက် သွားသည်။ လက်ရှိတွင် ကလေးမြို့သို့ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေကြောင်း သိရသည်။

ကလေးမြို့မှ ရန်ကုန်မြို့ အပါအဝင် ပြည်မဘက်သို့ ဆက်သွယ်သော ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းများ ပျက်ဆီးခြင်း၊ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပိတ်ဆို့ခြင်းများနှင့် အစစ်အဆေးများခြင်းတို့ကြောင့် ဒေသခံ ပြည်သူများသည် စျေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းဖြင့်သာ သွားလာသူများပြားနေသည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ခရီးကတော့ တော်တော်သွားကြတယ်။ အခု ကလေးမြို့မှာဆို လေယာဉ်လက်မှတ် လိုချင်တဲ့ချိန် ဖြတ်လို့မရဘူး။ အရင်ကလို တစ်ပါတ်မပြောနဲ့ အခုက တစ်လကြိုတင်ဖြတ်မှ ကိုယ်သွားလိုရာ ရောက်မဲ့သဘော ရှိတယ်။ ကုန်းလမ်းကလဲ သွားလို့ အဆင်မပြေဘူး၊ လမ်းပျက်တာရယ်၊ အစစ်အဆေး များတာရယ်၊ ပြီးတော့ အခုက ကလေးမြို့ကနေ ပြည်မဘက်သွားချင်ရင် ဟိုကွေ့ပါတ်ပြီး သွားရတော့ အချိန်လဲကြာတယ်လေနော်။ ဆိုတော့ ခရီးသွားဖို့ အခက်အခဲတော့ အများကြီးပေါ့” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ ကလေးမြို့မှ ပြည်မသို့သွားရာ လမ်းမကြီးများသည် ကလေး-ဂန်ဂေါလမ်း၊ မဟာမြိုင်လမ်းကြောင်း တို့သည် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိတ်ခြင်း၊ မိုးရာသီအတွင်း လမ်းများပျက်ဆီးကာ ယာဉ်များပိတ်ဆို့ နေခြင်းကြောင့် ကလေး- ဟားခါး- ဂန်ဂေါ လမ်းကြောင်းမှတဆင့် ပြည်မဘက်သို့ ကွေ့ပါတ်ကာ သွားလာနေကြရပြီး မော်တော်ယာဉ်လက်မှတ်ဈေးနှုန်းမှာလည်း တစ်ဦးလျှင် ကျပ် ၁၇၀,၀၀၀ ဖြင့် ၂ ညအိပ် ၃ ရက် ခရီးသွားလာနေရသည်ဟု ကလေးမြို့ အဝေးပြေးကားဂိတ်များထံမှ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here