လေကြောင်းနှင့် လက်နက်ကြီးကြောင့် ညောင်လေးပင်ခရိုင်မှ KNLA တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင်ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရ

0
180
ပုံစာ -လေကြောင်းနှင့်လက်နက်ကြီးကြောင့် ၇ ဦးဒဏ်ရာရ။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့က စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသခံ အမျိုးသမီး ၂ ဦး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU နှင့် ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းက ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျှင်တပ်ရင်း ခလရ-၂၆၄၊ တော်ဝီနှင့် ရေကြည်ချောင်းရွာရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး များ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနေ ဒေသခံတစ်ဦး၏ နေအိမ်အတွင်း ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးအပါအဝင် အမျိူးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က အောက်တိုဘာ ၁၇ ရက်နေ့ က ထုတ်ပြန်သည်။

ထို့အတူ အောက်တိုဘာ ၁၇ ရက်နေ့၌တွင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်း အသုံးပြု ပစ်ခတ်ခဲ့သဖြင့် အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးနှင့် KNLA မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မနေ့က လေယာဥ်လာကြဲတုန်းက ထိတဲ့ရွာသားတစ်ယောက်ကတော့ ဒဏ်ရာရ နည်းပါတယ်။ ရဲဘော် သုံးယောက်ကတော့ ဒဏ်ရာကြီးတယ် ပြောတယ်။ အခု ဒီမနက်တော့ လေယာဥ်သံ မကြားရတော့ဘူး လက်နက်ကြီးသံ ကြားနေရတုန်းပဲ” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

နှစ်ရက်တာအတွင်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူလူထုပိုင် အဆောက်အဦးနှင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီး၍ ကျောက်ကြီးမြို့နယ် အထက်တန်းကျောင်း၊ ခလယ်လွီထူ ဂျုနီယာကောလိပ် အစရှိသည့် စာသင်ကျောင်းများ ပိတ်ထားလိုက်ရပြီး ဒေသခံများလည်း နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ၏ အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဒေသခံအမျိုးသားတစ်ဦးက “ကျနော့်အသိအိမ်တောင် လေယာဥ်လာပစ်လို့ ပျက်စီးတဲ့အထဲ ပါတယ်။ မနေ့ကဖြစ်တဲ့ နေရာသုံးခုလုံးက တစ်နေရာနဲ့တစ်နေရာ မနီးမဝေးတွေချည်းပဲ။ KNLA နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ခရိုင်ဌာနဆိုင်ရာ ရှိတယ်ဆိုတဲ့နေရာတွေကို ဂျက်ဖိုက်တာနဲ့သပ်သပ် လာကြဲချသွားတာ” ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုမှုမျိုး မတွေ့ရှိရသေးပါ။

ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး၊ မုန်း၊ ရွှေကျင် မြို့နယ်တို့တွင် ယခု အောက်တိုဘာလ အထိ နှစ်ဖက် ပဋိပက္ခများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသူ ၂ သိန်း ၄ သောင်း ကျော် ရှိနေပြီး နေရပ်စွန့်ခွာ နေထိုင်ရခြင်းနှင့် လူနေမှုဘဝ ရပ်တည်ရခက်ခဲလာသဖြင့် အရေးပေါ် စားနပ်ရိက္ခာနှင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း အောက်တိုဘာ ၁၄ ရက်နေ့စွဲဖြင့် KNU က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အတူ စစ်ဘေးတိမ်းရှောင်နေရသူဦးရေ စုစုပေါင်း ၇ သိန်းနီးပါးရှိလာသော KNU ထိန်းချုပ်နယ်မြေ ၇ ခုမှ စစ်ဘေးရှောင် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ရေး အကူအညီပေးရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ KNU အပါအဝင် ကရင်အရပ်ဘက်အဖွဲ့များက တောင်းဆိုထားကြသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here