အင်းတော်မြို့နယ်တွင် တော်လှန်ရေးအင်အားစု၏ ထောက်ပို့တာဝန်ခံတစ်ဦး သတ်ဖြတ်ခံရ

0
161
ပုံစာ - ထောက်ပို့တာဝန်ခံတစ်ဦးကို စစ်ကောင်စီသတ်ဖြတ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကမ်းနီရွာထိပ်တွင် တော်လှန်ရေးအင်အားစု၏ မြောက်ပိုင်းတိုင်းစစ်ဒေသ ထောက်ပို့တာဝန်ခံတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းထောက်ပို့တာဝန်ခံသည် သြဂုတ်လ ၁၂ ရက်နေ့က အင်းတော်မြို့နယ် သံလမ်းအကူးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့ညတွင် စစ်ကောင်စီတပ်များက ၎င်းအား လက်ပြန်ကြိုးတုပ်ကာ အင်းတော်မြို့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ကမ်းနီရွာထိပ်တွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခုတ်သတ်ဖြတ်ထားကြောင်း အင်းတော်မြို့နယ် တော်လှန်ရေးအင်းအားစုများက ဆိုသည်။

အသတ်ခံရသူ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အဆိုပါသတ်ဖြတ်ခံရသူမှာ မြောက်ပိုင်းတိုင်း စစ်ဒေသထောက်ပို့ တာဝန်ခံဖြစ်သည်ဟု အင်း‌တော်မြို့နယ် နွေဦးတော်လှန်ရေးအင်အားစုများက အတည်ပြု ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၄,၁၄၆ ဦး ရှိပြီး အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ဦးရေမှာ ၅၀၀ ဝန်းကျင် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းများအရ သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရပ်သားများ သတ်ဖြတ်ခံရမှုမှာ ၃၀၀ ကျော်အထိရှိပြီး၊ ၎င်းတို့ထဲတွင် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၅ ဦး သေဆုံးခဲ့ရကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here