ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် တစ်ရက်အတွင်း ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

0
145
ပုံစာ- စစ်ကောင်စီလက်နက်ကြီးကြောင့် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် ၁ ဦးသေဆုံးခဲ့သည်။ (Photo-KNU)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများဆက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုများနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက် လုပ်ဆောင်နေသဖြင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး တချို့မှာ နေစရာနေရာမရှိသဖြင့် မိမိတို့ ရပ်ရွာတွင် စိုးရိမ်ထိတ်လန့်စွာ ဆက်လက်နေထိုင်ရသည်ဟု ကျောက်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ရှောင်တဲ့သူက ရှောင်တာပဲ၊ အမျိုးတွေဘာတွေ တဖက်ကမ်းမှာရှိတဲ့သူကတော့ သွားနေကြတာပေါ့။ သွားဖို့လာဖို့ အဆင်မပြေတဲ့သူကတော့ ရွာထဲကျန်နေခဲ့တယ်။ ဘယ်လိုပဲ ရင်ဆိုင်ရရင်ဆိုင်ရ ဘယ်သူက အကြာကြီးနှစ်ပေါက်အောင် ပြေးနေနိုင်မလဲ။ လက်နက်ကြီးပစ်တာနဲ့ အသားကျသလိုတောင် ဖြစ်နေပြီ၊ တိုက်ပွဲ ဖြစ်တယ်ဆိုလည်း ပုန်းကျင်းတွေထဲ ဝင်နေလို့ရသေးတယ်၊ အခုက အချိန်မရွေးပစ်နေတော့လေ ညတုန်းကလည်း ပစ်ချတာပဲ စစ်တောင်းမြစ်အနောက်ဖက်ကမ်းက ရွာတွေဘက်ပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၃၉ မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖြူးမြို့နယ် ကျော်လှကျေးရွာနေ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ -၂၆၄၊ ရွှေဝါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၀၇ တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောက်ကြီးမြို့နယ် ရွာကန့်လန့်ရွာ၊ မုန်းမြို့နယ် သနပ်ကွင်းရွာနှင့် ဖြူးမြို့နယ် နန္ဒမိတ်ရွာတို့မှ အသက် ၂ နှစ် အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကလည်း အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU ထိန်းချုပ်မှုအားကောင်းသည့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် အကြောင်းအမျိုးမျိုးဖြင့် စစ်ကောင်စီတပ်ဂိတ်စခန်းများကို ဖြတ်သန်းသွားလာပါကလည်း စစ်ဆေးမေးမြန်း၍ ဖမ်းဆီးခံရခြင်းများ ရှိနေပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းသည့်ဖြစ်စဥ် များပြားလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒေသခံတစ်ဦးက “ ရွာသားတွေ ဈေးသွားဝယ်တာ ဘာညာဆိုရင် ဘယ်ရွာကလဲမေး ကေအဲန်ယူ အားကောင်းတဲ့ဘက်က ရွာတွေကလာတယ်ဆိုတာနဲ့ ဆွဲစိခံရတယ်။ သူတို့(စစ်တပ်)အတွက် ဘာသတင်းမှ မရနိုင်ဘူးဆိုရင် မိသားစုဆီကို အကြောင်းကြားပြီး ပိုက်ဆံနဲ့ပြန်လာရွေးခိုင်းတယ်။ မဟုတ်ရင် အထဲမှာ ထည့်ထားတယ် သူတို့မှာအရင်းနဲ့အမြတ်ပဲ ရှိတယ်” ဟု လက်ရှိဒေသတွင်းအခြေနေကို ရှင်းပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်သို့ ဈေးသွားဝယ်သည့် ကျောက်ကြီးမြို့နယ် နတ်တလင်းကျေးရွာနေ ဒေသခံအမျိုးသမီး ၂ ဦး စစ်ကောင်စီ၏ ဖမ်းဆီး အကျဥ်းချထားခြင်း ခံခဲ့ရကြောင်း KNU ၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု အများအပြားရှိခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းတွင် အနည်းငယ်တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ လက်နက်ကြီးပစ်ခတ်မှုများ တကျော့ပြန် များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အာဏာသိမ်းယူမှု ၃ နှစ်နီးပါး ကာလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါးရှိခဲ့သလို ထိခိုက်သေဆုံးရသော အရပ်သားဦးရေ ၁၅၀ ထက်မနည်း ရှိနေပြီး စစ်ဘေးရှောင်ပြည်သူဦးရေ ၂ သိန်းကျော် ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏ ယခုနှစ်ဇူလိုင်လအထိ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here