“ရဲဘော်တွေမှာ ရုပ်ပိုင်းအရ ဒဏ်ရာရတာတွေရှိသလို၊ နောက်စိတ်ဒဏ်ရာတွေ အတွင်းပိုင်းဒဏ်ရာတွေလည်း ခံစားနေရတာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ အပြင်ပိုင်းဒဏ်ရာတွေကို ကုသပေးရသလို စိတ်ဒဏ်ရာတွေ ကိုတော့ တော်တော်လေးကုစားရခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်” CDF-Paletwa တာဝန်ရှိသူ ဆလိုင်းပေါလ်

0
141
ပုံစာ - တော်လှန်ရေးရဲဘော်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲ၊ စိန်ခေါ်မှုတွေရှိနေ။

တော်လှန်ရေးရဲဘော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး CDF-Paletwa ကတာဝန်ရှိသူ ဆလိုင်းပေါလ်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်အတွင်း စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိတာကြောင့် သေဆုံးမှုတွေ ရှိနေတယ်လို့ ချင်းတော်လှန်ရေး အင်အားစုများက ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ က အသက် ၁၉ နှစ် အရွယ် ရဲဘော်ဆလိုင်းဧနောင် နဲ့ အသက် ၂၅ နှစ်အရွယ် ဆလိုင်းမောင်မောင်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ပြုလုပ်တဲ့ ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ်မှာ ဖျားနာပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် ကျဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က CDF-Paletwa က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် တော်လှန်ရေးရဲဘော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး CDF-Paletwa က တာ၀န်ရှိသူ ဆလိုင်းပေါလ်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ CDF-Paletwa က ရဲဘော် ၂ ဦး ဆေးကုသမှုလုံလောက်စွာမရလို့ ကျဆုံးသွားတာနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောပြပေးပါလား။

ဖြေ။ ။ လွန်ခဲ့တဲ့လမှာ ကွန်မန်ဒိုအထူးသင်တန်း ပြုလုပ်ရင်းနဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူးဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူတို့မှာရှိတဲ့ ရောဂါအခံတွေလည်းပါတယ်။ ချက်ချင်း အော်ပရေးရှင်း မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲဖြစ်နေတော့ ခုလို့နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

မေး ။ ။ တော်လှန်ရေးရဲဘော်တွေ ဒဏ်ရာရတဲ့အခါမျိုးမှာ ဘယ်လိုကုသမှုတွေပေးနေပါလဲ။

ဖြေ။ ။ တချို့ကတော့ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိတယ်။ တချို့က ကျနော်တို့ မပြည့်စုံလို့ တီထွင်တဲ့မိုင်းတွေမှာ မတော်တဆမှုတွေကြောင့် မျက်စိတွေ၊ ခြေထောက်တွေ၊ လက်တွေ ထိခဲ့ရတာတွေ တော်တော်များပါတယ်။ ဒီလိုမျိုး ကြုံတွေ့ရတဲ့ ရဲဘော်တွေက အတတ်နိုင်ဆုံး ကျနော်တို့အဖွဲ့အစည်းက ဆေးဝါး ကုသမှု ပေးပါတယ်။ တချို့က ခုချိန်ထိ ခွဲစိတ်ကုသနေရတဲ့ ရဲဘော်တွေ ရှိပါတယ်။ ဒီလိုဒဏ်ရာရတဲ့ ရဲဘော်တွေမှာ ရုပ်ပိုင်းအရ ဒဏ်ရာရတာတွေရှိသလို၊ နောက်စိတ်ဒဏ်ရာတွေ အတွင်းပိုင်း ဒဏ်ရာတွေလည်း ခံစားနေရတာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ အပြင်ပိုင်းဒဏ်ရာတွေကို ကုသပေးရသလို စိတ်ဒဏ်ရာတွေ ကိုတော့ တော်တော်လေးကုစားရခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။

မေး။ ။ ဒီလိုဆေးဝါးကုသပေးတဲ့နေရာမှာ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရပါလဲ။

ဖြေ။ ။ အတတ်နိုင်ဆုံး ကုသပေးနိုင်တဲ့အဆင့်ပဲ ရှိပေမယ့်လည်း ဒီထက်ပိုပြီးမှ ဒီမျက်စိထိခိုက်တာတို့ ဘာတို့ဆိုရင် ကုန်ကျစရိတ် အများကြီး ကုန်မယ့် အော်ပရေးရှင်းလိုဟာမျိုးကို မလုပ်ပေးနိုင်တဲ့ အခက်အခဲတွေ ရှိပါတယ်။ ဒါက အဖွဲ့အစည်းက ခက်ခဲရတဲ့ ဘဏ္ဍာရေးအကြောင်းတွေကြောင့်လည်း ဖြစ်ပါတယ်။ တခြားတတ်နိုင်သလောက် ခွဲစိတ်ကုသပေးတဲ့ ရဲဘော်၊ ရဲမေတွေလည်း ရှိတယ်။ သူတို့ကိုလည်း နေရာအစီအစဉ် တကျ နေရာထားပေးပါတယ်။

တော်လှန်ရေးမှာ ဆက်ပြီးမှပါဝင်ချင်တဲ့ ရဲဘော်တွေဆိုရင် သူရဲ့ကဏ္ဍအလိုက် လုပ်နိုင်တဲ့နေရာမှာ ထပ်ပြီးမှ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။ နောက်တန်းလိုဟာမျိုးမှာ၊ တချို့ကြတော့ လုံးဝမရတော့တဲ့ တော်လှန်ရေးမှာ ဆက်ပြီးမပါဝင်နိုင်တော့ဘူးဆိုရင် ကျနော်တို့အဖွဲ့အစည်းကနေ မှတ်တမ်းလေး ထားပြီးတော့မှ သူကို အဆင်ပြေတဲ့နေရာမှာ ထားပေးထားတာ ရှိပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ရင်တော့ CDF ပလက်ဝဆေးဌာနမှာ အတော်အသင့် ကျနော်တို့ကုလို့ရတဲ့ ဆေးဆရာနဲ့ ဆေးတွေလည်း အတော်အသင့် သိုလှောင်ထားတာ ရှိတယ်။

အဓိက ပြောချင်တာက ကုသတဲ့ နေရာမှာ ရောဂါအခြေအနေ ပေါ်မူတည်ပြီးမှ ရောဂါအားဖြင့် ဓါတ်မှန်ရိုက်နိုင်တဲ့ စက်တွေလည်း မရှိဘူး။ အော်ပရေရှင်းလုပ်နိုင်တဲ့ နီးစပ်ရာလည်း မရှိဘူး။ အခု ကြုံတွေ့နေရတာက ဆရာဝန် လည်း မရှိသလို အော်ပရေးရှင်း လုပ်နိုင်တဲ့ဆေးရုံ၊ ဆေးခန်းလည်း မရှိခဲ့ဘူး။ နောက်တစ်ခုက အရေးပေါ် ဖြစ်လာတဲ့အချိန်မှာ ဆေးရုံးဆေးခန်းသွားရမယ့် လမ်းကြောင်းက အင်မတန်မှ ဝေးလှပါတယ်။ တပ်စခန်းရှိတဲ့ နေရာနဲ့ ခွဲစိတ်ဖို့ သွားမယ့်နေရာက အချိန်အားဖြင့် ၂ ရက်တိတိကြာပါတယ်။ အဲလိုအခြေအနေမှာ နောက်တန်းမှာ အချိန်မီ အော်ပရေးရှင်းမလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိပါတယ်။

မေး။ ။ CJDC လက်အောက်က ချင်းကာကွယ်ရေးအဖွဲ့တွေထဲက ဘယ်နှစ်ဖွဲ့လောက်က ဒီလိုအခက်အခဲတွေ ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ ချင်းပြည်နယ်အတွင်းမှာ CJDC အဖွဲ့ဝင်တွေလည်း ရှိတယ်။ CJDC မဟုတ်တဲ့ အခြားတော်လှန်ရေး အဖွဲ့ဝင်တွေလည်း ရှိပါတယ်။ အများအားဖြင့်တော့ မြို့နယ်အခြေခံ ဖွဲ့စည်းထားတာ ရှိသလို၊ တခြားဒေသ အဖြစ်ရော မျိုးနွယ်စုတွေအဖြစ်ရော ဖွဲ့စည်းထားတာ ရှိတယ်။ စစ်အာဏာရှင်ကို ဝိုင်းဝန်း တိုက်ထုတ်နေကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အားသာတဲ့ အဖွဲ့လည်းရှိသလို အားနည်းတဲ့အဖွဲ့လည်း ရှိပါတယ်။ ပလက်ဝလို ခက်ခဲတဲ့သူတွေဟာ ဥပမာအားဖြင့် တွန်းဇံတို့လို ဆန္ဒပြပွဲတွေတုန်းကလည်း အားနည်းပြီး တော်လှန်ရေးကို ဇီးရိုးကနေ စခဲ့ရတဲ့ အခြေအနေတွေပေါ့လေ။

ပြောရရင် ကန်ပက်လက်တို့၊ CDF ဒိုင်တို့ တော်တော်များများ အဖွဲ့တွေက အဆင်မပြေမှုတွေ ရှိတယ်။ အဲဒီအဖွဲ့တွေဟာ တော်လှန်ရေးကို လူငယ်လက်တဆုပ်စာကနေ စတင်ခဲ့ပြီး ပြုလုပ်တဲ့အဖွဲ့တွေဖြစ်လို့ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖော်ဆောင်ဖို့လည်း အများကြီး အခက်အခဲရှိသလို တဖက်မှာ စားဝတ်နေရေး ဆေးဝါးကုသရေး အဖက်ဖက်မှာ ရုန်းကန် နေရတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

မေး။ ။ လက်နက်ကိုင်တော်လှန်မှု ၂ နှစ်အတွင်းမှာ CDF ပလက်ဝအနေနဲ့ ထိခိုက်ဒဏ်ရာရနဲ့ ကျဆုံး ရဲဘော်တွေ ဘယ်လောက် ရှိခဲ့ပါလဲ။

ဖြေ။ ။ CDF ပလက်ဝမှာ မြင့်မြတ်စွာအသက်ပေးရတဲ့ သူရဲကောင်းတွေက ၉ ဦးရှိပါတယ်။ တခြား ဒဏ်ရာရ ရဲဘော်တွေဟာ ၁၅ ယောက်လောက် ရှိပါတယ်။ ၂ နှစ်ခွဲကာလမှာ ကျနော်တို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲ အမျိုးသမီးရဲမေတွေလည်း ပါဝင်ပါတယ်။

မေး။ ။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ရဲဘော်တွေအတွက် ဘယ်လိုအစီအမံတွေ ရှိပါလဲခင်ဗျာ။ မူဝါဒချထားတာ ရှိပါလား။

ဖြေ။ ။ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေအတွက် မူဝါဒကို သီးသန့်ကြီးတော့ရေးတာ မရှိဘူး။ ခုနက ပြောသလို ဆေးဝါးကုသမှုအပိုင်းတွေမှာ အဓိကလုပ်ပေးတာတော့ ရှိတယ်။ ဆေးဝါးကုသပြီးရင်တော့ သူတို့နေထိုင်ဖို့ အဆင်ပြေနိုင်မယ့် နေရာမျိုး၊ တော်လှန်ရေးကို ဆက်လက်လုပ်မယ်ဆိုရင် အဆင်ပြေနိုင်မယ့် နေရာမျိုး၊ မလုပ်နိုင်တဲ့တော့ဘူးဆိုရင် သူတို့ မိသားစုတွေရှိတဲ့ နေရာမျိုးမှာ ထားတဲ့ပုံစံပါပဲ။ သီးသန့်မူဝါဒရေးဆွဲ ထားတာတော့ မရှိပါဘူး။

မေး။ ။ တခြားဖြည့်စွက်ပြောကြားချင်တာ ရှိပါလားခင်ဗျာ။

ဖြေ။ ။ ဒဏ်ရာရရဲဘော်တွေမှာ ဒီ physical အရ ဒဏ်ရာရဲဘော်တွေကို ကုလို့ရတဲ့ဆေးဝါးနဲ့ ကုသတာမျိုးတွေ ရှိပါတယ်။ တော်လှန်ရေးက ၂ နှစ်ခွဲကို ရောက်လာချိန်ဖြစ်လို့ ဒီတော်လှန်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ခက်ခဲမှုတွေ၊ တချို့အထီးကျန်မှုတွေ၊ တချို့အဆင်မပြေမှုတွေလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့ ကိုယ်တိုင် ကြုံတွေ့နေရတဲ့အရာတွေ ဖြစ်ပါတယ်။ အဓိကအားပေးချင်တာက ကျနော်တို့ရဲ့ပန်းတိုင်ကို မမေ့ဖို့ပါ။ ကျနော်တို့ ပန်းတိုင်ရော၊ ကျနော်တို့ရှေ့မှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေရဲ့ ရည်မှန်းချက်၊ ပန်းတိုင်ကို လည်း ကျနော်တို့ရှိတဲ့သူတွေက အသက်ရှိသူတွေက အတတ်နိုင်ဆုံး ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ အဓိဌာန်ကို ချဖို့လိုတယ်။ မလျော့သောဇွဲနဲ့ တောင့်ခံသွားဖို့လိုတယ်။

အဲလိုပြောလို့ ကျနော်တို့က အာဏာသိမ်း စစ်ကောင်စီထက် ပိုခက်ခဲတယ်လို့ပြောတာ မဟုတ်ပါဘူး။ ကျနော်တို့ထက်တောင် သူ့တို့မှာခက်ခဲတဲ့ အပိုင်းတွေလည်းရှိပါတယ်။ ကျနော်တို့ထက် ပြည့်စုံတဲ့ အပိုင်းတွေ လည်း ရှိပါတယ်။ ကျနော်တို့ဘက်မှာလည်း သူတို့ထက်သာတဲ့ စိတ်ဓါတ်တွေ၊ စည်းလုံးမှုတွေ ရှိတယ်။ ဘာပဲပြောပြော ဒီတော်လှန်ရေးကာလမှာ ပေးဆပ်အနစ်နာခံရတဲ့အရာက တစ်ဦးတစ်ယောက်ထဲအတွက် မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံအတွက် ပေးဆပ်နေရတာဖြစ်သလို ကျနော်တို့ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံရတဲ့ ကျနော်တို့ ဘိုးဘေးတွေ၊ အဖေအမေတွေ အရာအားလုံးအတွက် တိုက်ပွဲဝင်နေရတာ ဖြစ်တယ်ဆိုတဲ့ ခံစားချက်နဲ့ ဒီကာလမှာ အတူတကွ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းပြီးတော့ တောင့်ခံပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here