“Su-30 SME အားသာချက်က… နေပြည်တော်ကနေ မြန်မာနိုင်ငံ ဘယ်နေရာကိုဖြစ်ဖြစ် သွားပြီး ဗုံးကြဲလို့ရတယ်။ တိုက်ခိုက်လို့ရတယ်ဆိုတဲ့ သူ့ရဲ့အားသာချက်တွေရှိတယ်။ သူက ပေါင် ၂၅၀ လို ဗုံးတွေကို ဗိုက်ထဲထည့်ပြီး ရာနဲ့ချီ ကြဲလို့ရတယ်။ အားနည်းချက်က ကုန်ကျစရိတ်ပိုများတယ်” CDM လေတပ် တပ်ကြပ်ကြီးဇေယျ

0
215
ပုံစာ - CDM လေတပ် တပ်ကြပ်ကြီးဇေယျ

ရုရှားနိုင်ငံကမှာထားတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ် ၂ စင်းနဲ့ပတ်သက်ပြီး CDM လေတပ် တပ်ကြပ်ကြီးဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်။

ရုရှားနိုင်ငံကမှာထားတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ် ၂ စင်း ပထမဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီးဖြစ်ကြောင်း စစ်ကောင်စီ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အတည်ပြုပြောကြားတယ်လို့ ရုရှားအစိုးရပိုင် RIA သတင်းမှာ ဖော်ပြပါတယ်။

Su-30SME ဖိုက်တာဂျက် ၆ စင်း ပေးပို့ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့အကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ လမှာ သဘောတူစာချုပ် ချုပ်ထားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပထမဆုံးအသုတ်အနေနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒါကြောင့် အသစ်ရောက်ရှိလာတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ်တွေရဲ့ အားသာချက်တွေနဲ့ လာမယ့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဘက်က ဘယ်လိုလေကြောင်း တိုက်ခိုက်မှုတွေကို ပြုလုပ်လာနိုင်လဲ၊ လေကြောင်းတိုက်ခိုက်မှုရန်အတွက် ရှောင်ရန်၊ ဆောင်ရန်တွေနဲ့ပတ်သက်ပြီး CDM လေတပ် တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံးစစ်ကောင်စီရဲ့ လေတပ်အခြေအနေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းကို ဘယ်လောက်အထိ အားထားလာနေရလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်တပ်က အစောကြီးတည်းက ဘာစစ်ရေးဗျူဟာ ကျွမ်းကျင်မှုမှ မရှိပါဘူး။ အဓိက သူတို့က လက်နက်အစုံနဲ့ ဖိတိုက်တာတို့၊ သာမန် ဘာလက်နက်မှမရှိတဲ့ လက်နက်ကိုင် EAO အဖွဲ့နဲ့ တိုက်တဲ့အချိန်မှာ သာလွန်အင်အားတွေနဲ့ဖိပြီး လက်နက်ပေါင်းစုံသုံးပြီး တိုက်နိုင်တဲ့အား၊ ကျည်တအားသုံးနိုင်တဲ့ အခြေအနေကြောင့်သာ ဒီကာလမှာ ဘာဖြစ်သွားလဲဆိုတော့ လေယာဉ်ကို တအား အားထားတဲ့အဆင့် ဖြစ်သွားတယ်။

ရိက္ခာခဲယမ်းပို့တာလည်း လေယာဉ်နဲ့ပဲ။ နောက်ဆုံးစစ်ပွဲမှာ လေယာဉ်မလာဘူးဆိုရင် အလွယ်တကူ လက်နက်ချလိုက်တဲ့ ပုံစံမျိုးလည်း ဖြစ်လာတာပေါ့။ ရန်သူ့စခန်းတွေကိုလည်း ကင်းထောက်တာကအစ လေယာဉ်နဲ့ပဲ။ ဒရုန်းတွေ၊ လေယာဉ်တွေပဲ ဒီလေတပ်ဟာတွေ အသုံးပြုပြီး လေကြောင်းက သူတို့အတွက် အရေးပါတဲ့ အနေအထားဖြစ်သွားတာပေါ့။

မေး။ ။ ရုရှားကနေ အသစ်ရောက်လာတဲ့ လေယာဉ်နှစ်စီးအကြောင်း ပြောပြပေးပါဦး။ အဲဒီလေယာဉ်ရဲ့ အားသာချက်၊ အားနည်းချက် ဘယ်လိုပါရှိလဲ။

ဖြေ။ ။ လေယာဉ်နှစ်စီးက ၂၀၂၂ တည်းက ပထမအသုတ်အနေနဲ့ ရောက်ပြီးသွားပြီပေါ့။ သူတိုထုတ်ပြန်တာ နောက်ကျတာပေါ့။ အမှန်က၂၀၂၂ မှာ ၂ စင်း၊ ၂၀၂၃ မှာ ၂ စင်း လာရမယ်လို့ ကျွန်တော်သိထားတယ်။ ဒီနှစ်မှာ လာမလား၊ လာမယ့်နှစ်မှာ လာမလား မသိ။ ၆ စီး ရောက်ဖို့ရှိတာ၊ နေပြည်တော်မှာ သူတို့လေ့ကျင့်တာ။ ခရီးရှည် နေပြည်တော်ကနေ ဟိုင်းကြီးကျွန်းကို ပတ်တယ်။ ဟိုင်းကြီးကျွန်းကနေ ရခိုင်ဘက်ကို ပတ်တယ်။ မကွေး၊ ဂန့်ဂေါကို ပတ်ပြီး နေပြည်တော် ပြန်ဆင်းဆိုတော့ တော်တော်ဝေးဝေးကို ပြန်ပတ်တယ်တဲ့သဘော တွေ့ရတယ်။

နေပြည်တော်ကနေ မြောက်ဘက် မြစ်ကြီးနား၊ ရှမ်းပြည်မြောက်ပိုင်းဘက်ကိုပတ်၊ အရှေ့ဘက်ကနေပတ် အဲဒီလိုကနေ လေ့ကျင့်တာဆိုတော့ နေပြည်တော်ကနေ မြန်မာနိုင်ငံ ဘယ်နေရာကိုဖြစ်ဖြစ် သွားပြီး ဗုံးကြဲလို့ရတယ်။ တိုက်ခိုက်လို့ရတယ်ဆိုတဲ့ သူ့ရဲ့အားသာချက်တွေရှိတယ်။ သူက ပေါင် ၂၅၀ လို ဗုံးတွေကို ဗိုက်ထဲထည့်ပြီး ရာနဲ့ချီ ကြဲလို့ရတယ်။ အားနည်းချက်က ကုန်ကျစရိတ် ပိုများတယ်။ သူ့မှာသုံးတဲ့ လက်နက်ခဲယမ်းတွေ ယူသုံးရမှာဆိုတော့ ဒေါ်လာတွေ ကုန်မယ်။

ရုရှားကနေဝယ်တာ တစ်နှစ်ပြည့်တာတောင် အခုချိန်ထိ သူတို့ မသုံးရသေးဘူး။ ပြပွဲလောက်ပဲ သူတို့ သုံးတယ်ပေါ့။ ဒီစစ်ပွဲမှာ စရိတ်စက သက်သာတယ်။ လေယာဉ်အားသာချက်က နေပြည်တော်ကနေ ကြိုက်တဲ့နေရာ ဗုံးကြဲတိုက်ခိုက်လို့ရတယ်။ ဗုံးပမာဏကို အရေအတွက်တွေ အများကြီး ထည့်သုံးလို့ရတယ်။ သုံးဖို့ ကုန်ကျစရိတ်များနေတော့ သူတို့ သုံးမှာမဟုတ်ဘူး။ လာမယ့် ပွင့်လင်းရာသီကတော့ လေယာဉ်ကတော့ သုံးတော့သုံးလိမ့်မယ်။

စစ်ပွဲက ရှည်ကြာလာတယ်။ သူတို့ရဲ့ ဗုံးထုတ်လုပ်နိုင်တဲ့ ကန့်သတ်ချက်တွေ ရှိလာတယ်။ ဗုံးအတွက် ကုန်ကြမ်းတွေက ဒေါ်လာနဲ့ ဝယ်ရတယ်။ အများကြီးပဲ သူတို့အတွက် ကုန်ကျစရိတ်တွေက များတယ်။ ဒီမိုးတွင်းကာလလည်း လိုအပ်နေတာဖြစ်တယ်။ နေသာရင် သူတို့နောက်က ဗုံးက ထုတ်တဲ့အခါ အလျင်မမီရင် ပေါင် ၂၅၀ ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေဆိုရင် သူတို့ထုတ်ဖို့ အလျင်မမီတော့ သူတို့ဗုံး ၁၂၀ တို့ ၅၀ ကေဂျီတွေ ထုတ်ဖို့လွယ်တဲ့ဟာတွေ ပွင့်လင်းရာသီမှာ သုံးလာနိုင်တယ်။

ဗုံးတွေက ကပစက ထုတ်တော့ ပြင်းအားလည်း မရှိဘူး။ လက်ရှိအချိန်ကတော့ သမာရိုးကျဗုံးပဲ သုံးတယ်။ သူတို့စခန်းက လူတွေ အလွယ်တကူ လက်နက်မချအောင်လို့ လေယာဉ်ပစ်ကူပေးတယ်ဆိုတဲ့ စိတ်ဓာတ် စစ်ဆင်ရေးအရ ဒီဘက်ကို လေယာဉ်လာပြီး ဗုံးကြဲတယ်ဆိုတဲ့ အကြောက်တရားကို ဖိပေးတဲ့ပုံစံမျိုးလောက်ပဲပေးတာ။ ထိရောက်သလားဆို တအားကြီး မထိရောက်ဘူး။ သူတို့သာ လေကြောင်းဗုံးကြဲမှု ထိရောက်ရင် ကျွန်တော်တို့လူတွေ ဒီလောက်အထိ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲ။

မေး။ ။ ဒီလေယာဉ်တွေကို ခုခံလို့မရဘဲ ကာကွယ်လို့ပဲ ရနိုင်မယ့် အခြေအနေဆိုတော့ စစ်ရှောင်တွေ၊ ကာကွယ်ရေး တပ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်သင့်လဲ။ အကြုံပြုပေးပါဦး။

ဖြေ။ ။ အရပ်သားပြည်သူတွေ စစ်ပွဲဧရိယာထဲက ဒေသကလူတွေက အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားရမှာပေါ့။ ထမင်းခြောက်တွေ၊ ဘာတွေ ဒါတွေက မဖြစ်မနေ လုပ်ရမှာပေါ့။ လေယာဉ်ကို ကာကွယ်ဖို့က တိုက်ခိုက်နိုင်စွမ်း မရှိသေးတဲ့အတွက် သာမန်အရပ်သား စစ်ရှောင်တွေကတော့ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်။ PDF စခန်းတွေလည်း ဘန်ကာအခိုင်အမာနဲ့ ဆောက်ထားသင့်တယ်။

ဒရုန်းတပ်တွေက လက်ရှိ PDF တပ်တွေရဲ့ လေတပ်ပေါ့နော်။ လေတပ်တွေကို တိုက်ခိုက်တဲ့ စနစ်တကျ သင်တန်းပေးပြီး သူတို့ ရန်သူလေတပ်ရဲ့ အမူအကျင့်၊ လေယာဉ်တိုက်ခိုက်တဲ့နည်းတွေကို စနစ်တကျ သင်ကြားပေးတာမျိုးတွေ ရှိသင့်နေပြီ။ ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ထားသင့်တယ်။ ဆီသယ်တဲ့ လမ်းကြောင်းတွေ ဖြတ်တိုက်ခိုက်ဖို့တွေက မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေပေါ့။

မေး။ ။ နိုင်ငံတကာအနေနဲ့ အခုလိုစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် အရေးမယူသေးတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုလိုပါလဲ။

ဖြေ။ ။ နိုင်ငံတကာက ပြည်သူဘက်ကို ရပ်တည်ပါတယ်ဆိုပြီး အပြလောက်ပဲ လုပ်တာ။ လေယာဉ်ဆီကိစ္စဆိုရင်လည်း လေတပ်အတွက်ဆိုပြီး ပြောဝယ်မှာ မဟုတ်ဘူး။ နိုင်ငံတကာဆိုတာလည်း အမျိုသား အကျိုးစီးပွားကို ရှေးရှုတာဖြစ်လို့ ဒီမိုကရေစီက လူသာချင်းစာနာမှုစနစ်တွေနဲ့ သွားတဲ့နိုင်ငံဖြစ်လို့ သူတို့ ဒီဘက်ကို ထောက်ခံတယ်၊ ကူညီတယ်ဆိုတာ အပြလောက်ပဲ။ တကယ်တမ်းက သူတို့အကျိုးစီးပွားလောက်ပဲ လုပ်တယ်လို့ မြင်တယ်။

ကျွန်တော်တို့ဆီမှာ သူတို့အကျိုးစီးပွား သိပ်မရှိတဲ့အတွက် သူတို့က စာရွက်ပေါ်လောက်ပဲ ကူညီနေတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှထွေထွေထူးထူး ပြောစရာမလိုဘူး။ နိုင်ငံတွေမှာလည်း သူ့တို့အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တာဖြစ်လို့ ဘာမှထွေထွေထူးထူး ပြောစရာမလိုဘူး။ နိုင်ငံတကာကတော့ ဝမ်းနည်းကြောင်း စိုးရိမ်ကြောင်းလောက်ပဲ အများစုက လုပ်နေတာလို့ ကျွန်တော်က အဲဒီလိုမြင်တယ်။ မတရားမှုကို လက်ပိုက်ကြည့်နေရင် သူတို့ဆီလည်း မတရားမှုက ဖြစ်လာမှာ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here